ချောင်းအရမ်းဆိုးခြင်း အာသီးရောင်ခြင်း

ချောင်းအရမ်းဆိုးခြင်း အာသီးရောင်ခြင်း

အာသီးဟာအာခေါင်ရဲ့ အနောက်ဘက်အစုံလိုက်ရှိတယ်။ အာသီးသည် ခန္ဓာကိုယ်ခုခံအားစနစ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး  အသက် ရှူလမ်းကြောင်းထဲကို ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ဝင်လာရင်သိရအောင်ရောင်တယ်။ တစ်ခါတစ်ရံရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ အာသီးမှာစုမိပြီး  အာသီးရောင်တာဖြစ်လာပါတယ်။ အာသီးရောင်တဲ့ လက္ခဏာကလည်ချောင်းနာတာနဲ့ အစာမျိုတဲ့ အခါနာကျင်မှု တွေ ခံစားရနိုင်ပါတယ်။

ကျောင်းနေအရွယ်ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေမှာ   အဖြစ်များတယ်။ လတ်တလောဖြစ်ပွားမှုများပြီး နာတာ ရှည်ဖြစ်ရင် ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ အာသီးက နာကျင်မှုခံစားနေရတယ်ဆိုရင် သဘာဝဟင်းသီးဟင်းရွက် အာဟာရနဲ့ အသုံးပြုကုစားနိုင် ပါတယ်။

အာသီးရောင်တဲ့ လက္ခဏာတွေက အာသီးနီမြန်းနေခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာမျိုရခက်ခြင်း၊ နာကျင်ခြင်း၊ လည်မျိုတစ်လျှောက်နဲ့ မေးရိုးတောင့်တင်းနေခြင်း၊ လည်ချောင်း နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ အသံဝင်ခြင်း၊ မျက်လုံးနီရဲခြင်း၊ ချောင်းဆိုးခြင်း၊ အာသီးရောင်ရမ်းနေခြင်းတို့ ဖြစ်တယ်။

သဘာဝကုထုံးတွေရှိပါတယ်။ မုန်လာဥ၊ သခွားသီးနဲ့ သကြားမုန်လာတွေက အာသီးရောင်တာ လျော့စေပါတယ်။ သခွားသီးနဲ့ မုန်လာဥကို အရည်ညှစ်ပြီး ဆတူရောရာမှာလတ်လတ်ဆတ်ဆတ် မုန်လာဥအရည်ထည့်သင့်တယ်။ နေ့စဉ်သောက်သုံးပေးရင် ရောဂါပိုးမွှားတွေ မဝင်နိုင်အောင် တားဆီးပေးလို့ အာသီးရောင်လျော့စေတယ်။

ချမိုမိုင်းလက်ဖက်ရည်သောက်သင့်ပါတယ်။ ချမိုမိုင်းလက်ဖက်ရည်က လည်ချောင်းအတွက် ကောင်းမွန်စေပြီးအာသီးရောင်တာ သက်သာစေတယ်။ ချမိုမိုင်းလက်ဖက်ရည်အိုးကို အလုံပိတ်ထားသင့်တယ်။ ချမိုမိုင်းလက်ဖက်ရည်၊ ပျားရည်နဲ့ သံပရာရည် အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်တယ်။ ချမိုမိုင်းလက်ဖက်ရည်က နာကျင်မှုကို သက်သာစေပြီး ပျားရည်ရဲ့ ပိုးသတ် အာနိသင်က ပိုးမွှားတွေ မဝင်ရအောင် တားဆီးပေးပါတယ်။ ချင်းပြုတ်ရည်ကလည်း အာသီးရောင်လျော့စေတယ်။ ချင်းအရည် ထမင်းစား ဇွန်းတစ်ဇွန်း၊  ရေနွေးထမင်းစား ဇွန်းနှစ်ဇွန်းရောပြီး ပလုတ်ကျင်းပေးရင် အာသီးရောင်ရမ်းတာနဲ့  နာကျင်တာကို သက်သာစေတယ်။ ကျောက်ချဉ်မှာ ပိုးမွှားတွေပေါက်ပွား မှုတားဆီးနိုင်တဲ့အာနိသင်ရှိပြီး ရောင်ရမ်းမှုကို လျော့နည်းစေတယ်။ ကျောက်ချဉ်ကို ကြိတ်ခြေ ပြီးအာသီးမှာ တိုက်ရိုက်လိမ်းနိုင်တယ်။ ရေနွေးထဲမှာ ပျော်ဝင်စေပြီး ပလုတ်ကျင်းပေးတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။

