နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

နေပြည်တော်  ဇူလိုင်  ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို   ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့်   ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှု များကို ပြန်လည် ဖြေကြားသည်။

သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောမည့် အကြောင်းအရာများမှာ(တစ်) နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပအစည်းအဝေး များနှင့် ဆွေးနွေးပွဲများ၊ (နှစ်) နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အထွေထွေ အကြောင်းခြင်းရာများ၊  (သုံး) NUG၊ PDFတို့၏ အကြမ်းဖက်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်မှုများသာ ဖြစ်ကြောင်း၊ (တစ်)မှ(သုံး)အထိ မိမိအနေနှင့် ရှင်းလင်း ပြောပြသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အပိုင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြား သွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး/ဖြေကဏ္ဍဖြစ်ကြောင်း၊ မေးခွန်းများမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန် ဖြစ်ကြောင်း ပြောကြားသည်။

ပထမဦးဆုံးအနေဖြင့်   နိုင်ငံတော်နှင့် တပ်မတော်အဆင့် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများနှင့် ဆွေးနွေးပွဲများကို ဦးစွာပြောလို ကြောင်း၊ မိမိတို့နိုင်ငံအနေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁ တွင် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့်မူဝါဒတို့ကို ပြဋ္ဌာန်းကျင့်သုံးထားကြောင်း၊ မိမိတို့၏ အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရာတွင်လည်း ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးချင်းဆက်ဆံရေးကို ထူထောင်သွား လျက်ရှိကြောင်း၊ ဒေသတွင်းအာဆီယံနိုင်ငံများနှင့် ဆက်ဆံရာတွင်လည်း အာဆီယံက သတ်မှတ်ထားသည့် မူဘောင်၊ လုပ်ထုံး၊  လုပ်နည်းများအတိုင်း ပူးပေါင်းကျင့်သုံး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ  ကမ္ဘောဒီးယားနိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (16th ASEAN DEFENCE MINISTERS MEETING - 16th ADMM) သို့  အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် တို့နှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုတင်သွင်းသည့် သဘောထားအမြင် စာတမ်းများဖြစ်သည့် “နယ်စပ်ဖြတ်ကျော်ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးမှာ အာဆီယံ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက် ရေးမြှင့်တင်မှုဆိုင်ရာသဘောထား အမြင်” စာတမ်း၊ “အာဆီယံငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ အမျိုးသမီးတပ်ဖွဲ့ဝင် များအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်မြှင့်တင်ခြင်းဆိုင်ရာ သဘောထားအမြင်” စာတမ်းနှင့် “အာဆီယံကာကွယ်ရေးဆိုင်ရာ ပညာရေး ကျောင်းများ၏ ပူးပေါင်းဆောင်ရွက်မှု ထူထောင်ခြင်းဆိုင်ရာသဘောထားအမြင်” စာတမ်း၊ စင်ကာပူနိုင်ငံက အဆိုပြုတင်သွင်းသည့်  “အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအောက်ရှိ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်ဗဟိုဌာနဆိုင်ရာ ရည်ညွှန်း ကိုးကားစာစောင်များ” ကို သဘောတူအတည်ပြုကြကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက     ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုတင်သွင်းသည့် “ကိုဗစ်-၁၉ကပ်ရောဂါမှ ပြန်လည်ထူထောင်ရေးကို အထောက်အကူပြုတဲ့ ကာကွယ် ရေး ကဏ္ဍ၏ အခန်းကဏ္ဍဆိုင်ရာ ဖနောင်ပင်အမြင်” အားအတည်ပြုခြင်းနှင့် “ဟန်ချက်ညီလုံခြုံရေးအတွက် ပေါင်းစည်း ညီညွတ်မှု ခိုင်မာစေမယ့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ” အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကို      အတည်ပြု ထုတ်ပြန်ခဲ့ကြကြောင်း၊ ဆက်စပ်အစည်းအဝေးများအနေဖြင့် အာဆီယံ-ဂျပန်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ-တရုတ်ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော ရုပ်သံအစည်းအဝေးများကို ဆက်လက်ကျင်းပပြီး  အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့တက်ရောက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပါဝင်ဆွေး နွေးခဲ့ရာ မြန်မာနိုင်ငံနှင့် တပ်မတော်၏ သဘောထားရပ်တည်မှုနှင့် အကောင်အထည်ဖော်နေမှုများ၊ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဖော်ဆောင်မှု ကိစ္စရပ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက် နေမှုနှင့်ရပ်တည်မှုကို ဖော်ပြဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒေသတွင်းကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအမြင်များကို ပူးပေါင်း ဖလှယ်ခွင့်နှင့် ဆွေးနွေးခွင့်များရရှိစေပြီး အခြားအာဆီယံနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုများကို တိုးမြှင့်ဖော်ဆောင်နိုင်ခဲ့ကြောင်း  ပြောကြားသည်။

ဆက်လက်ပြီး (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး (Regional Border Committee) အကြောင်းကို ပြောမည်ဖြစ်ကြောင်း၊  ယင်းအစည်းအဝေးသည် ၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနှင့်ထိုင်းနိုင်ငံတို့ အိမ်ရှင်နိုင်ငံအဖြစ် တစ်လှည့်စီကျင်းပခဲ့ကြောင်း၊ (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြား ကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ တောင်ကြီးမြို့၌ကျင်းပခဲ့ကြောင်း၊ မြန်မာ ကိုယ်စားလှယ်၏ အဖွဲ့ခေါင်းဆောင်အနေနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး ဦးစီးပြီး ထိုင်းနိုင်ငံ ကိုယ်စားလှယ်ဘက်မှ Lt.Gen. Apichet Suesat ဦးစီးသည့် ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ကြောင်း၊ ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် အဖွဲ့ဝင်များက (၃၃)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး မှတ်တမ်း အား ပြန်လည်သုံးသပ်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊   မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ပူးပေါင်းမှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို     ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။

