ရာသီစာဆေးဖက်ဝင် နာနတ်သီးအကြောင်းသိကောင်းစရာ

ရာသီစာဆေးဖက်ဝင် နာနတ်သီးအကြောင်းသိကောင်းစရာ

နာနတ်သီးကို များသောအားဖြင့် အစိတ်ကလေးများအဖြစ် သုံးဆောင်လေ့ရှိပြီး ဖျော်ရည်အဖြစ်တစ်ဖုံ၊ ယိုအဖြစ်တစ်မျိုး စားသုံးကြ သည်။ ဒိုမီနို၊ ကျောက်ကျော၊ ဂျယ်လီ၊ သကြားလုံး၊ ပီကေ စသည်တို့အပြင် ကြာရှည်အထားခံရန် အရည်ညှစ်၍ သစ်သီးခြောက် ပြုလုပ်၍လည်းကောင်း၊ စည်သွတ်ဘူးဖြင့်လည်းကောင်း သိုလှောင်စားသုံးကြသည်။ ထို့ပြင် ထမင်းကြော်၊ အသုပ်၊ နာနတ်သီး ဆော့အဖြစ်သာမက ဟင်းလျာများတွင်လည်း အရသာထူးကဲစေရန်အတွက် နာနတ်သီးကို အမျိုးမျိုးအဖုံဖုံ ထည့်သွင်းသုံးဆောင် နိုင်ပါသည်။

ဆေးဖက်ဝင်နာနတ်သီး

ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရောပါဝင်မှုနည်းပါးပြီး လူသားတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်ပါသည်။

၁၀၀ ဂရမ်အလေးချိန်ရှိသော လတ်လတ်ဆတ်ဆတ် နာနတ်သီးထဲတွင် ကယ်လိုရီ ၅၀ မီလီဂရမ်၊ ကယ်စီယမ် ၁၃ မီလီဂရမ်၊ ပိုတက်စီယမ် ၁၁၀ မီလီဂရမ်၊ သံဓာတ် သုည ဒသမ ၂၉ မီလီဂရမ်၊ ဖော့စဖောရက် ၁၀ မီလီဂရမ်၊ ဇင့် သုည ဒသမ ၂၂ မီလီဂရမ်၊ ကစီဓာတ် ၁၃ ဒသမ ၂ ဂရမ်၊ ပရိုတင်း သုည ဒသမ ၅၄ ဂရမ်၊ အဆီ သုည ဒသမ ၁၂ ဂရမ်၊ ဗီတာမင်စီ ၃၇ ဒသမ ၂၀ မီလီဂရမ်၊ ဗီတာ မင်ဘီဝမ်း သုည ဒသမ ၀၇၉ မီလီဂရမ်၊ ဗီတာမင်ဘီတူး သုည ဒသမ ၀၇၉ မီလီဂရမ်၊ ဗီတာမင်ဘီသရီး သုည ဒသမ ၄၉၅ မီလီဂရမ်၊ ဗီတာမင်ဘီဖိုက် သုည ဒသမ ၂၀၅ မီလီဂရမ်၊  ဗီတာမင်ဘီစစ် သုည ဒသမ ၁၁၁ မီလီဂရမ်၊ ဗီတာမင်အီး သုည ဒသမ ၆၂ မီလီဂရမ်၊ သကြား ၉ ဒသမ ၅ ဂရမ်နှင့် ချေဖျက်လွယ်သောအမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ် စသည်တို့ အသီးသီးပါရှိကြသည်။

