အဆစ်ရောင် လေးဖက်နာနှင့် ခေါင်းကိုက်ခြင်း

အဆစ်ရောင် လေးဖက်နာနှင့် ခေါင်းကိုက်ခြင်း

အကြောတက်၊ အဆစ်ကိုက်၊ အဆစ်ရောင်၊ လေးဖက်နာဟူသော ရောဂါများမှာ တစ်ခုဖြစ်လျှင်ဆက်၍ ဖြစ်လေ့ရှိသော ညီနောင် ရောဂါများဖြစ်ကြသည်။ ခေါင်းကိုက်ခြင်းသည် တစ်ခါတစ်ရံ ထိုအကြောအဆစ်ရောဂါများ၏ နောက်ဆက်တွဲရောဂါဖြစ်လေ့ရှိသည်။

အကြောအဆစ်ရောင်သော ရောဂါများဟု အမည်တပ်သော်လည်း အတွင်းပိုင်းတွင် သွေးကြောများ ပါရောင်လေ့ရှိသည်။ အထိမခံနိုင် ဖြစ်ကာ နီရဲပြီး ရောင်နေသောအဆစ်တွင် ကြွက်သားမျှင်များသာမက အတွင်းမှ သွေးလွှတ်ကြော၊ သွေးပြန်ကြောများ ပါရောင် လျက်ရှိကြောင်း တွေ့ရသည်။

ရှေးက ရိုးရာနည်းဖြင့်ကုသော ဆရာများနှင့် ဘလဲဘနည်းဖြင့်ကုသော ဆရာများသည် ရောင်သောနေရာကို မန်းရှိသည်ဆိုကာ ဆူးဖြင့် ဖောက်သည်။ တချို့က ရှသောကြံရွက်၊ ဝါးရွက်စသည်တို့ဖြင့်ခြစ်သည်။  တချို့ဘလဲဘဆရာများ၏ နည်းမှာ အလွန်ကြမ်း သည်။ အရိုးအဆစ်ရောင်သောနေရာကို ထက်သောသင်တုန်းဓားဖြင့် အချက်များစွာခုတ်သည်။ ခပ်ဖွဖွဖြင့် အပေါ်ယံ အရေပြားပေါက် အောင် ရှပ်ပြီးခုတ်သည်။ သွေးပြန်ကြော ပေါက်သွားပြီးနောက် သွေးမည်းမည်းများ ထွက်လာသောအခါ မန်းတွေထွက်လာပြီ (မကောင်းတဲ့ မန်းရည်များထွက်လာပြီ) ဟု ဆိုကြသည်။ လူနာများကလည်းကျေနပ်ပြီး စိတ်အထင်ဖြင့် အနာသက်သာသွားသည်။ အမှန်တော့ ဤနည်းသည် လှည့်စားသောစိတ်ကုထုံး (Psychotherapy) နှင့်တူလေသည်။

ဆေးရုံမှ ဆရာဝန်ကြီးတချို့၏ ပြောပြချက်အရ အရေပြားကိုဖောက်ပြီး သွေးစို့အောင်ဓားဖြင့်ပေါက်ပြီး ထွက်လာသောသွေးကို ပုလင်းဖြင့် သို့မဟုတ်စုပ်ခွက်များဖြင့် စုပ်ယူခံရသော သီလရှင်တစ်ပါးမှာ အနာများ ရောင်ကိုင်းပြီး ဖျားလာသဖြင့် ဆေးရုံမှစစ်ဆေး ကြည့်သောအခါ မေးခိုင်ပိုးကြောင့် အဖျားဝင်နေသည်ကို တွေ့ရသည်။

တခြားလူနာတစ်ဦးမှာလည်း ဒူးခေါင်းရောင်သောရောဂါကို ကြံရွက်ခြစ်ပြီး ဆေးစည်းပေးလိုက်ရာမှအနာဖြစ်ကာ မကျက်တော့ သဖြင့် ဆေးရုံကြီးသို့ ရောက်လာသည်။ စစ်ဆေးကြည့်သောအခါ ထိုလူတွင် မျိုးရိုးလိုက်သော ဆီးချိုရောဂါရှိနေကြောင်းတွေ့ရသည်။ ဆီးချိုရှိသူများမှာ ပွန်းရှဒဏ်ရာများမှအတွင်းအထိ လှိုက်စားသောအနာဖြစ်သွားတတ်သဖြင့် ခလုတ်မတိုက်မိအောင်ပင် အထူးသတိ ထားရသည်။

