ဒူးနာရောဂါအကြောင်းသိကောင်းစရာ

စာရေးသူ၏ဆရာသမား အသက် ၇၀ ကျော် ဆရာကြီးတစ်ဦးမှာ မတွေ့တာကြာပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်ပိုင်းက ဆရာကန်တော့ ပွဲတစ်ခုတွင် ဆုံတွေ့သည့်အခါမှ မတွေ့တာကြာပြီဖြစ်သည့် အကြောင်း  နေကောင်းပါရဲ့လားဟု မေးမြန်းရာ လူကတော့ နေကောင်း ပါတယ်။ ဒူးနှစ်ဖက်က မကောင်းလို့၊ သိပ်အဆင်းအတက်မလုပ်နိုင်လို့ အပြင်မထွက်တာကြာပါပြီဟုပြောသည်။ ထိုဆရာကြီးသည် ပင်စင်ယူပြီးနောက် မြို့ပြင်ရပ်ကွက်ရှိ မိမိရရှိထားသော မြေကွက်ကလေးကိုရောင်းချပြီး သမီးဖြစ်သူနှင့်အတူ မြို့တွင်းရှိ အထပ်မြင့် တိုက်ခန်းတစ်ခုတွင် နေထိုင်သည်။ သူတို့ငွေနှင့်ဝယ်ယူနိုင်သောတိုက်ခန်းမှာ လေးလွှာဟုခေါ်သော်လည်း အထပ်မှာ ငါးထပ်တွင် နေထိုင်ရခြင်းဖြစ်သည်။

ပထမနှစ်ပိုင်းများက တက်နိုင်ဆင်းနိုင်ရှိသော်လည်း နောက်ပိုင်းအသက်၇၀ ကျော်လာသောအခါ ဒူးဆစ်များမှာ အဆီခန်းသည့် ရောဂါစွဲကပ်လာပြီး ဒူးနာသဖြင့် အဆင်းအတက် သိပ်မလုပ်နိုင်တော့ပေ။ အလွန်အရေးကြီးသည့် ကိစ္စရှိမှသာ အဆင်းအတက် လုပ်တော့သည်။ သက်ကြီးရွယ်အိုများတွင် အဖြစ်များဆုံးရောဂါမှာ ဒူးနာရောဂါပင်ဖြစ်သည်။ ဆရာဝန်ကြီးများ၏ အထူးကု ဆေးခန်းများတွင် ဖြစ်စေ၊ တိုင်းရင်းဆေးကုခန်းများတွင်ဖြစ်စေ သက်ကြီးလူကြီးနာအဖြစ် လာရောက်ပြသသောရောဂါမှာ ဒူးနာ ရောဂါဖြစ်သည်။ ဝသောသူများတွင် အဖြစ်များသောရောဂါဟုဆိုသော်လည်း တစ်ခါတစ်ရံ ခန္ဓာကိုယ်အနေအထားအတန်အသင့် မပိန်မဝ လူကြီးများတွင်လည်း ဒူးနာရောဂါစွဲနေသည်ကို တွေ့ရတတ်သည်။ စူးစမ်းမိသမျှ ထိုလူကြီးများသည် အထပ်မြင့် တိုက်များ တွင်နေထိုင်ပြီး လှေကားအဆင်းအတက် ပြုလုပ်ရသူများဖြစ်ကြောင်း တွေ့ရှိရသည်။

ဒူးနာရောဂါဖြစ်ပြီဆိုလျှင် ရေရှည်ကုသရပြီး ပျောက်ကင်းရန်ခက်ခဲသည်။ ကုသမှုအတွက် ဆေးခန်းသွားရလာရနှင့် အချိန်ကုန် ငွေကုန်ဖြစ်ရသည်။ ငွေကုန်သလောက် ပျောက်ကင်းမှုမှာ အားရစရာမရှိသည်ကို တွေ့ရတတ်သည်။

ဒူးနာမဖြစ်အောင် ကာကွယ်နည်း

အသက်ကြီးသူများအနေဖြင့် လှေကားအဆင်းတွင် ဂုန်ညင်းရှိ အရွတ်ကြောနှစ်ခုက အထက်သို့ပင့်ပေးထားရသဖြင့် ဒူးအတွင်းမှ ချောဆီအထွက်နည်းလျှင် ရောင်ပြီးနာတတ်သည်။