ပူဒီနာရွက်ကလည်း လည်ချောင်းနာ၊ အာသီးရောင်သက်သာစေတယ်။ နေ့စဉ်ပူဒီနာ လက်ဖက်ရည်သောက်ပေးရင် နာကျင်မှု သက်သာစေပါတယ်။ ပူဒီနာလက်ဖက်ရည်ထဲ ပျားရည်ထည့်သောက်နိုင်တယ်။ ပိုးသတ်အာနိသင်ရှိတာကြောင့် ဗက်တီးရီးယားတွေ ကို ဆန့်ကျင်တိုက်ထုတ်ပေးနိုင်တယ်။ သံပရာရည်က အာသီးရောင်သက်သာ စေတယ်။ သံပရာသီးကို အရည်ညှစ်ပြီး ရေခပ်နွေး နွေးနဲ့ရောကာ ဆားအနည်းငယ်၊ ပျားရည်တစ်ဇွန်းထည့်ပြီး နေ့စဉ်တစ်ကျိုက်ချင်း သောက်ပေးသင့်ပါတယ်။ နာကျင်မှုနဲ့ မသက် မသာဖြစ်တာကိုသက်သာစေပါတယ်။ ဗီတာမင်စီပါဝင်နေလို့ ခုခံစွမ်းအားလည်း မြင့်မားစေပါတယ်။

ရှောက်သီးကလည်း အာသီးရောင် လျော့စေတယ်။ ရှောက်သီးတစ်ခြမ်းကို အစိတ်ခပ်သေးသေးလှီးကာ ဆားနဲ့ငရုတ်ကောင်း အနည်းငယ်ကြိတ်ခြေကာ ဇွန်းတစ်ဇွန်းထဲ ရှောက်သီးစိတ်ထည့်၍ ဆားနဲ့ငရုတ်ကောင်းကြိတ်ထားတဲ့ အမှုန့်ကိုဖြူးပေးကာမီးနဲ့   အပူပေးသင့်တယ်။ ဇွန်းကိုအပူပေး၊ အအေးခံပြီးနောက် ရှောက်ရည်ကုန်တဲ့ထိ စုပ်စားသင့်တယ်။ နွားနို့ကလည်း အာသီးရောင် သက်သာစေပါတယ်။ ကျိုထားတဲ့နွားနို့တစ်ခွက်ထဲကို နနွင်းမှုန့်အနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ ညအိပ်ရာ မဝင်မီ သောက်ပေးသင့်ပါတယ်။ သုံးရက်ဆက်တိုက် သောက်ပေးရင် အာသီးရောင်တဲ့ လက္ခဏာသက်သာစေပါတယ်။ ဒိန်ချဉ်၊  ဒိန်ခဲမှာလူကိုအကျိုးပြုတဲ့  ဗက်တီးရီးယားတွေပါဝင်နေလို့ နေ့စဉ်စားသုံးပေးရင် အာသီးရောင်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

စွပ်ပြုတ်နဲ့ ဆန်ပြုတ်ကအာသီးရောင်တာ သက်သာစေပါတယ်။ အာသီးရောင် တဲ့အချိန်မှာ အစားအစာတွေမျိုချရင် နာကျင် တာကြောင့် အစာသိပ်မစားနိုင်ပါဘူး။ ကြက်စွပ်ပြုတ်၊ ဟင်းသီးဟင်းရွက်စွပ်ပြုတ်၊ ဆန်ပြုတ်စတဲ့ပျော့ ပျောင်းတဲ့အစာတွေ စားပေး သင့်တယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်ရရှိပြီး ခုခံစွမ်းအားကိုလည်းမြင့်မားစေပါတယ်။ စွပ်ပြုတ် သောက် ပေးတာကြောင့် နှာခေါင်းပိတ်တာသက်သာစေတယ်။ မုန်ညင်းစေ့ကို အမှုန့်ကြိတ်ပြီး ရေနွေးပူပူတစ်ခွက်ထဲထည့်ကာ ခပ်နွေးနွေး ပလုတ်ကျင်း ပေးသင့်ပါတယ်။ အာသီးမှာစုနေတဲ့ ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်တာကြောင့် ရောင်ရမ်းမှုလျော့နည်းစေပြီး အနာကျက် မြန်စေပါတယ်။

ဆားရည်က အာသီးရောင်မှာ အသုံးဝင်ပါတယ်။ ဆားရည်နဲ့ပလုတ်ကျင်းပေးနိုင်တယ်။ ရေနွေးတစ်ဖန်ခွက်ထဲ ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ပျော်ဝင်စေကာဆားရည်နဲ့ ပလုတ်ကျင်းပေးရင် အာသီးပိုးဝင်ရောင်ရမ်းတာ မဖြစ်အောင်ကာကွယ်တဲ့အပြင်    ခံတွင်းကိုလည်း သန့်ရှင်းစေပါတယ်။ အာသီးရောင်တာနဲ့ ချောင်းအရမ်းဆိုးတာ တစ်ပြိုင်နက်ကြုံရနိုင်ပါတယ်။အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းပိုးဝင်တဲ့အခါ ချောင်းဆိုးလက္ခဏာ အများဆုံးပြလေ့ရှိတယ်။ ချောင်းအရမ်းဆိုးတဲ့အခါ လည်ချောင်း တွေနာလာပြီး နေ့စဉ်ဘဝသွားလာမှုမှာလည်း အနှောင့်အယှက် ဖြစ်စေတယ်။ ချောင်းဆိုးတာ မိသားစုဆရာဝန်နဲ့ပြသပြီး အိမ်တွင်းနည်းတွေနဲ့လည်း သက်သာစေပါတယ်။ ချောင်းဆိုးသက်သာစေနိုင်တဲ့   အစားအသောက်၊ အလေ့အကျင့်ကောင်းများရှိပါတယ်။