လေးဖက်နာမဟုတ်ဘဲ မြန်မာများက ဒူလာဟုခေါ်သော အဆစ်ကြီးတစ်ဆစ်စီ ရောင်လေ့ရှိသည့်ဂေါက် (Gout) ရောဂါဆို လျှင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ရောင်သည်၊ ရောင်သည့်နေရာတွင် ပူနေသည်အထိ မခံနိုင်ပါ။ ခြေမဆစ်၊ လက်မဆစ်၊ခြေမျက်စိ၊ ဒူးဆစ်တို့ တွင် ဘာမှမခိုက်မိဘဲ ရောင်လာတတ်သည်။

ဂေါက်ရောဂါမှန်လျှင် လုံးဝမနှိပ်ရပါ။ သွေးဖောက်ကုသမှုလည်း မလုပ်ရပါ။ အဘယ်ကြောင့်ဆိုသော် ဂေါက်အဆစ်ရောင်ရောဂါရှိသူ အတော်များများမှာ အသည်း၊ ကျောက်ကပ်နှင့် ဆီးချိုရောဂါများ ရှိတတ်သောကြောင့်ဖြစ်သည်။ အနောက်တိုင်း ဆေးပညာ သဘောအရ အသည်း၊ ကျောက်ကပ်မကောင်းသော လူကြီးများတွင် ယူရစ်အက်စစ်ဟုခေါ်သော ဖြူဖြူအနည်မှုန်များသည်ဆီးမှ မစွန့်ပစ်နိုင်သဖြင့် သွေးအတွင်းတွင် မျောပါပြန်သည်။ အဆစ်တစ်နေရာတွင် အက်စစ်အနည်မှုန်များ ရောက်ရှိသွားပြီး အဆစ်နှစ်ခု လှုပ်ရှားသည့်အခါတိုင်း ပွတ်တိုက်မိသည်။ ပွတ်တိုက်မှုကြောင့် ရောင်လာသည်။ အဆစ်နှစ်ခုကြားမှ ဝါရှာကဲ့သို့ခံထားသောခုတုံး၊ အရွတ်တုံးရောင်လာခြင်း ဖြစ်သည်။ လူ့သဘာဝရောင်သောနေရာတွင် အရည်များစုလာတတ်သည်။

ဂေါက်ရောဂါ သို့မဟုတ် အဆစ်တစ်ဆစ်ရောင်သည့် ဒူလာဂေါက်ရောဂါကို ဖောက်၍မကုရပါ။ အနှိပ်လည်း မခံရပါ။ အသားစား ခြင်းကို ၁၀ ရက်ရှောင်ကြဉ်ပြီး အသီးအနှံ၊ ငါးနှင့် အသီးဖျော်ရည်များကိုသာ စားသုံးခြင်း သို့မဟုတ် သက်သတ်လွတ်စားသုံးခြင်းဖြင့် ကုသခြင်းသာ အကောင်းဆုံးဖြစ်သည်။

အဆစ်ရောင်၊ လေးဖက်နာနှင့် ခေါင်းကိုက်ခြင်းအကြောင်းကို ဆက်၍တင်ပြလိုပါသည်။ တစ်ခါတစ်ရံ အဆစ်များရောင်ခြင်း၊ မခံမရပ် နိုင်အောင် နာကျင်ခြင်းကြောင့် သွေးလန့်ပြီး ခေါင်းကိုက်လာတတ်သည်။ ဝေဒနာကြောင့် စိတ်မသက်မသာ ဖြစ်ကာခေါင်း ကိုက်ရခြင်း ဖြစ်သည်။