အချို့လူကြီးများတွင် ဒူးဆစ်ရောင်ပြီး အရည်အိတ်ဖြစ်နေတတ်သည်။ အရည်အိတ်အလွန်ကြီးလျှင် ခွဲစိတ်ကုသရပြီး အထဲမှ အရည်များကို စုပ်ထုတ်ပစ်ရတတ်သည်။ ထိုသို့ ခွဲစိတ်ကုသထားသူများသည် လှေကားအဆင်းအတက်မလုပ်သင့်ပါ။ အထူးသဖြင့် ၁၂ ထစ်ထက်ကျော်သော လှေကားများကို လုံး၀ အဆင်းအတက်မလုပ်သင့်ပါ။ ဒူးနာရောဂါရှိသူ လူကြီးများသည် အနောက်တိုင်း နည်းအရ အဆင်းအတက်အသွားအလာပြုရာတွင် ဒူးစွပ်ကိုစွပ်ထားသင့်သည်။ မတင်းမကျပ်လွန်းသော ဒူးစွပ်ကို ရွေးချယ်ရမည်။ အလွန်တင်းကျပ်လျှင် တံကောက်ကွေးသွေးကြောပိတ်ပြီး အောက်ပိုင်း ခြေခုံရောင်တတ်သည်။

တိုင်းရင်းနည်းဖြင့် ဒူးနာသက်သာစေသောနည်းမှာ မုန်ညင်းဆီစစ်စစ်ကို  အဆင်းအတက်မပြုမီနှင့် ပြုပြီးတိုင်း ဒူးထဲစိမ့်ဝင်အောင် လိမ်းပေးခြင်းဖြစ်သည်။ မုန်ညင်းဆီသည်  ဒူးအရွတ်ကိုပျော့စေပြီး ဒူးနာ သက်သာစေနိုင်သည်။ မုန်ညင်းဆီကို အသုံးမပြုမီ မီးဖြင့် ကျက်အောင် ချက်ပြီး အသုံးပြုလျှင် ပိုကောင်းသည်။ ရှေးနည်း အရ မုန်ညင်းဆီ  ၂ ကျပ်ခွဲသားကို ကြေးဖလားတွင် ထည့်ပြီး လိမ်းခါနီးတိုင်း မီးဖြင့်အပူပေး၍ ခပ်နွေးနွေး လိမ်းရသည်။ ဒူးကိုက်လျှင် ချင်းတက်လက်နှစ်ဆစ်ခန့်ကို ထုပြီး မုန်ညင်းဆီတွင်ထည့်၍ မီးဖြင့်ဆူအောင် ချက်ပါ။ ခပ်နွေးနွေးဒူးတွင်လိမ်းပြီး အဝတ် သို့မဟုတ်ပတ်တီးဖြင့်စည်းထားလျှင် ဒူးကိုက်သက်သာနိုင်သည်။

ကိုယ်ရံကြီးဂမုန်းပင်နှင့် ဒူးနာရောဂါ

ကိုယ်ရံကြီးဂမုန်းပင်သည် ရေမြောင်းဘေး၊ ရေအိုင်၊ ရေဝပ်သောနေရာများတွင် အလေ့ကျပေါက်သော အပင်မျိုးဖြစ်ပြီး အလွန်ပွား လွယ်သည်။ အရွက်မှာ အစိမ်းရောင် ရှည်လျားသော အရွက်မျိုးဖြစ်သည်။ ဒူးနာ၊ ခါးနာဖြစ်လျှင် အရွက်ကိုပျော့အောင်မီးကင် နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီသုတ်ပြီး ပတ်စည်းထားလျှင် သက်သာစေနိုင်သည်။

ကိုယ်ရံကြီးပင်သည် ခတ္တာမျိုးရင်းဖြစ်ပြီး အင်္ဂလိပ်အမည် (Lily Poison Bulb)  ဟုခေါ်သည်။ poison စကားလုံးပါသဖြင့် အဆိပ်ရှိသော အပင်မျိုးဖြစ်သည်။  ကျွဲ၊ နွားများ  သူတို့အသိနှင့်သူတို့မစားကြ၊  ရှောင်သွားကြသည်။ (အဆိပ်ပင်လော၊ ဆေးပင်လော။ အဆိပ်ရှိသော အပင်သည် ဆေးဖက်ဝင်သောအပင်ဖြစ်သည်။)

ကိုယ်ရံကြီးပင်၏အပွင့်မှာ အဖြူဖြစ်ပြီး အခိုင်လိုက် ပွင့်သည်။ အလွန်လှပသည်။ ခရမ်းရောင်ပွင့်သော အပင်လည်းရှိသည်။ ထိုအပင်ကို တောခတ္တာဟုလည်း ခေါ်ကြသည်။ ရခိုင်ဘက်တွင် ရေထုတ်ပင်ဟုလည်းခေါ်သည်။ အပင်ရင်းမှအဖတ်ကို လျှော်ပင် ကဲ့သို့ခွာပြီး ကတော့ပြုလုပ်ပြီး ရေထည့်ကာ အထုပ်ပြုလုပ်၍ သင်္ကြန်တွင် ရေကစားသည်ဟု ဆိုသည်။