ဆက်လက်ပြီး (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်းဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းကိုယ် စားလှယ် အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်ဧည့်ခန်းမဆောင်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာများနှင့်   အခြားကဏ္ဍ ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေ အနေများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များ ပပျောက်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ယဉ်ကျေးမှုဖလှယ်ရေး၊ ချစ်ကြည်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ဖလှယ်နိုင်ရေးတို့အတွက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်မည့် အခြေအနေများ၊  မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်း ဖိတ်ခေါ်ကာ တွေ့ဆုံဆွေးနွေးနေမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည့် ပြည်တွင်း၊ ပြည်ပရှိ အချို့သော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များနှင့် CDM ဝန်ထမ်းများကို ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နိုင်ရေး အသိပေးထုတ်ပြန်ထားမှုကို ထိုင်းတပ်မတော်ကလည်း ၎င်းတို့၏ နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ခင်မင်ရင်းနှီးစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုအထဲတွင် အရေးကြီးသည့်အချက်ကို မိမိထပ်ပြောမည်ဖြစ်ကြောင်း၊ ယင်းမှာ ပြည်တွင်း၊ ပြည်ပရှိ အချို့ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ CDM ဝန်ထမ်းများကို ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ရေး အသိပေးထုတ်ပြန်ချက်များ ရှိပါကြောင်း၊ ယင်းအပေါ် ထိုင်းတပ်မတော်ကလည်း ၎င်းတို့၏ နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ အလွယ်တကူ ပြန်လည်ဝင်ရောက်နိုင်ရေး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ခဲ့ကြောင်းကို အထူးအလေးထား ပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်  H.E.Mr. Prak Sokhonn ဦးစီးအဖွဲ့၏  ခရီးစဉ်အကြောင်းကိုပြောလိုကြောင်း၊ အထူးကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့အထိ အလုပ် သဘောခရီးစဉ် ရောက်ရှိလျက်ရှိကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ် အနေဖြင့် မတ်လ၂၁ ရက်နေ့က ပထမအကြိမ်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ခရီးစဉ်တွင် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံက အာဆီယံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းမှုများကို လက်ခံရရှိခဲ့ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ပြီးနောက် အစိုးရဝန်ကြီးဌာနများက ဝန်ကြီးများ နှင့်လည်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေများ၊ NUG၊ CRPH တို့မှပေါက်ဖွားလာသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုလုပ်ရပ်များကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများဖြစ်ပေါ်ခဲ့မှု၊ ၎င်းတို့၏ဆိုးရွားစွာ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မိုင်းထောင်ဖောက်ခွဲမှုများနှင့် မီးရှို့ဖျက်ဆီးခဲ့မှုများကြောင့် ပြည်သူပိုင်အဆောက်အဦများနှင့် နိုင်ငံတော်ပိုင် အဆောက်အဦများ ပျက်စီးခဲ့ရမှု၊ အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး လျက်ရှိမှု၊ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေး လျက်ရှိမှု၊ အာဆီယံ၏မူဝါဒအရ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့်ပတ်သက်၍ “တစ်ဦးတစ်ယောက်မှ မကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေနှင့်လည်း “လူ့အသက်ထက်အရေးကြီးတာ ဘာမျှမရှိ” ဆိုသည့် မူဝါဒထားရှိ ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့ ယနေ့တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးအဖွဲ့များနှင့် တွေ့ဆုံမည် ဖြစ်သကဲ့သို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြစ်သည့် (ALP, DKBA, KNU/KNLA-PC, PNLO, LDU, NMSP, RCSS) စသည့် အဖွဲ့  ၇ ဖွဲ့မှ  အဆင့်မြင့် ကိုယ်စားလှယ်များနှင့်  တွေ့ဆုံမည်ဖြစ်ကြောင်း၊  နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့တွင် ပုဂံ၌ပြုလုပ်မည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသို့  တက်ရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်တွင် ကောင်းမွန်သည့် အကျိုးတရား၊ အရွေ့များရှိသည်ဟုသာ ပြောလိုကြောင်း ပြောကြား သည်။