နောက်တစ်မျိုးမှာ ပိုးလေးဖက်နာကဲ့သို့ အာသီးရောင်ပိုး၊ အသက်ရှူလမ်းကြောင်းတွင် ပိုးဝင်၍ဖြစ်သောရောဂါမျိုးတွင် အာခေါင်မှ နှာခေါင်းသို့ဆက်သွယ်သောဝင်ပေါက်၊ နှာရိုးရင်းရှိအရွတ်၊ အရိုးနုတို့ရောင်ခြင်းကြောင့် နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းမှစတင်ကာ ခေါင်းကိုက်လာတတ်သည်။ ထိုရောဂါမျိုးအတွက် ခေါင်းကိုက်ပျောက်ဆေးသောက်ခြင်းထက် တိုင်းရင်းဆေး၊ မှိုင်းရှူဆေးကို မီးခဲပေါ် တွင် ဖြူး၍ ရှူပေးရသောနည်းက ပို၍ထိရောက်သည်။

ခေါင်းကိုက် အမြန်သက်သာစေသည်။ မှိုင်းရှူဆေးအဖြစ် တိုင်းရင်းဆေးခန်းသုံးဆေးဖြစ်သည့် အကင်းဆယ်ပါးဆေးကို သုံးစွဲကြ သည်။ ၎င်းဆေးကို ပရဆေးဆိုင်များတွင်  အလွယ်တကူဝယ်ယူရရှိနိုင်သည်။ အစိုးရတိုင်းရင်း ဆေးကုခန်းများတွင်လည်း ရရှိနိုင် သည်။ အကင်းဆယ်ပါးဆေး၏ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်မှာ (၄၃) ဖြစ်သည်။ တခြားခေါင်းကိုက်ခြင်း တစ်မျိုးမှာ ရောဂါကုရာတွင် “ဆေးအတွက်လေး” ဆိုသကဲ့သို့ ဆေးကြောင့်ဖြစ်သော နောက်ဆက်တွဲဝေဒနာ ခေါင်းကိုက်ခြင်းဖြစ်သည်။

အကြောတက်၊ အဆစ်ကိုက်၊ အဆစ်ရောင်၊ လေးဖက်နာဝေဒနာသည်များမှာ နာတာရှည်ဖြစ်လေ့ရှိသဖြင့် အကိုက်အခဲ ပျောက်ဆေး များကို အလွယ်တကူသောက်လေ့ရှိကြသည်။ ထိုသို့သောက်ရာမှ အစာအိမ်ရောင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေး ကြောငယ်များ စိမ့်ပေါက်ခြင်းအပြင် ကြာတော့အစာမစားချင်၊ စားလျှင်လည်း အစာမကြေသည့် ရောဂါဖြစ်လာရသည်။

ခေါင်းကိုက်ခြင်းအမျိုးမျိုးတွင် အစာမကြေ ခေါင်းကိုက်ရောဂါသည် အဆိုးဆုံးဖြစ်သည်။ အစာမစားလျှင် မကိုက်၊ အစာစား ပြီးသည်နှင့် နာရီဝက်အတွင်းခေါင်းကိုက်လာသည်။ အစာမှားလျှင် ပို၍ကိုက်သည်။ အစာအိမ်အတွင်းရှိ အနာနှင့် အစာခြေရည်များ ထိတွေ့သောအခါ အစာမကြေဘဲ လေချဉ်များဖြစ်လာသည်။ ထိုလေချဉ်များသည် ပါးစပ်မှဆန်ပြီး အပြင်ထွက်သည့် အခါလည်း ရှိသည်။ မထွက်လျှင်ခေါင်းကိုက်လာလေ့ရှိသည်။ ထို့ပြင် အကြောတက်သည်၊ ခေါင်းကိုက်သည်ဆိုလျှင် တိုင်းရင်းမြန်မာဆရာများက အစာကြေဆေးပေးကြသည်။ အကိုက်အခဲ ပျောက်ဆေးမပေးကြ၊လူနာများက နားမလည်ဖြစ်ကြရသည်။ ခေါင်းမကိုက်ဖို့ အစော ကြေဆေးပေးခြင်းသည်  “ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲ” ဟူသော ကုထုံးကြောင့်ဖြစ်ကြောင်း လူနာများကို ရှင်းပြဖို့ တော့လိုပေသည်။

