လူငယ်တို့အတွက် စံနမူနာနှင့်သင်ခန်းစာ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်)

မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို ဆစ်ပိုင်းလေ့လာကြည့်မည်ဆိုပါလျှင် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းမင်းတရားကြီး ဦးဆောင်ခဲ့သော အင်ပါယာနိုင်ငံတော်ကြီး သုံးရပ်တည်ထောင်ခဲ့သည်ကို သိရှိနိုင်သည်။ ထိုခေတ်ထိုအခါက ဘုရင်မင်းမြတ်တို့သည် အင်အားတောင့်တင်းခိုင်မာသော တပ်မတော်ကြီးများကိုပိုင်ဆိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏အင်အားသည် ကြီးမားခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟူသော အဓိကအချက်များသည်လည်း ခေတ်နှင့်အညီဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့၍သာ နိုင်ငံတော် ကြီးသုံးရပ်အဖြစ် မော်ကွန်းရေးထိုးနိုင်ခြင်းဖြစ်ပေသည်။

မြန်မာလူငယ်တိုင်းအတွက် အတုယူဖွယ်ရာ၊ အားကျဖွယ်ရာ မင်းမြတ်သုံးပါးအဖြစ် ယနေ့တိုင် အထင်ကရမှတ်တမ်းထားရှိသည်။ ထို့အတူ ထိုခေတ်များဆီက သမိုင်းဝင်အဆောက်အအုံများ ဖြစ်ခဲ့သည့်နန်းတော်များကိုလည်း မျိုးဆက်သစ်တို့လေ့လာဖွယ်ရာ၊ ဗဟုသုတ ဖြစ်ဖွယ်ရာအတွက် ပြန်လည်တည်ဆောက် ထိန်းသိမ်းထားလျက်ရှိသည်။ အလားတူစွာ အင်ပါယာနိုင်ငံမဖြစ်ခဲ့သော် လည်း မြို့တည်၊ နန်းတည်၊ ဘာသာ သာသနာကိုအထူးချီးမြှင့်ပြီး ပဉ္စမသင်္ဂါယနာတင်ခဲ့သော မင်းတုန်းမင်းကြီး၏ မြနန်းစံကျော် ရွှေနန်းတော်ကြီးကိုလည်း သမိုင်းဝင်အဆောက်အအုံအဖြစ် ထိန်းသိမ်းထားရှိသည်။ ထိုနန်းတော်သည် မြန်မာဘုရင် နောက်ဆုံး မင်းဆက်အုပ်ချုပ်ခဲ့သောနန်းတော်ဖြစ်ပြီး တစ်နိုင်ငံလုံးသူ့ကျွန်ဘဝရောက်ခဲ့ခြင်းကိုလည်း သတိသံဝေဂယူနိုင်သည့်နေရာအဖြစ် မျိုးဆက်သစ်တို့ရှုမြင်နိုင်သည်။

ရွှေရောင်လွှမ်းသော ခေတ်ကာလကိုသိရှိရ၍ ဝမ်းသာအားရဖြစ်ရသလို မီးအမှောင်ကျသော ခေတ်ကာလကို သိရှိရ၍လည်း ကြေကွဲ ဝမ်းနည်းမဆုံးဖြစ်ရသည်။ မည်သူမဆို ရွှေရောင်လွှမ်းသော ခေတ်ကာလကိုသာ ကြုံတွေ့ချင်ကြပေလိမ့်မည်။ လက်နက်အင်အား၊ လူအင်အားမမျှတ၍ စစ်ရှုံးရသောအဖြစ်ဆိုးမျိုးကို အိပ်မက်ပင်မက်ချင်ကြမည် မဟုတ်ပေ။ မိသားစုတစ်စုနှင့်ပမာပြုရသော် မိသားစု ဝင်တိုင်းသည် မိမိတို့မိသားစုကို အရာရာပြီးပြည့်စုံသော၊ ချမ်းသာသော၊ ကောင်းမွန်သော မိသားစုဘဝအဖြစ် ပိုင်ဆိုင်လိုကြသည် ချည်းဖြစ်ပေသည်။ ထို့အတူ မိမိတို့နေထိုင်သော နိုင်ငံကိုလည်း ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ ဖြစ်စေချင်ကြသည်။

“နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေး မောင်းနှင် အားဟူ၍ မောင်းနှင်အားသုံးမျိုးရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှုရှိပါကနိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါက ကာကွယ်ရေးအင်အားကောင်းမွန်မည်ဖြစ်ကြောင်း၊ ၎င်းအင်အားနှစ်ခုကောင်းမွန်ရန်အတွက် အခြေခံမှာ စီးပွားရေးအင်အားဖြစ်၍ စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်အတွက် အဓိကကျကြောင်း” ဟူ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား ဇွန် ၉ ရက်ကတွေ့ဆုံစဉ် အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

အထက်ပါ မောင်းနှင်အားသုံးရပ်သည် ပစ္စုပ္ပန်ကာလအတွက်သာမကဘဲ အနာဂတ်ခေတ်ကာလများတိုင်အောင် အားကောင်း မောင်းသန်ဖြစ်နေရပေမည်။ အတိတ်ကာလက မြန်မာ့သမိုင်းဖြစ်စဉ်များကို ပြန်လည်လေ့လာပါကလည်း ထိုမောင်းနှင်အား သုံးရပ်ပြည့်ဝချိန်တွင် မြန်မာတို့အင်အား ကောင်းခဲ့သည်။ ထိုမောင်းနှင်အား သုံးရပ်လျော့နည်းသည့်အခါ မြန်မာတို့အင်အား ချည့်နဲ့ခဲ့သည်။ နောက်ဆုံးတွင် မြန်မာနိုင်ငံတစ်ခုလုံးလွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ ဤသည်မှာ မေ့ပျောက်ရန်မသင့်သော သင်ခန်းစာ ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရမည့်သူများမှာ ယနေ့လူငယ်မောင်မယ်များ သာဖြစ်သည်။ နိုင်ငံတိုင်းတွင် လူငယ်ထုကိုမြေတောင် မြှောက်ပေးလျက်ရှိကြသည်။ လူငယ်များအသိပညာ၊ အတတ်ပညာ မြင့်မားနေမှ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်ကြမည်ဖြစ်သည်။ လူငယ်များအနေဖြင့် ကာကွယ်ရေး တာဝန်ထမ်းဆောင် ရာတွင်ဖြစ်စေ၊ နိုင်ငံရေးတာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ကြရာတွင်ဖြစ်စေ ခေတ်နှင့်အညီ ခေတ်မီအသိပညာ၊ အတတ်ပညာများ တတ်ကျွမ်းထားမှသာ ကျရာတာဝန်ကို အောင်မြင်စွာရွက်ဆောင် နိုင်ကြမည်ဖြစ်သည်။

နိုင်ငံ့တာဝန်များကို လူငယ်မောင်မယ်တိုင်းက ထူးချွန်ထက်မြက်စွာ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ကြမည်ဆိုလျှင် မြန်မာ နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ ရောက်ရှိပေလိမ့်မည်။ လူငယ်တိုင်းမှာ ကဏ္ဍပေါင်းစုံတွင် တစ်ဦးတည်း ထမ်းဆောင်ခြင်းငှာမဖြစ်နိုင်သဖြင့် မိမိတို့စိတ်ဆန္ဒရှိရာ ကဏ္ဍတစ်ခုခုတွင် စိတ်ပါဝင်စားစွာထမ်းဆောင်ကြရပေမည်။ မိမိနိုင်ငံကို မိမိချစ်သည့်စိတ်သည် လူတိုင်းတွင်ရှိရမည့်စိတ်ဓာတ်ဖြစ်သည်။ နိုင်ငံကိုချစ်သည့်စိတ်ဆိုရာတွင် မိမိနိုင်ငံကို အခြားတိုးတက်သော နိုင်ငံများကဲ့သို့ ဖြစ်စေချင်သောစိတ်သည်အဓိကဖြစ်သည်။ ထိုစိတ်ဓာတ်သည် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့ တွင်ရှိသော စိတ်ဓာတ်ဖြစ်သည်။ လူငယ်တိုင်းက ထိုမင်းသုံးပါးတို့ကိုအတုယူလျက် နိုင်ငံအတွက် ကြိုးစားကြမည်ဆိုပါက မြန်မာ နိုင်ငံသည် ကမ္ဘာ့အလယ်တွင် တင့်တယ်သောနိုင်ငံအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။