ဆက်လက်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (Lanchan-Mekong Cooperation) (LMC) အစည်းအဝေး အကြောင်း  ပြောမည်ဖြစ်ကြောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသသည် အာရှတွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ ဖွံ့ဖြိုးတိုးတက်မှု  အလားအလာ အရှိဆုံး ဒေသများအနက်  တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မဲခေါင်မြစ်တစ်လျှောက်သည် နိုင်ငံပေါင်း ၆ နိုင်ငံနှင့် ထိစပ်ဆက်စပ်လျက် ရှိကြောင်း၊ မဲခေါင်မြစ်သည် တရုတ်နိုင်ငံနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရေးကြီးသည့် နိုင်ငံဖြတ်ကျော် မြစ်ကြောင်း တစ်သွယ် ဖြစ်ကြောင်း၊ ယင်းမြစ်သည် တရုတ်နိုင်ငံ၊ ချင်းဟိုင် တိဘက်ကုန်းမြေမြင့်တွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံအတွင်းရှိ အပိုင်းကို လန်ချန်းမြစ်၊ ယူနန်ပြည်နယ်ပြင်ပ ပြည်မမြစ်ခြေပိုင်းရှိ  နိုင်ငံများက မဲခေါင်မြစ်ဟု ခေါ်ဝေါ်ကြကြောင်း၊ တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊   ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြစ်၏စုစုပေါင်းအရှည်သည် ကီလိုမီတာ ၄၈၈၀ ရှိပြီး မြစ်ဝှမ်းဧရိယာ ၇၉.၅ သန်း စတုရန်းကီလိုမီတာရှိရာ မြစ်ဝှမ်းဒေသတွင် မှီတင်းနေထိုင်သည့် လူဦးရေသည် သန်းပေါင်း ၃၄၀ ကျော် ခန့်ရှိကြောင်း၊ မဟာမဲခေါင်ဒေသခွဲရှိ နိုင်ငံများသည် တောတောင်ရေမြေဆက်စပ်နေပြီး လူမှုယဉ်ကျေးမှုများ ဆက်နွှယ် လျက်ရှိရာ အိမ်နီးချင်း အစဉ်အလာချစ်ကြည်ရေးနက်ရှိုင်းပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားချင်း နီးကပ်ယှက်နွှယ် လျက်ရှိကြောင်း၊ အဆိုပါဒေသ၏ ဒေသခွဲ၏ စုစုပေါင်းဂျီဒီပီ (GDP) အမေရိကန် ဒေါ်လာ ၃.၃၆ ထရီလီယံ၊ ကုန်သွယ်မှု-  အမေရိကန်ဒေါ်လာ  ၄၈၃ ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာ ၁.၃၆ ဘီလီယံတို့ဖြစ်ကြောင်းကို စာရင်းဇယားများ၊ မှတ်တမ်းများအရ လေ့လာသိရှိရကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (LMC)သည် တရုတ်နိုင်ငံနှင့်  မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံအတူတကွ စတင် တည်ထောင်ခဲ့သည့်ဒေသတွင်း၊ ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုသာဖြစ်ကြောင်း၊ မကြာမီ မြန်မာနိုင်ငံ၌လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက် မှုအောက်က ဝန်ကြီးအဆင့် အစည်းအဝေးကိုကျင်းပသွားရန်ရှိသည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ (LMC) ၏ထူးခြားချက်မှာ လက်တွေ့ထိရောက်သည့်စီမံကိန်း  အခြေပြုခြင်းသာ ဖြစ်ကြောင်း၊ (LMC)  ယန္တရားကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး လျင်မြန်စွာတိုး တက်မှုများရှိခဲ့ကြောင်း၊ လန်ချန်း-မဲခေါင်၏ တွင်ကျယ်ထိရောက်မှုကို ပြသနိုင်ခဲ့သကဲ့သို့တန်းတူညီမျှဆက်ဆံခြင်း၊ စေတနာမှန်နှင့် အပြန်အလှန်ကူညီဖေးမခြင်း၊  ချစ်ကြည်ရင်းနှီးခြင်းဆိုသည့် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို ပျိုးထောင်နိုင်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင်  ပူးပေါင်းဆောင်ရွက်မှုတွင် မဲခေါင် ၅ နိုင်ငံအနက်တစ်နိုင်ငံက တရုတ်နိုင်ငံနှင့်အတူ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရသည့်အတွက် ယခုနှစ် ဝန်ကြီး အဆင့်အစည်းအဝေးကို မိမိတို့နိုင်ငံက  တာဝန်ယူကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများက  နိုင်ငံခြားရေးဝန်ကြီးများတက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းသည်လည်း   မြန်မာနိုင်ငံအစိုးရ၏ အချုပ်အခြာအာဏာနှင့်တည်ရှိမှုကို အသိအမှတ်ပြုခြင်းသာဖြစ်ကြောင်း၊  ထို့အပြင် မဲခေါင်နိုင်ငံအားလုံးသည်  တစ်သားတည်းဖြစ်နေခြင်းကို ပြသခြင်းဖြစ်ကြောင်း၊ ယင်း အစည်းအဝေးတွင် နှစ်နိုင်ငံအကြား၊ ဒေသတွင်းအကြား သဘောတူညီမှုစာချုပ်များ၊ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုး သွားရန်လည်းရှိကြောင်း၊ မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသတွင်း အကျိုးစီးပွားတို့ကို  များစွာ ဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်းကို ပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး  ငြိမ်းချမ်းရေးဆိုင်ရာအနေဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင် နေသည့် ကာလကစ၍ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဖြစ်နိုင်သမျှ၊ ရနိုင်သမျှနည်းလမ်းတို့နှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်ကို နိုင်ငံတော်အကြီးအကဲအနေဖြင့် ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မည်သည့်ခေတ်အခါမှမရှိခဲ့သည့် ဖိတ်ခေါ်ကမ်းလှမ်းမှုမျိုးများနှင့်  ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ယင်းဖိတ်ခေါ်မှုအပေါ်  ဒေသခံပြည်သူလူထုအတွက်   ငြိမ်းချမ်းရေးကို အစစ်အမှန်လိုလားသည့်  တိုင်းရင်းသားလက်နက်ကိုင်   ၁၀ ဖွဲ့က လက်ခံတက်ရောက်ခဲ့ကြောင်း၊  ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး SSPP၊ LDU အဖွဲ့တို့နှင့်လည်း   ဆက်လက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ Stakeholder များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့စသည်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ သည်မှာ (၇၃)ကြိမ်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် ယခုတက်ရောက် လာသည့်အထဲတွင် NCA သဘောတူလက်မှတ်ရေးထိုးပြီးသည့်  အဖွဲ့များ ဖြစ်သည့် RCSS/SSA,NMSP, KNU/KNLA-PC, ALP, PNLO, DKBA အဖွဲ့တို့နှင့် ပြည်ထောင်စု  သဘောတူစာချုပ် အစိတ် အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့်ပတ်သက်၍ အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေးနွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ  ဆွေးနွေးရန်အချက်များ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များကို ရရှိလက်မှတ်ရေးထိုးနိုင်ခဲ့သကဲ့သို့ NCA သဘောတူ လက်မှတ် မရေးထိုးရသေးသည့် UWSP,NDAA (မိုင်းလား) အဖွဲ့တို့နှင့်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အပိုင်း(၂)အထွေထွေ အကြောင်းအရာများဖြစ်သည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စက်သုံးဆီကဏ္ဍနှင့် စားသုံးဆီကဏ္ဍနှင့် နိုင်ငံတကာ ချေးငွေကဏ္ဍများကို ပြောကြားလိုကြောင်း၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး လက်ရှိ အခြေအနေတွင် ၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ်ကို  ဇွန်လ ၂ ရက်နေ့မှစပြီး စတင်ဖွင့်လှစ်လျက်ရှိကြောင်း၊ ကျောင်းတက် ရောက်ရမည့် စာရင်းရှိ ကျောင်းသားဦးရေ၏ ၉၄.၀၃ ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးက  ကျောင်းအပ်နှံတက်ရောက်မှု အများဆုံးဖြစ်ပြီး  ကယား ပြည်နယ်မှာ   အနည်းဆုံးဖြစ်ကြောင်း၊၂၀၂၁-၂၀၂၂  ပညာသင်နှစ်တွင် ၅.၃ သန်းကျော် ကျောင်းအပ်နှံတက်ရောက်ခဲ့သည့်အတွက် ယခင်နှစ်ကထက် (၄ သန်းနီးပါး) ကျောင်းပိုမို တက်ရောက်လျက် ရှိကြောင်း ပြောလိုကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပညာကိုလိုလားသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပူးပေါင်းဆောင်ရွက်သည့်   မိဘပြည်သူများကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်းပြောကြား လိုကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း အနေဖြင့် ကျောင်းတွင်း/ပြင်ပ ၂၈၁၇၅၁ ဦးဖြေဆိုခဲ့ရာတွင် ၁၃၂၀၇၇ ဦး ( ၁ သိန်း ၃ သောင်းကျော်) အောင်မြင်မှု ရှိကြောင်း၊ အောင်မြင်မှုရာခိုင်နှုန်းမှာ ၄၆.၈၈ ရာခိုင် နှုန်းရှိကြောင်း၊ စာမေးပွဲများကို စံချိန်စံညွှန်း စည်းကမ်းများအတိုင်း ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေနှင့် အခက်အခဲများကြားက ပညာကိုလိုလိုလားလား သင်ယူကြိုးစားခဲ့ သောကြောင့် အောင်ချက်ကောင်းမွန်ကြောင်းတွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် အသိအမှတ်ပြု ဂုဏ်ယူရပါကြောင်း၊ အဆိုပါ ပညာသင်နှစ်တွင် အခက်အခဲများကြားက ကျောင်းတက်ရခြင်း၊ ဖြေဆိုရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၊ အခြား လုံခြုံရေး ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကြုံတွေ့ရခြင်း၊ ဆရာ၊ ဆရာမများကိုလည်း အသက်အန္တရာယ်ရှာသည်အထိ PDF အမည်ခံ   အကြမ်းဖက်သမားများက နှောင့်ယှက်ခဲ့ခြင်းများလည်း ရှိကြောင်း၊ ထိုသို့သော  အခက်အခဲကြားမှ ကျောင်းတက်ဖြေဆိုရသူများကို နိုင်ငံတော်အကြီးအကဲက အသိအမှတ်ပြုကြောင်း၊ ထို့ကြောင့်လည်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများနှင့် အကြောင်း အမျိုးမျိုးကြောင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၃ ခုနှစ်တွင် နောက်ဆုံး တစ်ကြိမ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပေးရန် စီစဉ်ထားကြောင်း ပြောလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်းကို KG+9 အခြေခံပညာအလယ်တန်း အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ (KG+9) ပြီးဆုံးသည့်အခါ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားသည့်ကျောင်းများကို ဆက်လက် တက်ရောက်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်သကဲ့သို့  သတ်မှတ်အရည်အချင်းပြည့်မီလျှင်လည်း အဆင့်မြင့်ပညာ ရပ်များကို သင်ကြားပေးနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်ပြီး တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားမှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များအတွက် ဘွဲ့ကြိုသင်တန်းများနှင့် ပါရဂူ သင်တန်းများ အပါအဝင် ဘွဲ့လွန်သင်တန်းများအားလုံးကို တက္ကသိုလ်၊  ဒီဂရီကောလိပ် နှင့် ကောလိပ်(၄၉)ကျောင်းတွင် ဖွင့်လှစ်ခဲ့ရာ စာရင်းရှိ (၂၉၉၅၁၃)ဦး(၂ သိန်း၉ သောင်းကျော်)၊ ကျောင်းအပ်နှံမှု (၂၄၆၅၃၁)ဦး (၂ သိန်း ၄ သောင်းကျော်)ရှိပြီး (၇၂၆၆၀) ဦး(၇ သောင်း ၂ ထောင်ကျော်)ကျောင်း တက်ရောက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊  ဇွန်လအတွင်းတွင်လည်း   တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာကြသည့်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဝေး သင် သင်တန်းများရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၄၁ ကျောင်း၌ အဝေးသင်သင်တန်းများကို ပုံမှန်နေ့ သင်တန်းများနှင့် အတူ  တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း၊ အဝေးသင် သင်တန်းအသီးသီးတွင် အနီးကပ်သင်တန်းများ ပို့ချခဲ့ပြီးနောက် စာမေးပွဲများ စစ်ဆေးခဲ့ရာ စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၄၃၉၉)ဦး (၂ သောင်း ၄ ထောင်ကျော်)ရှိပြီး အဝေးသင် အောင်စာရင်းများကို မကြာမီထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ယခင်စာသင်နှစ်များတွင် ကျောင်းအပ်မှတ်ပုံတင်ရန် ကျန်ရှိနေသည့် နှစ်ချို့ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်လာပြီး ၂၀၂၂  ပညာသင်နှစ် အဝေးသင် ပထမနှစ်သင်တန်းများကို တက်ရောက်ခွင့်ရရှိထားကြသူများအားလုံးကိုလည်း ၃၁-၇-၂၀၂၂ ရက်အထိ သက်ဆိုင်ရာ ကျောင်းများတွင် ကျောင်းဝင်မှတ်ပုံတင်ရန်နှင့် စာစဉ်များ တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် နယ်စပ် ဒေသများ ပြည်တွင်းက မလုံခြုံသည့်နေရာများ၌ ရောက်ရှိနေပြီး ရိုးသားစွာ ကျောင်းပြန်တက်လိုသည့် ကျောင်းသား၊  ကျောင်းသူများ ကိုလည်း ပညာရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး  မိမိတို့အစိုးရက ပြန်လည်ဖိတ်ခေါ်ကြောင်း၊ ကြေညာချက်များလည်း ထုတ် ထားကြောင်း၊ ပညာခေတ်တွင် ပညာရှိမှ ဘဝလှမည်ဖြစ်သည်ဆိုသည်ကို စေတနာထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ပြောကြားလိုကြောင်း၊ ယခုရက် သတ္တပတ် (၁)ပတ်အတွင်း တစ်နေ့လျှင် ပျမ်းမျှဓာတ်ခွဲနမူနာပေါင်း   (၄၇၅၆) ခု စစ်ဆေးနိုင်ခဲ့ပြီး တစ်နေ့ပျမ်းမျှလူနာ ၁၁ ဦး ဖြစ်သည့်အတွက် ပိုးတွေ့နှုန်းသည် (ဝ.၂၂)ရာခိုင်နှုန်းသာရှိကြောင်း၊ ပြည်တွင်းကူးစက်မှု၊ တွေ့ရှိမှုက အနည်းငယ်သာရှိကြောင်း၊ ပြည်ပက ပြန်လာ သူများတွေ့ရှိမှုကများကြောင်း၊ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၏  စုစည်းထားသည့်အချက် အလက်များအရ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် မြန်မာနိုင်ငံ၏လူဦးရေ (၁) သန်းအနက် ဓာတ်ခွဲအတည်ပြုလူနာဦးရေ (၁)ဦးအောက်၊ (ဝ.၁၉) ရာခိုင်နှုန်းသာ တွေ့ရှိရသည့်အတွက် မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဖြတ်တောက်ထားနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း၊ ပြန်လည် ကောင်းမွန်လာမှု(Recovery)အနေနှင့် သုတေသနတွေ့ရှိချက်များအရ (၉၇)ရာခိုင် နှုန်းမှ (၉၉.၇၅) ရာခိုင်နှုန်းရှိပြီး မြန်မာ နိုင်ငံ၌ (၉၉.၇၃) ရာခိုင်နှုန်းရှိသည့်အတွက် အခြားနိုင်ငံများနည်းတူ ပြန်လည်ကောင်းမွန် လာသည့်နှုန်းရှိကြောင်း၊ သို့သော် လူနာသစ် နှင့် သေဆုံးသူများတွေ့ရှိရမှုသည် ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့၌  မြင့်မား  နေလျက်ရှိကြောင်းတွေ့ရကြောင်း၊ ဒေသ တွင်း နိုင်ငံအချို့ဖြစ်သည့် (စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား)နှင့် အိမ်နီးချင်းနိုင်ငံ များဖြစ်သည့် (ဘင်္ဂလားဒေ့ရှ်)တို့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနည်းငယ် မြင့်တက်နေသေးကြောင်း တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပေါ့ဆ၍မရသေးကြောင်းကို ပြောလိုပါကြောင်း ပြောကြားသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်ပြီး ထိုးနှံပေး လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက် အထိ လူဦးရေစုစုပေါင်း (၃၅၂၆၈၂၁၈) ဦး(၃၅ သန်းကျော်)ကို ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ အသက်(၁၈)နှစ်နှင့်အထက် လူ ဦးရေ၏ (၉၄.၃) ရာခိုင်နှုန်းအထိ ကာကွယ် ဆေးလွှမ်းခြုံမှုရရှိခဲ့ပြီးဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် အသက်(၁၅)နှစ်နှင့် အထက် ပြည်သူများနှင့် အသက်(၅) နှစ်မှ (၁၈) နှစ်အတွင်း အခြေခံပညာကျောင်းသူ၊ကျောင်းသားများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အခမဲ့ ထိုးနှံပေးခြင်းနှင့်  အသက်(၁၈)နှစ်နှင့်အထက် ကာကွယ် ဆေးအကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၆)လနှင့်အထက်ရှိသည့် မိဘပြည်သူများကို ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည့်အတွက် ပြည်သူများအနေနှင့် နီးစပ်ရာ ကျန်းမာရေးဝန်ကြီး ဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ပြီး ကာကွယ်ဆေးကို မပျက်မကွက်ခံ ယူကြရန် တိုက်တွန်းနှိုးဆော်  ထားရှိကြောင်း ပြောကြားသည်။         

