တုပ်ကွေးကာကွယ်ဆေး ထိုးဖူးသူများမှာ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းလျော့ကျ

လေးနှစ်အတွင်း အနည်းဆုံး တုပ်ကွေးကာကွယ်ဆေး တစ်ကြိမ်ထိုးဖူးသူများက အဲဒီကာကွယ်ဆေးတစ်ကြိမ်မှ မထိုးဖူးသူများထက် အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းလျော့ကျကြောင်း သိရပါတယ်။

ဒီသုတေသနကိုတော့ အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ တက္ကဆက်ကျန်းမာရေး သိပ္ပံတက္ကသိုလ်မှ သုတေသန ပညာရှင်များက လုပ်ဆောင်ထားတာပါ။

သုတေသနပညာရှင်များဟာ အမေရိကန် နိုင်ငံတစ်ဝန်းရှိ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများမှာ   အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုနဲ့ သူတို့ငယ်ရွယ်စဉ်မှာ တုပ်ကွေးရောဂါကာကွယ်ဆေးထိုးမှု အခြေအနေတို့ကို နှိုင်းယှဉ်လေ့လာခဲ့တာပါ။

ဒီလိုနှိုင်းယှဉ်လေ့လာရာမှာ တုပ်ကွေးကာကွယ်ဆေးက အသက်ကြီးပိုင်းတွေမှာ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို နှစ်ပေါင်းများစွာအထိ  လျှော့ချပေးနိုင်တာကို တွေ့လိုက်ရပါတယ်။

အယ်ဇိုင်းမား ရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်တဲ့ အတိုင်းအတာကတော့ အဲဒီလူရဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးမှုအကြိမ်ရေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

ဆိုလိုတာက တုပ်ကွေးရောဂါကာကွယ်ဆေးကို နှစ်စဉ်ထိုးတဲ့လူတစ်ယောက်ဟာ အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ အနည်းဆုံးဖြစ်ပါတယ်။

သုတေသနပညာရှင်တွေအနေနဲ့ နောက်တစ်ဆင့် လုပ်ဆောင်သွားမယ့် သုတေသနကတော့ တုပ်ကွေးရောဂါ ကာကွယ်ဆေးက အယ်ဇိုင်းမားရောဂါရှိပြီးသားသူတွေမှာ ခံစားရတဲ့ စိတ်ဖောက်ပြန်မှု အတိုင်းအတာအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အကြောင်းဖြစ်တယ်လို့ ဦးဆောင်သုတေသီ ဘက်ဘင်ဒါက ပြောပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေးက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ဖြစ်နိုင်ခြေတစ်ခုကို သုတေသီများက တွေ့ရှိပြီး နှစ်နှစ်အကြာမှာ အခုသုတေသနကို လုပ်ဆောင်ခဲ့တာပါ။

အခုသုတေသနမှာတော့ အရင်သုတေသနမှာ ပါဝင်သူအရေအတွက်ထက် ပိုများတာကိုလည်း တွေ့ရပါတယ်။  သုတေသနပညာရှင်များက တုပ်ကွေးရောဂါကာကွယ်ဆေးထိုးပြီး ဆေးရုံဆေးခန်း ရောက်လာသူလူနာ ၉၃၅၈၈၇ ဦးနဲ့ ကာကွယ်ဆေးမထိုးသူလူနာ ၉၃၅၈၈၇ ဦးတို့ကိုလေ့လာခဲ့တာဖြစ်ပါတယ်။

လေးနှစ်ကြာသုတေသနပြုမှု ကာလအတွင်း သုတေသနမှာပါဝင်သူများအနက် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးထားသူလူနာ ၅ ဒသမ ၁ ရာခိုင်နှုန်းက အယ်ဇိုင်းမားရောဂါ ဖြစ်လာပါတယ်။

အလားတူပဲ    အဲဒီကာလအတွင်း အယ်ဇိုင်းမားရောဂါဖြစ်လာတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေး မထိုးထားသူလူနာ အရေအတွက်ဟာ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။

လူသားတွေရဲ့  ကိုယ်ခံအားစနစ်က ရှုပ်ထွေးပါတယ်။  အဆုတ်ရောင်ရောဂါလိုမျိုးအခြေအနေက အယ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ပိုဆိုးစေနိုင်ပါတယ်။

ဒါပေမဲ့   ကိုယ်ခံအားစနစ်ကိုနှိုးဆွတဲ့   တခြားသောနည်းလမ်းများကတော့ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ဒါကြောင့် ကိုယ်ခံအားစနစ်က ဘယ်လိုအခြေအနေမျိုးမှာဆိုရင်   အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုကိုပိုဆိုးစေတယ် ဒါမှမဟုတ် ပိုပြီးသက်သာစေတယ်ဆိုတာနဲ့ပတ်သက်ပြီး သိရဖို့ နောက်ထပ်သုတေသနတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။                 

Ref: STD