ကြက်စွပ်ပြုတ်က အအေးမိတာ၊ တုပ်ကွေးဖြစ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးဖြစ်တယ်။ စွပ်ပြုတ်ရည်သောက်တာကြောင့် လည်ချောင်းထဲမှာ အရည်တွေစီးဆင်းသွားတဲ့အခါ ချောင်းဆိုးတာ သက်သာသွားစေပါတယ်။ စွပ်ပြုတ်ပူပူလေးက လည်ချောင်းထဲ အချွဲတွေပျော်စေတဲ့အပြင် ကြက်သားစားတာကြောင့် ပရိုတင်းရရှိပြီး ခုခံအားစနစ်ကိုပါ ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေက ချောင်းဆိုးတာသက်သာစေတယ်။ ကြက်သွန်နီက ရောင်ရမ်းမှုကို လျော့စေတယ်။ ကြက်သွန်ဖြူ က ရောင်ရမ်းမှု လျော့စေတဲ့အာနိသင်နဲ့ ခုခံမှုစွမ်းအားမြင့်မားစေ တယ်။ သူတို့ကိုစားသုံးရင် ဗက်တီးရီးယားနဲ့    ဗိုင်းရပ်ပိုးမွှားတွေ တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်စီကိုလည်းရရှိစေပါတယ်။ ဒိန်ချဉ်ကလည်း  ချောင်းအရမ်းဆိုးနေသူတွေအတွက် နေ့လယ်ခင်းသရေ စာစားချိန်မှာ အခြားမုန့်ပဲသရေစာ စားတာထက် ဒိန်ချဉ်သောက်ပေးသင့်တယ်။ ဒိန်ချဉ်မှာ အကျိုးပြု ဗက်တီးရီးယားတွေပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံမှုစွမ်းအားစနစ် ပိုမိုကောင်းမွန်စေလို့ အသက်ရှူလမ်းကြောင်းထဲ ပိုးမွှားဝင်ရောက်မှုကို အကောင်းဆုံးခုခံနိုင်တယ်။

သစ်သီးဖျော်ရည်တွေက အသက်ရှူလမ်းကြောင်း ပိုးဝင်တာကြောင့် ချောင်းဆိုးတဲ့အခါ အစားသောက်ပျောက်တာ၊ ပျက်တာ ကူညီနိုင်တယ်။ ခန္ဓာကိုယ်အတွက်ဗီတာမင်၊ သတ္တုဓာတ်နဲ့အင်တီအောက်စီဒင့်တွေရရှိဖို့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက် သောက်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ရရှိစေလို့ ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

လက်ဖက်စိမ်းရည်က ချောင်းဆိုး သက်သာစေနိုင်တယ်။ လက်ဖက်စိမ်းမှာ အင်တီအောက်စီဒင့်များစွာပါဝင်ပြီး ခုခံစွမ်းအား စနစ်လည်း ကောင်းမွန်စေတယ်။ ကော်ဖီနဲ့မတူတာက လက်ဖက်စိမ်းထဲမှာ ကဖင်းဓာတ်အနည်းငယ်ပါဝင်လို့ ညဘက် အိပ်မပျော်မှာ ပူစရာမလိုပါဘူး။ အိပ်ရေး၀၀အိပ်ကာ အအေးမိ တုပ်ကွေးရောဂါတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။ ချင်းလက် ဖက်ရည်က လည်ချောင်းရောင်ရမ်းမှုကို လျော့နည်းစေပြီး ချောင်းဆိုးတာကို သက်သာစေတယ်။ ချင်းပြုတ်ရည်ထဲ ပျားရည်ကို သောက် ကောင်းရုံလောက် ထည့်သောက်သင့်ပါတယ်။

ချောင်းဆိုးချိန်၊ အာသီးရောင်ချိန်မှာအဆင်သင့်အစာတွေ၊ သံဘူးထဲထည့်ပြီး တာရှည်ခံပြုလုပ်ထားတဲ့ အစားအစာတွေ၊ အနီရောင် အသား၊  ရေခဲမုန့်နဲ့ သကြားပါဝင်မှုများတဲ့ အစားတွေရှောင်ကြဉ်သင့်ပါတယ်။ နေ့စဉ်နာရီဝက်မှ တစ်နာရီအားကစားအပြေး၊ လမ်း လျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုသင့်ပါတယ်။ ဖျားနေရင်တော့ အနားယူရပါမယ်။ မဖျားရင် ပုံမှန်လေ့ကျင့်ခန်း လုပ်ကာ ပုံမှန်တစ်ကိုယ်ရေ သန့်ရှင်းရေး ဆောင်ရွက်သင့်ပါတယ်။    ။

ဒေါက်တာလွင်သန့်