ဆက်လက်ပြီး စက်သုံးဆီနှင့်စားသုံးဆီ ကိစ္စရပ်များကို ပြောကြားလိုကြောင်း၊ မိမိတို့ နိုင်ငံ၌ ယခင်ကတည်းက ကုန်သွယ်မှုလိုငွေ များ ဖြစ်ပေါ်လာခဲ့သည့်အတွက် မိမိတို့ အစိုးရစတင် တာဝန်ယူစဉ်ကပင် သွင်းကုန်များလျှော့ချ၍ ပြည်တွင်းထုတ်ကုန်များ ဦးစားပေး ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှု ပိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေနှင့် စတင် တာဝန်ယူချိန်ကစပြီး ပြည်တွင်းကုန် ထုတ်လုပ်မှုနှင့်  ပြည်တွင်းစီးပွားရေးကို အဓိကဦးစားပေးလုပ်ဆောင်ခြင်း၊ စားသုံး ဆီနှင့် စက်သုံးဆီများ ခြိုးခြံချွေတာမှုအစီ အစဉ်များပြုလုပ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ပိုငွေများရရှိသည့် အကျိုးကျေးဇူးများရရှိ ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် မျှော်မှန်းသလောက်မရှိခဲ့ကြောင်း၊ သွင်းကုန်/ထုတ် ကုန်များသည်လည်း ပုံမှန်နှစ်များထက် နည်းပါးခဲ့ကြောင်း၊ ထိုသို့သော အခက်အခဲများကြားက အစိုးရအနေဖြင့် ဝင်ငွေများ ရရှိအောင် ကြိုးပမ်းဆောင် ရွက်ခဲ့ရကြောင်း၊ သွင်းကုန်များဖြစ်သည့် စက်သုံးဆီချွေတာသုံးစွဲမှုနှင့် စားသုံးဆီများ လျှော့ချ သုံးစွဲနိုင်မည်ဆိုလျှင် ပြည်ပက တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားငွေသုံးစွဲမှုသည်လည်း လျော့ကျ လာမည် ဖြစ်ကြောင်း ပြောကြားသည်။