ဒူးနာရောဂါရှိသူတစ်ဦးသည် ထိုင်ပြီးပြန်မထနိုင် ဆွဲထူမှထရသည်။ အရိုးအဆစ်အထူးကုနှင့်ပြသည်။ ဓာတ်မှန်ရိုက်သွေးစစ် အဖြေ ကတော့ ဥဗ ခေါ် အရိုးပါးရောဂါဝင်နေပြီး ဒူးထဲကအရွတ် ကလေးကလည်းပါးနေသည်။ ကျီးပေါင်းလည်းရှိနေပြီဟု ဆိုသည်။ အရိုးအဆစ်ကုဌာနမှာ လေ့ကျင့်ခန်း လုပ်ခိုင်းသည်။ စားရမည့်ဆေးများလည်း ပေးပါသည်။ 

နှစ်လ သုံးလ ကြာသော်လည်း ကောင်းမလာပါ။ နောက်ဆုံး အရွတ်ထဲဆေးထိုးထည့်ရမည်ထင်သည်ဟု တူမ ဆရာဝန်မလေး ကပြောတော့  အလွန်ကြောက်သွားမိသည်ဟုဆိုသည်။ တစ်နေ့တွင် သူ့ကဲ့သို့ဒူးနာ၍ တုတ်ကောက်နှင့်သွားနေသော အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦးနှင့် သွားတွေ့သည်။ သူညွှန်းသဖြင့် လမ်းဘေးရေမြောင်း အစပ်တွေမှာ တွေ့တွေ့နေတဲ့ ကိုယ်ရံကြီးပင်က အရွက်ကိုမီးကင်၊ နှမ်းဆီသုတ်၊ ဒူးမှာအဝတ်နှင့်ပတ်စည်းထား တစ်နေ့ကို နှစ်နာရီသုံးနာရီလောက်စည်းပေးတာ သူကယားလာတယ်။ ယားရင်ဖြေပစ်လိုက်တယ်။  ငါးရက်လောက် စည်းပြီး  နောက်ပိုင်း  ဒူးဆစ်ကြီးပြီးရောင်နေတာ အရောင်ကျသွားတယ်။ အတွင်းက နာတာလည်း အလျှင်း မပျောက်သေးပေမယ့် သက်သာသည်ဟု ပြောပါသည်။

(ကိုယ်ရံကြီးရွက်စည်းလျှင် လောင်တတ်သဖြင့် နှစ်နာရီသုံးနာရီထက် ပိုမစည်းသင့်ပါ။ ဒူးတွင် ဆေးစည်းပြီးနောက် ရက်ကြာလျှင် ယားပိန့်အဖုလေးများ ထွက်လာတတ်သည်။ ထိုသို့ဖြစ်လျှင် ကျောက်ပျဉ်တွင် သနပ်ခါးကို ဆားအနည်းငယ်နှင့်ရောသွေးပြီး လိမ်းပေး လျှင် သက်သာစေနိုင်သည်။ တစ်နည်း - တိုင်းရင်းဆေးအမှတ် (၄၃) အကင်းဆယ်ပါးဆေးမှုန့်ကို သနပ်ခါးနှင့်ရောလိမ်းလျှင် ပိုမို သက်သာစေနိုင် သည်။)

ဗာဒံရွက်(ဗန်ဒါရွက်)နှင့် ဒူးနာရောဂါ

ဒူးနာသူများအတွက် သက်သာစေနိုင်သော အခြားနည်းတစ်နည်းမှာ နေရာတိုင်းတွင်ရှာရလွယ်ကူသော ဗာဒံရွက်(ဗန်ဒါရွက်)ကို ဒူးတွင်ကပ်၍စည်းထား သို့မဟုတ် ဒူးစွပ်ဖြင့် စွပ်ထားသောနည်း ဖြစ်သည်။

