လျှပ်စစ်ကားများနဲ့တန်းတူ ဖွံ့ ဖြိုးတိုးတက်လာတဲ့ ဘက်ထရီနည်းပညာများ

လျှပ်စစ်ကားများနဲ့တန်းတူ ဖွံ့ ဖြိုးတိုးတက်လာတဲ့ ဘက်ထရီနည်းပညာများ

ယနေ့ကမ္ဘာကြီးမှာ ကာဗွန်ထုတ်လွှတ်မှုလွန်စွာမြင့်တက်လာတာနဲ့အမျှ  ရာသီဥတုပြောင်းလဲမှုသည်လည်း တစ်နေ့တခြား ပိုမိုဆိုးရွား လာနေပါတယ်။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် နောင်တစ်ချိန်မှာ ကမ္ဘာကြီးတစ်ခုလုံး အပူလွန်ကဲပြီး မီးလောင်သွားရမယ့် အခြေအနေရှိနေပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်များက လူသားတွေအနေနဲ့ ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချဖို့အတွက်   တိုက်တွန်းမှု တွေလုပ်ဆောင်ခဲ့ရာမှာ အစိုးရအသီးသီးကလည်း  စွမ်းအင်ကို  ပြောင်းလဲအသုံးပြုနိုင်ရေး အတွက်ကြိုးပမ်းလာ ကြပါ တော့တယ်။

ကာဗွန်ထုတ်လွှတ်မှုအများဆုံးက သယ်ယူပို့ဆောင်ရေး လုပ်ငန်းသုံးယာဉ်တွေဖြစ်ပြီး အထူးသဖြင့် မော်တော်ကားတွေ ထုတ်လွှတ် တဲ့   ကာဗွန်ဓာတ်ငွေ့က အများဆုံးဖြစ်နေပါတယ်။

ဒီအတွက် ရုပ်ကြွင်းလောင်စာများဖြစ်တဲ့ ဓာတ်ဆီတို့၊ ဒီဇယ်တို့လို  စွမ်းအင်တွေ အသုံးပြုနေတဲ့ယာဉ်တွေနေရာမှာ လျှပ်စစ် စွမ်းအင် အသုံးပြုတဲ့ယာဉ်တွေ အသုံးပြုနိုင်ဖို့ အစိုးရဘက်ကလည်းတိုက်တွန်းအားပေးမှုတွေပြုသလို ပြည်သူတွေကလည်း သူတို့တတ်နိုင်တဲ့  ငွေကြေးအတိုင်းအတာနဲ့ လျှပ်စစ်ကားတွေကို ဝယ်ယူစီးနင်းလာကြပါတယ်။

အခုအချိန်မှာတော့ ကမ္ဘာ့မော်တော်ကားဈေးကွက်မှာ လျှပ်စစ်ကားဈေးကွက်က ရှေ့ဆုံးကနေ နေရာယူလာနေတာကိုလည်း တွေ့ရပါတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ လျှပ်စစ်ကား အသုံးပြုမှု မြင့်တက်လာတာနဲ့အမျှ စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီလိုအပ်ချက်ကလည်း  မြင့်တက်လာပါတယ်။

အရင်တုန်းကလျှပ်စစ်ကားတချို့ဟာ တစ်ကြိမ်အားသွင်းထားရင် မိုင် ၁၀၀ ကျော် ၂၀၀ လောက်သာသွားနိုင်ပါတယ်။ အခုတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ဘက်ထရီတွေကြောင့် တစ်ကြိမ်အားသွင်းတာနဲ့ မိုင် ၃၀၀ ကျော် ၄၀၀  လောက်အထိ သွားလာနိုင်ပါပြီ။

အခုဆိုရင် သိပ္ပံပညာရှင်များရဲ့တီထွင်ဖန်တီးမှုကြောင့် တစ်ကြိမ်အားသွင်းထားရုံနဲ့ မိုင် ၆၀၀ ကျော်အထိ ခရီးသွားနိုင်စေမယ့် ဘက်ထရီထွက်ပေါ်လာပါပြီ။

တစ်ကြိမ်အားသွင်းရုံနဲ့ မိုင် ၆၀၀ အထိ သွားနိုင်စေမယ့် ဘက်ထရီအသစ်

ဒီဘက်ထရီအသစ်ကို တီထွင်ထုတ်လုပ်လိုက်သူများကတော့ ကမ္ဘာ့လျှပ်စစ်ကား တော်တော်များများ မှီခိုအားထားနေရတဲ့ CATL ကုမ္ပဏီပဲ ဖြစ်ပါတယ်။

CATL ကုမ္ပဏီဆိုတာ ၂၀၁၁ ခုနှစ်ကတည်းက စတင်တည်ထောင်ထားတဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်ကာ လျှပ်စစ်ကားများနဲ့ စွမ်းအင် သိုလှောင်မှု စနစ်များအတွက် လီအိုင်းယွန်းဘက်ထရီများကို အဓိကထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

