NATO တပ်ဖွဲ့ နယ်ချဲ့လာလျှင် အာရှ-ပစိဖိတ်ဒေသပဋိပက္ခများနှင့် တွေ့ကြုံရမည်ဟု တရုတ်ပြော

NATO တပ်ဖွဲ့အနေဖြင့် အာရှ-ပစိဖိတ်ဒေသသို့နယ်ချဲ့လာပါက ယင်းဒေသသည် ဖရိုဖရဲဖြစ်မှုများ၊ ပဋိပက္ခဖြစ်မှုများနှင့် တွေ့ကြုံရမည်ဖြစ်ကြောင်း  တရုတ်ထိပ်တန်းသံတမန်တစ်ဦးက ပြောသည်။

NATO တပ်ဖွဲ့သည် ကမ္ဘာ့နေရာတိုင်းလိုလိုတွင် ပြဿနာများကိုသာ ဖန်တီးလေ့ရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော  ယူကရိန်းပဋိပက္ခမှနေ၍  သင်ခန်းစာယူသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန်းကပြောသည်။

စစ်အေးကာလပြီးနောက် NATO တပ်ဖွဲ့၏အရှေ့ဘက်ဒေသသို့ နယ်မြေချဲ့ထွင်မှု ငါးခုသည် ဥရောပဒေသ၏ ဘေးကင်းစိတ်ချမှုကို ဆုံးရှုံးစေသည့်အပြင် ပြဿနာများ၏မျိုးစေ့ကို ချခြင်းဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် ပြုလုပ်သော ယူကရိန်းအရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တရုတ်သံအမတ်ကြီးက ပြောခြင်းဖြစ်သည်။ ထို့ပြင်  ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ဖရိုဖရဲများနှင့် ပဋိပက္ခဖြစ်မှုများကဲ့သို့သောပုံစံမျိုးကို အာရှ-ပစိဖိတ်ဒေသတွင် ဖြစ်ပေါ်လာစေရန်ခွင့်မပြုသင့်ကြောင်း ၎င်းကဆက်ပြောသည်။

NATO တပ်ဖွဲ့အစည်းအဝေးကို စပိန်နိုင်ငံ မက်ဒရစ်မြို့၌ပြုလုပ်နေစဉ် တရုတ်သံအမတ်ကြီး၏ မှတ်ချက်ပြု ပြောဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ ဗြွှဥ တပ်ဖွဲ့အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ အကျိုးတူအုပ်စုများ ထိပ်တိုက်တွေ့ဆုံရေး သို့မဟုတ် ခေတ်သစ် စစ်အေးတိုက်ပွဲကို ဖန်တီးရေးတို့အတွက် ယူကရိန်းပဋိပက္ခကို အသုံးမချသင့်ကြောင်း သံအမတ်ကြီး ကျန်းကျန်းက သတိပေးထားသည်။

ထို့အတူ NATO တပ်ဖွဲ့က လက်နက်များ ပေးပို့ခြင်းသည်   ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေမည် မဟုတ်သည့်အပြင် ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် ဖိအားပေးခြင်း တို့သည်လည်း လုံခြုံရေးဆိုင်ရာပြဿနာကို ဖြေရှင်းနိုင်စေမည် မဟုတ်ကြောင်း၊ ယင်းသို့သော လုပ်ရပ်များအားလုံးသည်  ကမ္ဘာ့အသိုင်းအဝိုင်းကို နှစ်ပိုင်းကွဲစေပြီး  ကမ္ဘာကြီး၏ လုံခြုံရေးကို အားနည်းစေမည်ဖြစ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောထားသည်ဟု သိရသည်။             

Ref: SCMP