လူတစ်ဦးချင်းသည်  ကျန်းမာရေးနှင့် ညီညွတ်မှုအရ တွက်ချက်လျှင် တစ်ရက် စားသုံးဆီ ၂ ဒသမ ၂၅ ကျပ်သား အထိသာ စားသုံး ရမည်ဖြစ်ကြောင်း၊ ထိုနှုန်းနှင့် တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာ  နိုင်ငံ၏ ဆီထွက်ရှိ မှုနှင့် လုံလောက်မှု မရှိသည့်အပြင် နေ့စဉ်တစ်ဦးချင်း ဆီစားသုံးမှုမြင့်မားနေသည်ကို လည်းတွေ့ရှိရကြောင်း၊ ထို့ကြောင့် ဆီစားသုံး မှုလျှော့ချရန် လိုသ ကဲ့သို့ စားသုံးဆီထုတ်လုပ်မှု တိုးတက်ရေးလည်း လိုအပ်မည်ဖြစ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ဆီထွက် သီးနှံများ စိုက်ပျိုးနိုင်သည့် မြေသယံဇာတများ များစွာရှိကြောင်း၊ စိုက်ပျိုးမြေကို အပြည့်အဝအသုံးချစိုက်ပျိုးခြင်း၊ စိုက်ဧကအားလုံးတွင်  သီးထပ်သီးညှပ် စိုက်ပျိုးရေးများဖြင့်စိုက်ပျိုးပြီး စိုက်ပျိုးရေး လုပ်ငန်းများကို အထွက်နှုန်းများပိုတိုးတက် အောင်မြင်အောင်   ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ဈေးကွက် အခြေအနေအရ စားသုံးဆီနှင့်ပတ်သက်ပြီး ဈေးနှုန်း မြင့်တက် ခြင်းများရှိသော်လည်း အစိုးရအနေဖြင့် လုံးဝပြတ်လပ်ခြင်းမရှိအောင် စီမံဆောင်ရွက်နေလျက်ရှိကြောင်း။

စက်သုံးဆီအနေဖြင့် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍတွင် နိုင်ငံတော် အနေနှင့် Supply Chain တစ်ခုလုံးကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် အပြင် နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးကို အထောက်အကူဖြစ်စေရန် နိုင်ငံတော် အရန်ဆီများကိုပါ သိုလှောင်ထားရှိထားသည် ဖြစ်သည့်အတွက် နိုင်ငံတော်၏ စက်သုံးဆီ လိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်းပေး၊ ဆောင် ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ အတွင်းလုံလောက်သည့် စက်သုံးဆီပမာဏ တစ်ရပ်ကို သိုလှောင်ထားရှိကြောင်း ဦးစွာ အသိပေးတင်ပြလိုကြောင်း။

နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုရှိ စေရေးအတွက် ဆောင်ရွက်သည့်နေရာ တွင် ပြည်တွင်းသို့စက်သုံးဆီတင်သွင်းမှု များကို စနစ်တကျ စိစစ်ခွင့်ပြုပေးနေရသည့် အပြင် နိုင်ငံတော်အနေနှင့် စက်သုံးဆီ ဖြန့်ဖြူးမှုကွင်းဆက် တစ်ခုလုံးဟန်ချက်ညီစေရေး ထိန်းညှိ ဆောင်ရွက်နေရသည့်အတွက် အချို့သောဒေသများ၌  ယာယီအားဖြင့်  Supply-Demand မမျှတမှုမျိုးဖြစ်ပေါ်နိုင်သော် လည်း ယင်းအခက်အခဲများ လျော့ပါးရန်အတွက် Importer ကုမ္ပဏီများနှင့် လက်လီဆိုင်များအကြား လိုအပ်သည့်ညှိနှိုင်း ဖြေရှင်းမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ထိုသို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းကဏ္ဍတစ်ရပ်လုံးကို ထိရောက်စွာ ထိန်းကျောင်း ကိုင်တွယ်ဆောင်ရွက်နိုင် ရန်အတွက်လည်း စီးပွားရေးနှင့်ကူးသန်း  ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ဇွန်လ အတွင်း၌ စက်သုံးဆီအမယ်မျိုးစုံတင်ဆောင် လာသည့် သင်္ဘော ၁၇ စင်းခန့်ရောက်ရှိခဲ့ ပြီးဖြစ်သဖြင့်  ပြည်တွင်းသုံးစက်သုံးဆီ လုံလောက်မှုရှိသည့်အပြင် အရန်စက်သုံးဆီ ပါသိုလှောင်ထားရှိကြောင်း ပြောကြားလိုကြောင်း။

ဖြန့်ဖြူးမှုအပိုင်းအနေနှင့် သီလဝါ သိုလှောင်ကန်စခန်းတွင် OSS အဖွဲ့ကို ဖွဲ့စည်းထားရှိကာ စက်သုံးဆီလက်လီ အရောင်းဆိုင်များကို အဓိကထားပြီး စဉ်ဆက် မပြတ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း၊ ထို့ပြင် အခြားလုပ်ငန်းသုံးများအတွက် စက်သုံးဆီ လိုအပ်ချက် များကို လည်း ဦးစား ပေးအစီအစဉ်အတိုင်း လက်ကားဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ ယင်းသို့  ဖြန့်ဖြူး ရောင်းချမှုမှာ ကော်မတီက နေ့စဉ်ထုတ်ပြန်ပေးထားသည့် လက်လီ/လက်ကား ရည်ညွှန်း ဈေးနှုန်းများနှင့်အညီ ရောင်းချပေးနေခြင်း ဖြစ်ကြောင်းပြောကြား၍ ၃၀-၆-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ လက်ရှိ စက်သုံးဆီဈေးနှုန်းများကို  Power Point တွင် ရှင်းလင်းပြသသည်။        

ဆက်လက်ပြီး ပြည်တွင်း၊ ပြည်ပချေးငွေများအကြောင်း  ပြောမည်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပချေးငွေရယူမှုအနေနှင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ပြည်တွင်းချေးငွေပေါင်း ကျပ်ဘီလီယံ ၁၆၉၆၃.၇၄၆ (တစ်သောင်း ခြောက် ထောင်ကျော် ဘီလီယံ)နှင့် ပြည်ပ ချေးငွေပေါင်း ကျပ်ဘီလီယံ ၅၂၈၁.၂၂၆ (၅ ထောင်ကျော်) စုစုပေါင်းကျပ်ဘီလီယံ ၂၂၂၄၄.၉၇၂ (၂ သောင်း ၂ ထောင်ကျော်)ရှိကြောင်း။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ပြည်တွင်း ကြွေးမြီလက်ကျန်သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုလာကြောင်း၊ ယင်းသို့ပိုမိုလာခြင်းသည် နှစ်စဉ်ပြည်ထောင်စုဘတ်ဂျက်တွင် လိုငွေ များတိုးတက်ဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး အစိုးရငွေတိုက်လက်မှတ်များ ဈေးပြိုင်စနစ် နှင့်ရောင်းချရာတွင် ရွေးယူရမည့် ပမာဏထက် ပိုမိုရောင်းချရခြင်း၊ အစိုးရငွေတိုက် စာချုပ်များ ဈေးပြိုင်စနစ်နှင့် ရောင်းချရာတွင် ယင်းဘဏ္ဍာရေးနှစ်အတွင်း ဈေးပြိုင်စနစ် မတိုင်မီရောင်းချခဲ့သည့် ငွေတိုက်စာချုပ် များနှင့် ဈေးပြိုင်စနစ်နှင့်ရောင်းချခဲ့သည့် သက်တမ်းစေ့ရောက်သော ငွေတိုက်စာချုပ်များကို ပြန်လည်ရွေးနုတ်ရသည့် ပမာဏ ထက်ပိုမိုရောင်းချရခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေချေးယူခြင်း၏ ဖြည့်ဆည်းခဲ့ရသည့် ပမာဏများပြားလာခြင်းများ ကြောင့်ဖြစ်ကြောင်း။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ပထမ ၄ လ) ကာလ အထိ မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်း သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်ထိ တိုးတက် ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း၊ ယင်းသည် ထိုအချိန်တုန်းက လွှတ်တော်၌ တရားဝင်တင်ပြခဲ့သည့်စာရင်းများဖြစ်ကြောင်း၊ ထို့ကြောင့် မိမိပြောကြားလိုသည်မှာ စီးပွား ရေးကျသည်ဆိုခြင်းမှာ ထိုအချိန်ကတည်း က စတင်ကျဆင်းနေခြင်းဖြစ်ကြောင်း၊ နှစ် အလိုက် ရငွေ၊ သုံးငွေနှင့် ပိုငွေ၊ လိုငွေသည် လည်း နှစ်စဉ်လိုငွေဖြစ်ပေါ်ခဲ့သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လိုငွေ အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပေါ်ခဲ့သည့် လိုငွေများကို အစိုးရငွေတိုက် လက်မှတ်များ၊ အစိုးရငွေတိုက်စာချုပ်များ ရောင်းချဖြည့်ဆည်းခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေချေးယူခြင်းတို့နှင့် ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရကြောင်း၊ အကျိုး ဆက်အနေနှင့် ပြည်ပကြွေးမြီနှင့် ပြည်တွင်းကြွေးမြီလက်ကျန်များ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာခြင်းကြောင့် ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက်ဆောင် ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေနှင့် ပါဝါပွိုင့်တွင်ပြထားသည့် ချေးငွေများကို နှစ်စဉ်အတိုးအရင်းဒေါ်လာ သန်း ၇၀၀ ခန့် ပေးဆပ်နေရကြောင်း၊ ထိုသို့ ကျဆင်းနေသည့် စီးပွားရေးကို ပြန်လည် ဦးမော့လာစေရန်ကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နေရတာဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပြည်တွင်းထုတ်ကုန်များနှင့် ပြည်တွင်းစီးပွားရေးကို အားမပေးဘဲ သွင်းကုန်ကိုသာ အဓိကထားခဲ့သည့်မူဝါဒ အမှားကြောင့် ယခုကဲ့သို့စီးပွားရေးကျဆင်း နေရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရ အနေနှင့် စီးပွားရေးမြှင့်တင်မှု ဆောင်ရွက်ရာတွင် ပြည်တွင်းထုတ်ကုန်နှင့် စီးပွားရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၏ အဓိက ထုတ်ကုန်ဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်ခြင်း၊ အဆင့် မြှင့်တင်ခြင်းများလုပ်သွားရမည်ဖြစ်ကြောင်း၊ ရရှိထားသည့် မြေ၊ ရေနှင့် လူသားအရင်း အမြစ်များကို စွမ်းအားမြှင့်တင်ပြီး အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုပြောကြားသည်။