  • နာနတ်သီးသည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ်သည်။ အထူးသဖြင့် အသီး၏ အလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်း ကျန်းမာရေးအတွက် ကောင်းကျိုးပြုသည်။
  • အကိုက်အခဲပျောက်ဆေး(NSAIDs)များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက် ဖြစ်တတ်သောရောင်ရမ်းနာကျင်မှုတို့ကို ထိထိရောက်ရောက် သက်သာ စေသည်။
  • သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ခြင်းနှင့် ဆက်စပ်သော နှလုံးရောဂါများကို ကာကွယ်ဟန့်တားပေးနိုင်သည်။
  • သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေသည်။
  • ဓမ္မတာရာသီလာစဉ် ကိုက်ခဲမှုကိုသက်သာစေသည်။
  • ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေးရောဂါများအပြင် လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ဆက်စပ်နေသော ဝေဒနာများကို သက်သာစေသည်။
  • ခွဲစိတ်ခန်းဝင်ပြီးနောက် အနာကျက်အမြန် ကျက်စေရန်အတွက် နာနတ်သီးစားပေးသင့်ကြောင်း ဂျာမနီဆေး သုတေသီများက တိုက်တွန်းထားကြသည်။
  • အရိုးပွခြင်းကြောင့် ဒူးနာဝေဒနာခံစားနေရသောလူနာများ နာနတ်သီးစားခြင်းဖြင့် ရောဂါသက်သာ ပျောက်ကင်း နိုင်သည်။
  • နာနတ်သီးသည် အစာအိမ်မှထွက်ရှိသောအရည်နှင့် လွန်စွာဆင်တူသည့်အတွက် အစာခြေစနစ်ကို တိုးတက်ကောင်းမွန် စေပြီး ဝမ်းဖောဝမ်းရောင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာနှင့်လေပူထိုးခြင်းတို့ကို သက်သာစေနိုင်သည်။
  • ဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။
  • ပန်းနာရင်ကျပ်ကို သက်သာပြေလျော့စေသည်။ ချွဲသလိပ်ကြေစေသည်။
  • နာနတ်သီးက အရေပြားကင်ဆာရောဂါအတွက် ဖြေဆေးတစ်ခွက်ဖြစ်ကြောင်း အမေရိကန်ကင်ဆာ ဂျာနယ်ဆေး ဆောင်းပါး များထဲတွင် ဖော်ပြထားသည်။ အိန္ဒိယဆေးသုတေသီများကလည်း Bromelain အင်ဇိုင်းဖြင့် ကြွက်များကို စမ်းသပ်ခဲ့ရာ ၃၅ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့သဖြင့် လူသားများအတွက်လည်း အလားတူ ကောင်းကျိုး သက်ရောက်မှု ဖြစ်စေမည်ဟု အခိုင်အမာအတည်ပြုထားသည်။
  • နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့၍ ကလေးများကိုကျွေးပါက သန်ကောင်ကျစေသည်။
  • နာနတ်သီးသည် လိမ္မော်သီးကဲ့သို့ပင် ဗီတာမင်စီပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို တိုက်ထုတ်ပေး သည်။ ထူးခြားချက်က နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့်အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်း ထက်မြက် စေသည်။