အခုစွမ်းဆောင်ရည်မြင့်ဘက်ထရီကိုတော့ ကျီလင်းလို့နာမည်ပေးထားပါတယ်။ ဒီဘက်ထရီဟာ CATL ကုမ္ပဏီအတွက် တတိယ မျိုးဆက် ဘက်ထရီဖြစ်ပြီး စီးပွားဖြစ် အမြောက်အမြားထုတ်လုပ်မှုကိုတော့ လာမယ့်နှစ်မှာ စတင်သွားမယ်လို့ဆိုပါတယ်။

လက်ရှိကမ္ဘာပေါ်မှာ ရေပန်းအစားဆုံးလျှပ်စစ်ကားက တက်စလာဖြစ်ပါတယ်။ သူ့မှာနောက်ဆုံးအသုံးပြုထားတဲ့ ဘက်ထရီက 4680 ဘက်ထရီဖြစ်ပါတယ်။

ကျီလင်းကတော့ 4680 ဘက်ထရီနဲ့အရွယ်အစားတူ၊ အသုံးပြုတဲ့ဓာတုစနစ်တူတာတောင်မှ 4680 ထက် စွမ်းဆောင်ရည် ၁၃ ရာခိုင်နှုန်း ပိုမြင့်တဲ့အပြင် ခရီးဝေးသွားနိုင်မှုပမာဏ၊  အမြန်အားသွင်းစနစ်၊ ဘေးကင်းစိတ်ချမှု၊ အသုံးပြုနိုင်တဲ့သက်တမ်း၊ အကျိုး ရှိမှုနဲ့ အပူချိန်ကျဆင်း နေချိန်စွမ်းဆောင်ရည် အပိုင်းတို့မှာလည်း 4680 ထက်ပိုကောင်းတယ်လို့ ဆိုထားပါတယ်။

ကျီလင်းဘက်ထရီထဲမှာ ဘက်စုံသုံးအလွှာတစ်ခုပါဝင်ပါတယ်။ အဲဒီအလွှာထဲမှာ အအေးပေးအရည် အသုံးပြုသတ္တု ပြားလည်း ပါဝင် ပါတယ်။ ဘက်ထရီကို အအေးပေးတဲ့စနစ်က အဲဒီသတ္တုပြားများကို ဘက်ထရီပြားလေးတွေကြားမှာ နေရာချထားပေးပြီး မျက်နှာပြင် တစ်ခုလုံး အအေးပေးတဲ့စနစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် အပူကူးပြောင်းတဲ့ဧရိယာကို သာမန်ထက် လေးဆပိုမိုကျယ် ပြန့်လာစေပြီး အပူထိန်းချုပ်မှု အချိန်ကိုလည်း ထက်ဝက်လောက်လျှော့ချလိုက်နိုင်ပါတယ်။

ဒီအတွက် အလွန်ဆိုးဝါးတဲ့ အခြေအနေမျိုးမှာတောင်မှ ဘက်ထရီရဲ့အပူချိန်ကို အလွန်လျင်မြန်စွာ လျှော့ချပေးလိုက်နိုင်တဲ့အပြင် ဘက်ထရီ ပြားများကြား ပုံမှန်မဟုတ်တဲ့အပူစီးကူးမှုကိုလည်း တားဆီးပေးနိုင်ပါတယ်။

လက်ရှိမှာတော့ ဘယ်လျှပ်စစ်ကားကုမ္ပဏီက သူတို့ရဲ့မျိုးဆက်သစ်ဘက်ထရီကို အမှာတင်ထားတယ်ဆိုတာနဲ့ပတ်သက်ပြီး CATL ကုမ္ပဏီက  ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ကုန်ကျစရိတ်နည်းနည်းနဲ့ ဘေးကင်းမှုပိုရှိမယ့် ရေအခြေခံဘက်ထရီ

ဘက်ထရီတွေအားပိုခံလာတာနဲ့အမျှ လျှပ်စစ်ကားတွေကိုလည်း ပိုပြီးတော့ လူကြိုက်များလာမှာဖြစ်ပါတယ်။ ဒါဆိုရင် လျှပ်စစ် ကားများအတွက်  ဘက်ထရီလိုအပ်ချက်ကလည်း မြင့်တက်လာမှာ အမှန်ပါ။ တစ်ဖက်ကလည်း ဘက်ထရီ လိုအပ်ချက် မြင့်တက် လာမယ်။ တခြားတစ်ဖက်မှာကျတော့လည်း ဘက်ထရီအတွက် ကုန်ကြမ်းပစ္စည်းရှားပါးလာနိုင်တာကြောင့် ဘက်ထရီဈေးနှုန်း တွေ ဟာ မြင့်မားလာနိုင်ပါတယ်။

ဒါဆိုရင်  လျှပ်စစ်ကားဈေးနှုန်းများသည်လည်း မဖြစ်မနေတက်လာရမှာဖြစ်ပြီး သာမန်လူတန်းစားတစ်ရပ်အနေနဲ့ လျှပ်စစ်ကားကို ဝယ်မစီးနိုင်တဲ့ အထိဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းသာဖြစ်ခဲ့ရင် ကမ္ဘာကြီးမှာကာဗွန်ထုတ်လွှတ်မှုက ဆက်လက်မြင့်တက် နေဆဲဖြစ် နေမှာပါ။