ဆက်လက်ပြီး တတိယအချက်အနေဖြင့် NUG၊ PDF တို့၏အကြမ်းဖက်ဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်စပ်မှုများကို ပြောကြား သွားမည်ဖြစ်ကြောင်း၊ လက်ရှိအကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG အဖွဲ့အမည်သည် မြန်မာလိုအမျိုးသား ညီညွတ်ရေး အစိုးရဟု ခေါ်ကြောင်း၊ ညီညွတ်သည်မှာ နှစ်ခုသာရှိကြောင်း၊ ပထမဆုံး ညီညွတ်သည်မှာ ပြည်ပကို ပြေးခြင်းဖြစ်ကြောင်း၊ ရရှိထားသည့် သတင်းများအရ တစ်ယောက်၊ နှစ်ယောက်မှအပ ဘယ်သူမှ ပြည်တွင်း၌မကျန်ပါကြောင်း၊ တစ်ယောက်၊ နှစ်ယောက်ဆိုသည်မှာ လည်း ၎င်းတို့ပြောနေကျစကားဖြစ်သည့် “ဓာတ်ပုံရိုက်ချင် ပြည်တွင်းဝင်၊ ရိုက်ပြီးပြန်ထွက်တစ်မနက်” ခရီးဆိုသည့်  နိုင်ငံဘက်၌ နေကြတာဖြစ်ကြောင်း၊ နောက်ထပ်ညီညွတ်သည်မှာ အလှူခံခြင်းသာဖြစ်ကြောင်း၊ ထိုနှစ်ခုမှအပ မညီညွတ်သဖြင့် အချင်းချင်း အပြန်အလှန် သတ်ဖြတ်နေခဲ့ခြင်းများရှိကြောင်း၊ ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိမိပြောခဲ့သည့် KNPP က သတ်ခဲ့သည့် ဆင်မကြီး ဆိုသည့် ပုဂ္ဂိုလ်ကိစ္စအား  ယခုအချိန်ထိ ပြောဆိုနေကြခြင်းရှိပါကြောင်း၊ စစ်ကိုင်းတိုင်းက ဗိုလ်သံမဏိဆိုသည့် ပုဂ္ဂိုလ် သတ်ဖြတ်ခဲ့သည်မှာ မည်သည့်အဖွဲ့များပါသနည်း၊ ယခုလတ်တလောဖြစ်နေသည့် အပြန်အလှန် ဖမ်းကြ၊ စစ်ကြ၊ သတ်ကြဖြစ်နေ သည့်အဖွဲ့များက မည်သည့်အဖွဲ့များလဲဆိုသည်ကို  စဉ်းစားကြည့်စေလိုပါကြောင်း၊   ၎င်းတို့အချင်းချင်းကြားတွင်   ငါတို့က ပကဖ၊ မင်းတို့က PDF ၊ ငါတို့က NUG နှင့်ချိတ်ဆက်ထားတာ စသည်ဖြင့် ဖြစ်နေကြကြောင်း၊  ငါတို့က လွတ်လွတ်လပ်လပ်တိုက်တာ  စသည့် အချက်အလက်များကိုလည်း ကြားသိမြင်တွေ့နေကြမည်ထင်ပါကြောင်း ပြောကြားပြီး ယင်းတို့နှင့် ပတ်သက်၍   ထိုအဖွဲ့များ အချင်းချင်း ပြောကြားထားကြသည့် ဗီဒီယိုဖိုင်များကို ပြသသည်။

အလှူငွေကိစ္စများသည်လည်း အပြန်အလှန်စွပ်စွဲနေသည်မှာ မကြားချင်မှအဆုံး ဖြစ်ကြောင်း၊ ထို့ပြင် အလှူငွေကောက်မရသည့်အခါ  ဓားပြတိုက်မှုများ ဆက်လက် ကျူးလွန်နေမှုများရှိကြောင်း၊ လွန်ခဲ့သည့် ၆ လ ၇ လက EAO အဖွဲ့ခေါင်းဆောင်တစ်ယောက် ပြောကြား ခဲ့ဖူးသည့် “PDF အဖွဲ့များသည် ဓားပြသာသာဖြစ်သွားနိုင်သည်” ဆိုသည့်စကားရှိကြောင်း၊ ထိုစကားသည် အတွေ့အကြုံ အရ ပြောသည့် စကားဖြစ်ကြောင်း၊ လက်တွေ့တွင်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်ကိုသတိရမည်ဖြစ်ကြောင်း၊ ယင်းဓားပြတိုက်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်မှု လျင်လျင်မြန်မြန်သာ ပြုလုပ်ခဲ့ကြောင်း၊ အံ့သြစရာကောင်းသည်မှာ ယင်းဓားပြ အဖွဲ့သည် PDF အဖွဲ့ဖြစ်နေ ကြောင်း၊ ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့သည် ကမ္ဘောဇဘဏ်ခွဲ (၉)ကိုဝင်ရောက်ပြီး ဘဏ်ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း တွေ့ရကြောင်း ပြောကြား၍ ဓားပြတိုက်မှုဖြစ်စဉ် ဗီဒီယိုဖိုင်ကို ပြသသည်။

