နှလုံးရောဂါရှိတဲ့ တစ်ကိုယ်ရေတစ်ကာယသမားများ အိမ်ထောင်သည်များထက်သေဆုံးနိုင်ခြေပိုများ

လက်မထပ်ထားတဲ့ နှလုံးရောဂါသည် တစ်ကိုယ်ရေတစ်ကာယသမားများ တစ်နည်းပြောရရင် ဘေးမှာအဖော်မရှိတဲ့ သူများဟာ လက်ထပ်ထားသူ အိမ်ထောင်သည် နှလုံးရောဂါသည်တွေနဲ့နှိုင်းယှဉ်ရင်  သေဆုံးနိုင်ခြေပိုများတာကို တွေ့ရပါတယ်။

Heart Failure 2022 ဆိုတဲ့ ဥရောပနှလုံးရောဂါ အသိုက်အဝန်းရဲ့ သိပ္ပံနည်းကျ အစည်းအဝေးမှာ တင်သွင်းတဲ့ သုတေသနစာတမ်းတစ်ခုအရဆိုရင် တစ်ကိုယ်ရေ တစ်ကာယသမားများဟာ နှလုံးရောဂါဖြစ်ပြီ ဆိုတာနဲ့ သူတို့ခံစားနေရတဲ့ဝေဒနာကို ကောင်းစွာထိန်းချုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းတယ်ဆိုတာ တွေ့ရပါတယ်။

ဒါ့အပြင်   တစ်ကိုယ်ရေတစ်ကာယသမားများဟာ   အိမ်ထောင်သည်တွေနဲ့ နှိုင်းယှဉ်ရင် လူမှုဆက်ဆံရေး အသိုင်းအဝိုင်း ကျဉ်းမြောင်းသွားလေ့ ရှိတယ်လို့လည်း သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီလို  အချက်အလက်တွေကြောင့်ပဲ တစ်ကိုယ်ရေတစ်ကာယသမားများအနေနဲ့ အိမ်ထောင်သည်တွေလောက် သက်ဆိုး မရှည်တာဖြစ်နိုင်တယ်လို့လည်း သုတေသီများက ပြောထားပါသေးတယ်။

အဓိကအားဖြင့်တော့ နှလုံးရောဂါဖြစ်ပြီဆိုရင် လူမှုဆက်ဆံရေးက အဲဒီလူနာကို အသက်ဆက်ရှင်စေဖို့အတွက် တွန်းအားပေးတာပါလို့ ဂျာမနီနိုင်ငံ ဝါးဇဘာ့တက္ကသိုလ်ဆေးရုံ ဘက်စုံနှလုံးရောဂါဌာနမှ ဦးဆောင် သုတေသီ ဒေါက်တာဖာဘီယန်ကာဝါဂျန်က ပြောပါတယ်။

နှလုံးရောဂါသည်မှာ အိမ်ထောင်ဖက်ရှိတယ်ဆိုရင် အဲဒီအိမ်ထောင်ဖက်က လူနာကိုအချိန်မှန်ဆေးသောက်ဖို့ သတိပေးဆောင်ရွက်ပေးမယ်။ အားပေးတိုက်တွန်းမှုတွေလုပ်မယ်။ ကျန်းမာရေးနဲ့ညီအောင် ပြုမူနေထိုင်စေမယ်။ ဒီအချက်တွေအားလုံးဟာ နှလုံးရောဂါသည်အနေနဲ့ သက်တမ်းစေ့နေနိုင်စေတဲ့ အကြောင်းခြင်းရာတွေပါပဲလို့ ဒေါက်တာဖာဘီယန်ကာဝါဂျန်က ပြောထားပါတယ်။

ဒါ့အပြင်  အခုလုပ်တဲ့သုတေသနမှာ နှလုံးရောဂါသည် တစ်ကိုယ်ရေတစ်ကာယသမားများက အိမ်ထောင်ရှိ နှလုံးရောဂါသည်တွေထက် လူမှုဆက်ဆံရေးအားနည်းပြီး   နှလုံးရောဂါကို  ထိန်းချုပ်နိုင်မယ့်ယုံကြည်မှုလည်း နည်းပါးပျောက်ဆုံး သွားလေ့ရှိတဲ့အတွက်   ဒီအချက်က  နှလုံးရောဂါသည်   တစ်ကိုယ်ရေတစ်ကာယ သမားများရဲ့ အသက်ရှင်သန်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိ၊ မရှိကို ရှာဖွေဖော် ထုတ်ခဲ့ပါတယ်လို့ ဒေါက်တာ ဖာဘီယန်ကာဝါဂျန်က ဆက်ပြောပါတယ်။

ဒီသုတေသနမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အတွင်း နှလုံးရောဂါနဲ့ ဆေးရုံတက်နေရသူ ၁၀၂၂ ဦးပါဝင်ပါတယ်။ အဲဒီ ထဲကမှ ၁၀၀၈ ဦးဟာ သူတို့ရဲ့ အိမ်ထောင်ရှိ၊ မရှိအခြေအနေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဖြေပေးခဲ့ပါတယ်။

ဒီတော့ အိမ်ထောင်သည် ၆၃၃ ဦး၊ တစ်ကိုယ်ရေတစ်ကာယသမား ၃၇၅ ဦး၊ အိမ်ထောင်ဖက်သေဆုံးသွားသူ ၁၉၅ ဦး၊ လူပျိုလူလွတ် ၉၆ ဦးနဲ့ အိမ်ထောင်ဖက်နဲ့ခွဲနေသူ ဒါမှမဟုတ် ကွာရှင်းထားသူ ၈၄ ဦးရှိတာတွေ့ရပါတယ်။

ဒါ့အပြင် လူနေထိုင်မှုပုံစံတွေ၊ လူမှုရေးကန့်သတ်ချက်တွေ၊ ကိုယ့်ကိုယ်ကိုယ်ကိုးစားမှုတွေကိုလည်း သုတေသနမှာ ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။

အဲဒီလိုသုတေသနတွေလုပ်လိုက်တဲ့အခါ နှလုံးရောဂါဖြစ်ပွားသူ    တစ်ကိုယ်ရေတစ်ကာယသမားများက အလားတူ ရောဂါဖြစ်ပွားနေတဲ့ အိမ်ထောင်သည်များထက် သေဆုံးနိုင်ခြေ   ၈၃ ရာခိုင်နှုန်း ပိုများနေကြောင်း  တွေ့လိုက်ရတဲ့အတွက်  နှလုံးရောဂါဖြစ်ပြီဆိုရင် ကိုယ့်ဘေးမှာ အဖော်တစ်ဦးဦး ရှိနေဖို့က များစွာ အရေးကြီးတယ်လို့ သုတေသီများက မှတ်ချက်ပြုထားပါတယ်။

Ref:STD