ဒီအခက်အခဲကို ကျော်လွှားဖို့အတွက်ဆိုရင် လက်ရှိအသုံးပြုနေတဲ့လီအိုင်းယွန်းဘက်ထရီများနေရာမှာ သူနဲ့အရည်အသွေးတူပြီး ကုန်ကျစရိတ်သက်သာမယ့် ဘက်ထရီတစ်မျိုး မဖြစ်မနေလိုအပ်ပါလိမ့်မယ်။

ဘော်စတွန်အခြေစိုက် တက်သစ်စနည်းပညာကုမ္ပဏီ Alsym Energy က အားပြန်သွင်းနိုင်တဲ့ ဘက်ထရီအမျိုးအစားတစ်မျိုးကို ထုတ်ဖော် ပြသလိုက်ပါတယ်။ အဲဒီဘက်ထရီက လက်ရှိကမ္ဘာတစ်ဝန်း အများဆုံးအသုံးပြုနေတဲ့ လီအိုင်းယွန်းဘက်ထရီများလိုပဲ စွမ်းဆောင်ရည် ပြည့်ဝတယ်လို့ဆိုပေမယ့်  ကုန်ကျစရိတ်ကတော့ လီအိုင်းယွန်းများထက်  ထက်ဝက်နီးပါး သက်သာနေပါတယ်။

ဒီလိုဈေးသက်သာနေရတဲ့ အကြောင်းရင်းကတော့ အလွယ်တကူရရှိနိုင်တဲ့မန်ဂနိနဲ့ သတ္တုအောက်ဆိုက်တို့လိုမျိုး ကုန်ကြမ်း ပစ္စည်း တွေကို အသုံးပြု ထားတာကြောင့်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အဓိကကျတဲ့ အကြောင်းရင်းကတော့ အဲဒီဘက်ထရီကို ရေအခြေခံပြီး ထုတ်လုပ်ထားလို့ပါပဲ။

ဒီလိုအခြေအနေတွေကြောင့် အခုဘက်ထရီအသစ်ဟာ လီအိုင်းယွန်းဘက်ထရီများနဲ့ယှဉ်ရင် ဘေးကင်းစိတ်ချရမှုလည်း ပိုကောင်း တာကိုတွေ့ရပါတယ်။ လီအိုင်းယွန်းဘက်ထရီများက အလွယ်တကူမီးလောင်နိုင်စွမ်းရှိတယ်။ သူ့အတွက်လိုအပ်တဲ့ သတ္တုတွေကို တူးဖော်ရမှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေတယ်။ ရေအခြေခံဘက်ထရီမှာတော့ အဲဒီဆိုးကျိုးတွေအားလုံးကို ကျော်လွှား သွားနိုင်ပါပြီ။

အဲဒါတွေအပြင် ရေအခြေခံဘက်ထရီက အပိုဆောင်းအနေနဲ့  ထပ်ပေးနိုင်မယ့်ကောင်းကျိုးကတော့ သူ့ကိုထုတ်လုပ်ရာ မှာ အဆိပ် မသင့်စေတဲ့ ကုန်ကြမ်းပစ္စည်းများကိုသာ  အသုံးပြုထားတဲ့အတွက် ဘယ်လိုနည်းနဲ့မဆို  ပြန်လည်အသုံးပြုလို့ ရတာပါပဲ။ ဒါတင်ပဲ လားဆိုတော့မဟုတ်ပါဘူး။ ရေအခြေခံဘက်ထရီက မီးလောင်နိုင်တဲ့အရာတွေ မဟုတ်တဲ့အတွက် လီအိုင်းယွန်းဘက်ထရီတွေလိုမျိုး  မီးမလောင်အောင် အပိုဆောင်းကာကွယ်မှုတွေလည်း မလိုအပ်ပါဘူး။ ဒီအတွက် ကုန်ကျစရိတ်ကိုသက်သာစေပြန်ပါတယ်။

လက်ရှိစမ်းသပ်ချက်တွေသာ အစီအစဉ်အတိုင်းဖြစ်သွားပြီဆိုရင်တော့ Alsym Energy အနေနဲ့ အဲဒီဘက်ထရီတွေ စမ်းသပ် ထုတ်လုပ်မှုကို  လာမယ့် နှစ်အစောပိုင်းမှာ စတင်မှာပါ။ စီးပွားဖြစ်အတွက် အမြောက်အမြား ထုတ်လုပ်မှုကိုတော့ ၂၀၂၅ ခုနှစ်မှသာ လုပ်ဆောင် မှာဖြစ်ပါတယ်။

ဒီဘက်ထရီရဲ့ အောင်မြင်မှုဟာ လီအိုင်းယွန်းဘက်ထရီများရဲ့ စံချိန်ကို ရိုက်ချိုးသွားနိုင်ပေမယ့်လည်း ကုမ္ပဏီကတော့ သူတို့ရဲ့ ဘက်ထရီကို ဝင်ငွေနည်း ဒေသများအတွက်သာ ဦးစားပေးရည်မှန်းထားတယ်လို့ ဆိုထားပါတယ်။                                         

Ref: IE

ကိုထက်