  • နာနတ်သီးထဲတွင် beta-carotene အမြောက်အမြားပါရှိသည့်အတွက် အမြင်အာရုံကို ကောင်းမွန်စေနိုင်သည်။ နေ့စဉ် နာနတ်သီး စားပေးခြင်းဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းရောက်သောအခါမှာ အမြင်လွှာယိုယွင်းမှုဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်သည်။
  • သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကိုအားကိုးနိုင်သည်။ ထို့ပြင် သုတေသနမှတ်တမ်းများအရ ဆီးလမ်းကြောင်း ပိုးဝင်ပါက ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင်သောက်ရင်း နာနတ်သီးကိုပါတွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုး များ မှ အချိန်တိုအတွင်း ကင်းဝေးစေနိုင်ကြောင်း သိရသည်။
  • ကုသရန်ခက်ခဲသော ကြွက်နို့များအတွက် မစိုးရိမ်ပါနှင့်။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ထားပါ။ ထိုနည်းအတိုင်း နေ့စဉ်မှန်မှန်လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာ ပျောက်ကင်းနိုင်သည်။ ထို့ပြင် နာနတ် သီးအရည်ကို အသားမာများအတွက်ကိုလည်း သုံးနိုင်ပါသည်။
  • နာနတ်သီးသည် သွေးပေါင်ချိန်ကျဆင်းစေသည့်အပြင် သွေးအတွင်း ကိုလက်စထရောများကို လျော့ကျစေနိုင်သောကြောင့် သွေးတိုးရောဂါ မဖြစ်စေနိုင်ပါ။ နာနတ်သီးကို ပုံမှန်စားသုံးလေ့ရှိသူ အယောက်၂၀၀၀ အား အချိန်ကာလသုံးနှစ်ကြာ သုတေသနပြုခဲ့ရာ၌ ထိုသူတို့တွင် သွေးတိုးရောဂါဖြစ်ပွားမှု ၁၈ ရာခိုင်နှုန်းသာရှိကြောင်းတွေ့ရှိရသည်ဟု စပိန်သုတေသန ပညာရှင်များက ဆိုသည်။
  • နာနတ်သီးကို သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ခန့် စားသုံးပေးသူများသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု အခွင့် အရေး အလွန်နည်းပါးသည်။
  • နာနတ်သီးတွင် မဂ္ဂနီးစ်သတ္တု ဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးများကိုကျန်းမာကြံ့ခိုင်စေပြီး အရိုးနှင့်ဆက်စပ်သော တစ်သျှူး၊ အရွတ်၊ အကြောတို့ကိုပါ သန်စွမ်းအားကောင်းစေသည်။ ထို့ကြောင့် လူငယ်ပိုင်းနှင့် လူလတ်ပိုင်းများအတွက် အရိုးသန်စွမ်း ကြီးထွားမှုမြန်ဆန်စေပြီး လူကြီးပိုင်းများအတွက် အရိုးခိုင်မာစေသည့်အတွက် အရွယ်သုံးပါးမရွေး နာနတ်သီး ဖျော်ရည်တစ်ခွက် နေ့စဉ် သောက်သုံးပေးသင့်သည်။ ထိုသို့သောက်သုံးခြင်းဖြင့် လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်နေသော မဂ္ဂနီးစ်သတ္တုဓာတ် ၇၃ ရာခိုင်နှုန်းအထိ ရရှိစေနိုင်ပါသည်။
  • နာနတ်သီးသည် အမြင်အာရုံကြည်လင် သန်စွမ်းစေဖို့အတွက်ကိုလည်း အထောက်အကူပြုသည်။ အသက်အရွယ်ဇရာ ကြောင့်ဖြစ်လာသော မှုန်မှိုင်းရီဝေခြင်းများကိုလည်း ကာကွယ်ပေးသည်။ ထို့ကြောင့် မျက်စိကျန်းမာရေးအတွက် နာနတ်သီး ကို များများစားနိုင်လေ အကျိုးရှိလေဖြစ်သည်။
