ဥရောပက မမျှော်လင့်ထားသော သဘာဝဓာတ်ငွေ့ပြတ်လပ်နိုင်မှုနှင့် ရင်ဆိုင်နေရ

သဘာဝဓာတ်ငွေ့ အလွန်ရှားပါးသော အခြေအနေဖြစ်ပေါ်လာပါက ဗြိတိန်က ဥရောပဒေသသို့ပို့လွှတ်နေသော ဓာတ်ငွေ့များကို ဖြတ်တောက်မည်ဟု ပြောလာပြီးနောက် ဥရောပအနေဖြင့် မမျှော်လင့်ထားသော သဘာဝဓာတ်ငွေ့ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း Financial Times သတင်းဌာနက ဇွန် ၂၉ ရက်တွင် ဖော်ပြထားသည်။

လာမည့်လများ အထူးသဖြင့် ဆောင်းရာသီကာလအတွင်း သဘာဝဓာတ်ငွေ့ပြတ်လပ်မှု အခြေအနေနှင့် ရင်ဆိုင်ရပါက ဗြိတိန်ကလုပ်ဆောင်မည့် ကနဦးအရေးပေါ်အစီအစဉ်မှာ ၎င်းတို့ထံမှ နယ်သာလန်နှင့် ဘယ်ဂျီယံသို့ ပို့လွှတ်နေသော ဓာတ်ငွေ့ပိုက်လိုင်းကိုပိတ်ခြင်း ဖြစ်သည်။

ထိုမှတစ်ဆင့် လုပ်ဆောင်မည့် အရာများမှာ အကြီးစားစက်မှုဇုန်များသို့ သဘာဝဓာတ်ငွေ့ပေးပို့မှု ဆိုင်းငံ့ခြင်းနှင့်  ပြည်သူများ အနေဖြင့် ဓာတ်ငွေ့ကို လျှော့ချသုံးစွဲရန် အစိုးရက တောင်းဆိုခြင်းတို့ ဖြစ်ကြောင်း အဆိုပါ သတင်းဌာန၏ ဖော်ပြချက်တွင်တွေ့ရသည်။

လက်ရှိတွင် ဥရောပဒေသသည် ၎င်းတို့အနေဖြင့် သဘာဝဓာတ်ငွေ့ ရရှိရေးအတွက် အများဆုံးမှီခိုနေရသော ရုရှားနိုင်ငံမှ စွမ်းအင်များ တင်သွင်းမှုကို ပိတ်ဆို့မှုများ ချမှတ်ထားသောကြောင့် စွမ်းအင်ပြတ်လပ်နိုင်မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထိုအခြေအနေများကြောင့်  ဂျာမနီနှင့်နယ်သာလန်နိုင်ငံတို့က ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ ပြန်လည်ပတ်ခြင်းနှင့် စက်မှုလုပ်ငန်းများအနေဖြင့် သဘာဝဓာတ်ငွေ့ အသုံးပြုမှုကို လျှော့ချရန် တောင်းဆိုခြင်းတို့ အပါအဝင် အရေးပေါ် အစီအစဉ်များကို ယခုလအစောပိုင်းတွင် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         

Ref: RT