ဘုရားရှင် လက်ထက်မတိုင်မီက ပေါ်ပေါက်ခဲ့သော အာယုဗ္ဗေဒဆေးပညာတွင်လည်း “ရောဂါမူလံအဇိဏ္ဏကံ” ရောဂါမှန်သမျှ အစာ မကြေခြင်းက စသည်ဟုဆိုထားခြင်းကြောင့် မည်သည့်ရောဂါဝေဒနာဖြစ်စေ  ဝင်လာလျှင်  ကုသည့်ဆရာရော လူနာကပါအစာကြေ၊ မကြေကို ဦးစွာဂရုစိုက်ပေးကြဖို့ လိုအပ်သည်။ အကြောတက်၊ အဆစ်ရောင်၊ လေးဖက်နာရောဂါနှစ်ကြာရှိသူများသည် အကိုက်အခဲ ပျောက်ဆေးများနှင့် ယဉ်ပါးလာကြသူများဖြစ်သည်။ တချို့မှာ တော်ရုံအကိုက်အခဲ ပျောက်ဆေးမတိုးတော့။ ထိုသူတို့မှာအစာအိမ်နှင့် သွေးကြောများပါ ရောင်သောအဆင့်ရောက်သောအခါ ခေါင်းကိုက်ခြင်းဝေဒနာကို နောက်ဆက်တွဲရောဂါအဖြစ် ခံစားလာကြ ရတော့မည်။

ထိုသူများအတွက် အကြံပေးလိုသည်မှာ မည်သည့်ဆေးမျိုးသောက်နေရသည်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဆေး တစ်မျိုးမျိုး သောက်ဖို့လိုသည်။ အစာကြေဆေးသောက်သောအခါတွင်လည်း အစာစားပြီးပြီးချင်းသောက်လျှင် အစာအိမ်ထဲတွင် အချဉ်ပေါက် သောအစာများနှင့် ရောမွှေပြီး ဆေးပါဓာတ်ပြယ်သွားတတ်သည်။ ထို့ကြောင့် အစာအနည်ထိုင်ချိန်(စားပြီး နာရီဝက်ခန့်ကြာသည့် အချိန်) ကျမှ သောက်သင့်သည်။

ထို့ပြင် ခေါင်းကိုက်တတ်သူများသည် အစာစားနေချိန် ရေသောက်ခြင်း၊ ရေခဲရေသောက်ခြင်းသည်လည်း မကောင်းပါ။ အစာခြေ ရည်ကို အားပျော့စေသည်။ ဟင်းရည်သောက်၊ ဟင်းချိုရည်တို့တွင်ရေပါဝင်သင့်သလောက် ပါဝင်ပြီးဖြစ်သဖြင့် ထပ်သောက်လျှင် ရေနှင့် အစာမမျှတ ဖြစ်နိုင်သည်။ တချု့ိဝမ်းမီးအားနည်း၍ အစာမကြေသူများကို ထမင်းစားပြီးလျှင်ပင်  ချက်ချင်း ရေမသောက် စေရပါ။ ထမင်းစားပြီး ရင်ပူနေလျှင် သာ၍အစာပိုကြေသည်။ နာရီဝက်ခန့်ကြာမှ ရေသောက်ခြင်းက ပို၍အစာခြေအားကောင်း စေသည်ဟု အယူအဆရှိသည်။ အကိုက်အခဲပျောက်ဆေးများ၊ ဆေးပြင်းများသောက်ရသည့် နာတာရှည်ဝေဒနာများအတွက် နောက် ဆက်တွဲဖြစ်လေ့ရှိသော ခေါင်းကိုက်ရောဂါသည် အစာအိမ်နှင့် သွေးကြောများ ရောင်ခြင်းကြောင့် ဖြစ်နိုင်သဖြင့် အထူးသတိထား ကြဖို့လိုကြောင်း သတိပေးရေးသားလိုက်ရပါသည်။   ။

 

ကြည်လွင်မြင့်(မုဒြာ)