  • ခန္ဓာကိုယ်အပူရှိန်နှင့် အဖျားကျရန်အတွက် နာနတ်ရည်ကို ယမကာအဖြစ်ကစော်ဖောက်ပြီး သောက်သုံးနိုင်သည်။
  • ဗီတာမင်စီကြွယ်ဝသည့် နာနတ်သီးစားသုံးပေးခြင်းဖြင့် သွားဖုံးရောင်ခြင်းနှင့် သွားဖုံးရောဂါအမျိုးမျိုးတို့ကို မဖြစ်ပေါ်စေဘဲ နှစ်ရှည်လများ သွားဖုံးခိုင်ခံ့ကောင်းမွန်စေသည်။
  • နာနတ်သီးကို ပန်းသီး သို့မဟုတ် ဖရဲသီးတို့ဖြင့်တွဲစားပါက ခန္ဓာကိုယ်ထဲရှိ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှား ပေးပြီး ကျောက်ကပ်နှင့် သည်းခြေတို့ကို အားဖြစ်စေသည်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သည့် အပြင် ကျောက်ကပ်ကိုလည်း သန့်ရှင်းစေနိုင်သည်။
  • နာနတ်သီးဖျော်ရည်ကို သင်္ဘောသီး၊ နွားနို့တို့နှင့် တွဲသောက်ပါက ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် သံဓာတ်တို့ ကြွယ်ဝစွာ ရရှိစေသည့်အတွက် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာ အထောက်အကူပြုပါသည်။ ဇရာကိုအံတုမည့် ဖျော်ရည်အဖြစ် သောက် သုံးနိုင်သည်။
  • နာနတ်သီးဖျော်ရည်ကို ငှက်ပျောသီး၊ နွားနို့တို့ဖြင့်တွဲသောက်ပါက ဝမ်းချုပ်ခြင်းကို တားဆီးပေးနိုင်သည်။ ထို့ပြင် ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အသားအရေအလှအပကို ကောင်းစွာပံ့ပိုးပေးသည်။
  • ဗီတာမင်စီကြွယ်ဝသော နာနတ်သီးနှင့်အူတိုင်အားလုံးကိုစားခြင်းအားဖြင့် ခရီးဝေးသွားပြီးနောက် ပင်ပန်းနွမ်းနယ်ပြီး အားအင်များ ကုန်ခန်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးစေကြောင်း၊ ရုပ်ပျိုအရွယ်တင်စေကြောင်း ကျန်းမာရေးသုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ Glenville ကဆိုသည်။
  • နာနတ်သီးက အချိန်တိုအတွင်းမှာပင် ပေါင်ချိန်ကျစေသည့်အတွက် ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းပေး နိုင်သည်။ ကျန်းမာနုပျိုသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူများအတွက် နာနတ်သီးက အားထားလောက်ပေသည်။
  • နံနက်အိပ်ရာထ မအီမသာဖြစ်ခြင်းအတွက် နာနတ်သီးဖျော်ရည်သောက်ပေးသင့်သည်။
  • နာနတ်သီးထဲတွင် ပါရှိသော Goiter ဓာတ်တစ်မျိုးက သိုင်းရွိုက်အကျိတ်ကို ပုံမှန်ဖြစ်စေသည်။ ထို့ပြင် လည်ချောင်း နာခြင်း၊ လေပြွန်ရောင်ခြင်းတို့ကိုလည်း သက်သာစေနိုင်သည်။
  • နာနတ်သီးထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်အတွက် အကျိုးယုတ်စေသော free-radicals များအန္တရာယ်မှ ကာကွယ်ပေးသည်။ ပန်းနာရင်ကျပ်ရောဂါနှင့် အူမကင်ဆာတို့ကိုမဖြစ်စေနိုင်ပါ။
  • မှတ်ဉာဏ်စွမ်းအားတိုးတက်မြင့်မားစေသည်။