ယင်းဖြစ်စဉ်မှ PDF အဖွဲ့ခေါင်းဆောင်မှာ ဆရာစွမ်းဆိုသည့် ထက်ရှိုင်းဇော်ဖြစ်ပြီး အင်အား ၂၅ ဦးနှင့်ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းကို ဖမ်းဆီးခဲ့စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ ဓားပြတိုက် ရာတွင်  အသုံးပြုသည့်  လက်နက်၊ ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် PDF အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ်ခန့်က တပ်သားအဆင့်ဖြင့် တပ်ပြေးမှုကျူးလွန်ထားသည့် စစ်ပြေး တစ်ယောက်လည်းဖြစ်ကြောင်း၊ ဓားပြတစ် ယောက်လည်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟူ၍ အမည်ခံသည့်  ပြည်သူကို ဓားပြတိုက်သည့် အဖွဲ့ဖြစ်ကြောင်း၊   မည်သည့် ပြည်သူများကို ကာကွယ်နေသနည်းဟု မေးခွန်းထုတ်လိုကြောင်း၊ ထိုကဲ့သို့သော PDF အဖွဲ့များလည်းရှိနေကြောင်း၊  ယင်း PDF ခေါင်းဆောင်သေသည့်အခါ  အခြား  PDF အဖွဲ့ခေါင်းဆောင်များ၊ NUG နှင့် ဆက်စပ်နေသူများက သူရဲကောင်း တစ်ယောက် သဖွယ် ရေးခဲ့၊ ပြောခဲ့၊ Post များ တင်ခဲ့သည်များကိုတွေ့ရှိရကြောင်း၊ ယင်းအဖွဲ့များသည် “ပုလင်းတူ ဘူးစို့” ဓားပြအားပေး များဆိုသည်မှာ ထင်ရှားကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရှမ်းနီလူမျိုး၊ KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တို့ အကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များကို  ထပ်မံတင်ပြလိုကြောင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အတွင်း၌ ရှမ်းနီတိုင်းရင်းသားများ အခြေချနေထိုင်လျက်ရှိကြောင်း၊     မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိပြီး ထိုအထဲတွင် ရှမ်းမျိုးနွယ်စုအတွင်း ပါဝင်သော ရှမ်းနီလူမျိုးများလည်း ပါဝင်ကြောင်း၊ ယင်းရှမ်းမျိုးနွယ်စုများသည် တိုင်းနေ(အထက်ရှမ်း)၊ တိုင်းမောဝ်(မောဝ်ရှမ်း)၊ တိုင်းလုံ(ရှမ်းကြီး)စသည်ဖြင့် ရှိကြ ကြောင်း၊ ယင်းမျိုးနွယ်စုများမှာ အထက်မြန်မာပြည် အင်းတော်ကြီးဒေသ၊ မိုးညှင်းဒေသ၊ မိုးကောင်းဒေသ၊ မြစ်ကြီးနားဒေသ၊ ပူတာအိုဒေသ၊ ဗန်းမော်ဒေသ၊ ကာမိုင်းဒေသ၊  ဝိုင်းမော်ဒေသ၊  ဖားကန့်ဒေသ၊  ဗန်းမောက်ဒေသတို့၌ ပျံ့နှံ့နေထိုင်ကြသကဲ့သို့  စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် ကလေးခရိုင်တို့၌လည်းနေထိုင်ကြကြောင်း၊ အထင်ကရ  ရှမ်းနီစော်ဘွားတစ်ဦးမှာ ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ်ဖြစ်ကြောင်း။

ပင်လုံစာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးစဉ်ကတည်းက ထိုစဉ်က ကချင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒူဝါဇော်လွန်းသည် ဗိုလ်ချုပ် အောင်ဆန်းထံတွင်  ကချင်ပြည်နယ်ဖွဲ့စည်းရန်နှင့် ယင်းနယ်များပါ ကချင်ပြည်နယ်ထဲထည့်ရန် တောင်းဆိုခဲ့ကြောင်း၊ ပင်လုံစာချုပ် ဖြစ်ပေါ်လာပြီးနောက်ပိုင်း ထိုနယ်မြေများသည် ကချင်ပြည်နယ်ထဲသို့ပါသွားသည့် နယ်မြေများဖြစ်ကြောင်း၊ ရှမ်းနီလူမျိုးများ နေထိုင်သည့် ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဝိုင်းမော်၊ ဖားကန့်နှင့် တနိုင်းဒေသ စသည့်မြို့နယ်များ ပါဝင်သွားခဲ့ကြောင်း၊ နယ်မြေများ ကို ပြန်လည်ရရှိရေးအတွက် တောင်းဆိုမှုများလည်းရှိကြကြောင်း၊ ကချင်ပြည်နယ်ထဲတွင် ဂျိမ်းဖော၊ လော်ဝေါ်၊ ကဇီး၊ ဇိုင်ဝါ၊ လီဆူး၊ ရဝမ်စသည့် ကချင်လူမျိုးစု ၆ မျိုးစုနှင့် ရှမ်းနီလူမျိုးများဖြစ်သည့် တိုင်းလုံ၊ တိုင်းဆာလိုင်၊ ခန္တီးရှမ်း  စသည့်ရှမ်းလူမျိုးစုများလည်း အတူနေထိုင်ကြကြောင်း၊ ယင်းထဲမှ ကချင်မျိုးနွယ်စုတစ်ခုသည် လက်နက်အားကိုးဖြင့် အခြားကချင်မျိုးနွယ်စုများအပေါ်သာမက ရှမ်းနီလူမျိုးများအပေါ်တွင်လည်း အနိုင်ကျင့် ဗိုလ်ကျမှုများရှိနေကြောင်း၊ ရှမ်းနီဆက်စပ်နယ်မြေများ၌ လူမျိုးကြီးဝါဒနှင့် ဗိုလ်ကျ စိုးမိုးအနိုင်ကျင့် ကျင့်သုံးနေကြောင်း၊ ကချင်ပြည်နယ်၌ KIA/ KIO သောင်းကျန်းသူအဖွဲ့  စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းနီလူမျိုးများကို လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်းများအပြင် ရှမ်းနီအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခြင်းနှင့် နှိပ်စက်သတ်ဖြတ် ခြင်းများကို လုပ်ဆောင်ခဲ့မှုများ အများအပြားရှိခဲ့ကြောင်း။

ဥပမာအားဖြင့် KIA ၏ ပစ်ခတ်မှုကြောင့် နမ့်ယားရွာရှိ  ကျောင်းဆရာမ တစ်ဦးဖြစ်သည့် မြရူပါငယ်ကို လက်နက်ကြီး စထိမှန်ခဲ့ သည့်ဖြစ်စဉ်၊   ဖားကန့်မြို့နယ် နမ္မဖြစ်  အလယ်တန်းကျောင်းမှကျောင်းဆရာ ဦးအောင်ဇင်ထွန်းကိုလည်း အတင်း အဓမ္မဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံ ပညာအထက် တန်းကျောင်းဝင်းအတွင်းသို့ ဇွန် ၄ ရက် ည ၈ နာရီခန့်က PDF အမည်ခံအကြမ်းဖက် သမားများက ဆိုင်ကယ် ၂ စီးနှင့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၃ လုံးဖြင့် ပစ်ပေါက် ခဲ့ကြောင်း၊ ရှမ်းနီလူမျိုးများကို အကြောင်းမဲ့ သတ်ဖြတ်မှုများအနေနှင့်  ၅-၁၀-၂၀၁၅ ရက်နေ့တွင်  ကိုထွန်းလွင်၊ ၆-၁၀-၂၀၁၅ ရက်နေ့တွင် ကိုကံဆက်၊ ၂၂-၅-၂၀၁၆ ရက်နေ့တွင် ဒေါ်နန္ဒာလှိုင်၊  ၆-၇-၂၀၂၀ ရက်နေ့တွင် စိုင်းသန့်ဇင်အောင်၊ ၆-၇-၂၀၂၀ ရက်နေ့တွင် စိုင်းဇော်မျိုးဦး၊ ၂-၁-၂၀၂၁ ရက်နေ့တွင် ကိုသိန်းဝင်း(ခ)ဆံရှည်တို့ကို KIA/ KIO အဖွဲ့များကသတ်ဖြတ်ခဲ့ကြောင်း၊ ယင်းမှာ မိမိတို့သိရသည့် ဖြစ်စဉ်များ ဖြစ်ပြီးအခြားသော ဖြစ်စဉ်များလည်း ရှိသေးကြောင်း။