စာရေးသူကိုယ်တိုင် တစ်ခါက ပန်းအိုးများရွှေ့ရင်း ခြေတစ်ဖက်ချော်၍ ဒူးထောက်လဲဖူးသည်။ ဖြစ်စက မနာသော်လည်း နောက် ရက်တွင် လှေကားအဆင်းအတက်လုပ်သောအခါ ဒူးထဲမှ နာနေသည်ကိုခံစားလာရသည်။ ပရုတ်ဆီဒဏ်ကြေ ဆေးလိမ်း သော်လည်း မသက်သာ  နောက်ပိုင်းတွင် ပျောက်ကင်းဖူးသူ တစ်ဦးက ညွှန်သဖြင့် ဗန်ဒါရွက် အစိမ်းရောင် ခပ်နုနုကိုခူးပြီး ပြောင်ချောသည့် ဘက်တွင် မုန်ညင်း ဆီသုတ်၍ မီးအပူပေးပြီးနောက် ဒူးပေါ်တွင်အုပ်ပြီး ဒူးစွပ်စွပ်ထားလိုက်သည်။ နှစ်နာရီခန့်အကြာ ဒူးစွပ် ချွတ်လိုက်သောအခါတွင်လည်း ဗန်ဒါရွက်မှာ ဒူးတွင် ကပ်နေသည်ကိုတွေ့ရသည်။ ဤနည်းဖြင့် တစ်ပတ် ခန့် ဗန်ဒါရွက်ကပ်ပြီး စာရေးသူ၏ ဒူးနာရောဂါမှာ ပျောက်ကင်းခဲ့သည်။

ဗာဒံရွက် (ဗန်ဒါရွက်)၊ သက်ရင်းကြီးရွက်၊ ကိုယ်ရံကြီးဂမုန်းရွက်များသည်  ဒူးနာ၊ အဆစ်နာ၊ အရိုးကျီးပေါင်း၊ အရိုးပွကိုက်ခဲရောဂါများ အတွက် ဆေးဖက်ဝင်သော အရွက်များဖြစ်သည်။ သုံးတတ်လျှင် ဆေးဖြစ်သည်။

အထပ်မြင့်တိုက်တွင်နေထိုင်သူများအတွက် ဒူးနာကာကွယ်နည်း

၁။         လှေကားအဆင်းအတက်ကို တတ်နိုင်သမျှ လျှော့ချပါ။

၂။         နံဘေးတွင်ရှိသောလှေကားလက်ရန်း သို့မဟုတ် နံရံကိုကိုင်ပြီးမှ အဆင်းအတက်ပြုလုပ်ပါ။ သက်ကြီးရွယ်ကြီးများ ပို၍ သတိရှိပါ။

၃။         လှေကားအတက်ထက်  အဆင်းတွင် ဂုန်ညင်း အရွတ်ကြောများနာတတ်သဖြင့် တစ်ထစ်ခြင်း ဖြည်းညင်းစွာဆင်းပါ။

၄။         လှေကားအဆင်းအတက်တွင် ဒူးထဲမှ အသံမြည်လျှင် ဒူးချောဆီမရှိဘဲ လေဝင်နေသည့်အတွက် အသံမြည်ခြင်းဖြစ်သည်။ ဒူးစွပ်အသုံးပြုသင့်ပါသည်။

၅။         အကျော်အနင်းမမှန်ကန်သော လှေကားထစ်ရှိသည့် တိုက်ခန်းများတွင် လူကြီးများ မနေထိုင်သင့်ပါ။ အခြားနေရာသို့ ပြောင်းရွှေ့ ဖို့ကြိုးစားပါ။

၆။         အသက် ၆၀ ကျော်လျှင် အရိုးပွပြီး ဒူးဆစ်အတွင်းမှ ချောဆီအားနည်းပြီဖြစ်သဖြင့် ညစဉ်အိပ်ရာဝင်တိုင်း မုန်ညင်းဆီ၊ သံလွင်ဆီ စသည့် ဆီတစ်မျိုးမျိုးကို မီးဖြင့်အပူပေးပြီး ဒူးဆစ်အတွင်းစိမ့်ဝင်အောင် လိမ်းပေးလျှင် ဒူးဆစ်အဆီခြောက်ခြင်း၊ အမြှေး ရောင်ခြင်း၊ ဒူးခေါက်ကြောများနာခြင်းမှ ကြိုတင်ကာကွယ်နိုင်ပါသည်။

၇။         ဒူးဆစ်များ အရိုးအားရှိစေရန် လမ်းလျှောက်ခြင်း၊ အကွေးအဆန့် လေ့ကျင့်ခန်းလုပ်ခြင်း၊ နွားနို့၊ ပဲနို့သောက်ခြင်း၊ အရိုးပြုတ် ရည်သောက်ခြင်း၊ နေရောင်ခြည်ခံခြင်းများ ပြုလုပ်ပေးလျှင် အရိုးပွခြင်း၊ အရိုးကျိုးခြင်းမှ ကာကွယ်နိုင်ပါသည်။

အထပ်မြင့်တိုက်များတွင်နေထိုင်သူများသည် ဒူးဆစ်နာရောဂါ၊ အရွတ်ရောင်ရောဂါ၊ အကြောရောင်ရောဂါများရရှိနိုင်သဖြင့် ကြိုတင် သတိရှိကာကွယ်နိုင်ရန် တင်ပြလိုက်ရပါသည်။  ။

ကြည်လွင်မြင့်(မုဒြာ)