နာနတ်သီးက လူသားတို့ကျန်းမာရေးကိုများစွာ အထောက်အကူပြုပေးနိုင်ရုံသာမက ပျိုမေတို့အသားအရေ ကျန်းမာလှပရေး အတွက်ကိုလည်း အောက်ပါနည်းလမ်းနှစ်သွယ်ဖြင့် ကောင်းကျိုးပြုပေးနိုင်ပါသည်။

နာနတ်သီးဖြင့် အသားအရေတွဲခြင်း၊ တွန့်ခြင်းကာကွယ်နည်း

ဤနည်းက မျက်နှာနှင့်လည်ပင်းတစ်ဝိုက် အရေပြားတွန့်ခြင်းအတွက် ကောင်းစွာထိရောက်မှုရှိစေသည်။ လတ်ဆတ်သော နာနတ် သီး သတ္တုရည်တစ်ခွက်၊ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနှင့် နှင်းဆီရည်စားပွဲတင် ဇွန်းတစ်ဇွန်း လိုအပ်သည်။ ရှေးဦးစွာ နာနတ်ရည်နှင့် နှင်းဆီရည်တို့ကို သမအောင်ရောမွှေထားပါ။ မလိမ်းခင်မျက်နှာနှင့်လည်ပင်းတို့ကို သန့်စင်ဆေး ကြောပေးရမည်။ (မျက်နှာကို နို့ရည်ဖြင့် ဆေးကြောပေးနိုင်ပါက  အာနိသင်ပိုထူးပါမည်) ဆေးကြောပြီးပါက  သံလွင်ဆီဖြင့်  မျက်နှာနှင့်လည်ပင်းအနှံ့ ညင်သာစွာလိမ်းပေးရမည်။ အရေပြားထဲကအဆီကို ကောင်းစွာစုပ်ယူနိုင်စေရန်အတွက် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ အထူးသဖြင့် မျက်နှာကိုလိမ်းသောအခါတွင် အရေပြားမတွဲစေရန်အတွက် လက်ဖဝါးဖြင့် အပေါ်ဘက်သို့ ပင့်တင်ပေးရမည်။ ထို့နောက် စောစော က လုပ်ထားသော နာနတ်နှင်းဆီရည် အရောအနှောတို့ဖြင့် လိမ်းပေးပါ။ မိနစ် ၂၀ ခန့်အကြာတွင် မျက်နှာကို ရေသန့် အေးအေးဖြင့် သစ်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်တစ်ခါလိမ်းပေးခြင်းဖြင့် အသားအရေတွဲခြင်း၊ တွန့်ခြင်းကို ကောင်းစွာထိန်းချုပ်နိုင်သည်။

နာနတ်သီးဖြင့်ပေါင်းတင်နည်း

နာနတ်သီးဖြင့် မျက်နှာပေါင်းတင်ပေးခြင်းက ပျက်စီးနေသောဆဲလ်များကို အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးပြီး အသားအရေ နူးညံ့စိုပြည်ဝင်းလက် လာလိမ့်မည်။ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်းတစ်ဇွန်း သို့မဟုတ် နာနတ်သီးမှည့် တစ်စိတ်လိုအပ်သည်။ အရည်ဆိုလျှင် မျက်နှာကိုလိမ်းကျံပြီး နာနတ်သီးစိတ်ဆိုပါက မျက်နှာပေါ်အသာအယာ ပွတ်သပ်နှိပ်နယ်ပေးရပါမည်။ ၁၀ မိနစ်ခန့် ကြာသောအခါ ရေသန့်အေးအေးဖြင့်သန့်စင်ပေးပါ။ ဤနည်းအတိုင်း တစ်ပတ်တစ်ကြိမ်သာ ပြုလုပ်ပေးရုံဖြင့် လုံလောက်သည်။

အကယ်၍ ခန္ဓာကိုယ်ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကြောနှင့် ဝမ်းဗိုက်သားနေရာတို့ကို ပေါင်းတင်လိုပါက နာနတ်သီး ဖျော်ရည်စားပွဲတင်ဇွန်း တစ်ဇွန်း သို့မဟုတ် နာနတ်သီးမှည့် တစ်စိတ်တို့အပြင် နွားနို့ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥတစ်လုံး၊ သံပရာရည်၊ နနွင်းမှုန့်နှင့် ဂျုံမှုန့်အနည်းငယ်စီရောစပ်ပေးပြီးမှ လိမ်းကျံပေးရမည်။ မိနစ် ၂၀ ခန့်ကြာသောအခါ ရေနွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရေနူးညံ့ချောမွေ့လာလိမ့်မည်။ အထက်ပါနည်းများအတိုင်း နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ကျန်းမာရေးကို အထောက်အကူပေးသော မိမိတို့လက်တစ်ကမ်းတွင် ရရှိနိုင်သည့် နာနတ်သီးကို ဖြည့်စွက်စာ အဖြစ်စားပေးကြရန် ဆရာဝန်များက ဟိုးရှေးပဝေသဏီကတည်းက တိုက်တွန်းလာခဲ့ကြသည်။ ထို့ကြောင့် ချိုမွှေးအရသာရှိပြီး ကျန်းမာရေးအတွက်လည်း အကျိုးများလှသော ရာသီစာနာနတ်သီးစိတ်လေးများကို ယခုလိုပေါပေါများများရနိုင်သည့် မိုးရာသီတွင် တစ်ဝကြီးစားသုံးနိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။   ။

ပေါက်ပေါက်