လက်ရှိကာလ ဇွန်လ ၂၅ ရက်နေ့ ညနေ ၇ နာရီခွဲခန့်အချိန်တွင် ကချင် ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာနေ ရှမ်းနီစာပေနှင့် ရိုးရာ ယဉ်ကျေးမှုကော်မတီ နာယကဖြစ်သည့် ဦးသန်းဖေကို KIA တပ်မဟာ (၉)လက်  အောက်ခံ KPDF အဖွဲ့မှ လူငယ်နှစ်ဦးက ဆိုင်ကယ်စီးနင်းမောင်းနှင်ပြီး သေနတ်ဖြင့် ဦးခေါင်းကို ၃ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ အလားတူ ဇွန်လ ၁၉ ရက်နေ့တွင် ဗန်းမောက် ရှမ်းနီစာပေယဉ်ကျေးမှု ဒုတိယဥက္ကဋ္ဌ စိုင်းကျန်အောင် (ခ)ဆေးလိုင်ကို လက်နက်ငယ်များဖြင့် ပစ်ခတ် ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ကချင်ပြည်နယ်၌ KIA/KIO အဖွဲ့၏ လက်ဝေခံ PDF များက ပညာရေးကဏ္ဍကို အကြမ်းဖက် တိုက်ခိုက်လျက်ရှိသည့်အပြင် လူနည်းစုတိုင်းရင်းသားလူမျိုးများကိုလည်း နှိပ်စက်ညှဉ်းပန်းဆောင် ရွက်လျက်ရှိကြောင်း၊ ယင်းဒေသက PDF အဖွဲ့များသည်  KIA လက်အောက်ခံဖြစ်သည့်အတွက် ၎င်းတို့၏ လုပ်ရပ်အားလုံးကို တာဝန်ခံရန် အဓိက အကျဆုံးအဖွဲ့ဖြစ်ကြောင်း၊ လူမျိုးရေးပဋိပက္ခသည် ဖြေရှင်းရခက်ကြောင်း၊ မိမိတို့နိုင်ငံ၌ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် မည်သည့်လူမျိုးစုမှ သီးသန့်နေထိုင်ခြင်းမရှိကြောင်း၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်နေကြတာဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၌ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးများ ခန့်အပ်ထားကြောင်း၊ ဥပမာ  ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ရှမ်းတိုင်းရင်းသားများနှင့်ဆိုင်သည့် ဝန်ကြီးရှိသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသား ဝန်ကြီးများရှိကြောင်း၊  လူမျိုးကြီးဝါဒကျင့်သုံးပြီး ကျန်တိုင်းရင်းသားများကို နှိပ်ကွပ်ခြင်းသည် မလုပ်သင့် သည့်အလုပ်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မကြာသေးမီကဖြစ်ပွားခဲ့သည့် ဥကရစ်ထစခန်းဖြစ်စဉ်ကို ရှင်းပြလိုကြောင်း၊ ဥကရစ်ထစစ်ဆင်ရေးခြေကုပ်စခန်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့၏ တောင်ဘက်စစ်ဆင်ရေး ခြေကုပ်စခန်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဥကရစ်ထ စစ်ဆင်ရေး ခြေကုပ်စခန်းတွင် အခြေပြုပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စခန်းတစ်ခုသာဖြစ်ကြောင်း၊ ထိုစခန်းကို ဇွန်လ ၂၆ ရက်နေ့ မှစပြီး နယ်ဒါးမြ၊ စောစလုံး၊ စောအဲ့စေးဝါး အဖွဲ့များနှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တို့က သာလွန်အင်အားကိုအသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉-၆-၂၀၂၂ ရက်နေ့ တစ်ရက်တည်းတွင် ၈ ကြိမ် တိုင် တိုင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဥကရစ်ထစစ်ဆင်ရေး ခြေကုပ်စခန်းမှ တပ်မတော်သားများအနေဖြင့် ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်ဖြင့် စနစ်တကျတန်ပြန်ခုခံပစ်ခတ်ခြင်း၊  အထက်ဌာနများမှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့ကို အချိန်ကိုက် နေရာကိုက်ထိရောက်သည့် ပစ်ကူပစ်အားများ ပေးခဲ့သည့်အတွက် အကြမ်းဖက် သမားများသည် စခန်းကိုသိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကျအဆုံးများစွာနှင့် ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း၊ မြေပြင်သတင်း၊  ၎င်းတို့ ဘက်က တင်ထားသည့် သတင်းများ၊ နယ်စပ်ဒေသဒေသခံများဆီက ပေးပို့လာသည့်သတင်းများအရ သိရှိရကြောင်း၊ ယင်းပူးပေါင်း အဖွဲ့များ ဥကရစ်ထ စစ်ဆင်ရေးခြေကုပ်စခန်းကို မည်သို့ခြေကုပ်ယူတိုက်ခိုက်သည်၊ မည်သို့အသေခံ တိုက်ခိုက်ခိုင်းသည်ကို ဗီဒီယိုဖိုင်တွင် ကြည့်စေလိုကြောင်း၊ ကျေးရွာစာသင်ကျောင်းများ၊ လူနေအိမ်များကို အကာအကွယ်ယူ၍ တိုက်ခိုက်ကြကြောင်း၊ မိမိပြောလိုသည်မှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကျေးရွာများ တည်ငြိမ်အေးချမ်းရေးကို မည်သူက ဖျက်ဆီးနေသည်ကို  လက်တွေ့ တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အထောက်အကူပြုနေသည့်သူများကိုလည်း ပုံနှင့်သာပြသမည်ဖြစ်ကြောင်း၊ ယင်းတို့ကို လည်း လက်တွေ့ မြင်ရမည်ဖြစ်ကြောင်း၊ တိုက်ပွဲနှင့်ပတ်သက်ပြီး အများအားဖြင့် သေကျေထိခိုက်ဒဏ်ရာရသူများမှာ အများအားဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ လူငယ်၊ လူရွယ်များသာဖြစ်ကြောင်း၊ ၎င်းင်းတို့ သေသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်ပြည်သူလူထုသာ သေဆုံးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ဖြစ်အောင် မည်သူက မြှောက်ပေးနေ၊   အလှူခံစား နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တိုက်ပွဲတွင် အဘယ်ကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့၏ လူငယ်၊ လူရွယ်များကို အသေခံခိုင်းနေတာလဲ၊ နောက်ကမြှောက်ပေးနေတာ ဘယ်သူများလဲဆိုသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ၎င်းနောက် ထူးခြားချက် တစ်ချက်အနေဖြင့် ယခင်က တပ်မတော်စခန်းများကို တိုက်ခိုက်သည့်  တိုက်ပွဲများထက်  ယခုတိုက်ပွဲတွင် ထူးခြားသည်မှာ  ကျည်နှင့်ခဲယမ်းများ များများစားစား အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းလက်နက်ခဲယမ်းများ ဘယ်ကရသလဲ၊ မိုးပေါ်ကကျလာတာ တော့မဟုတ်ကြောင်း၊ ပေးမှသို့မဟုတ် ဝယ်မှရမည်ဖြစ်ကြောင်း၊ ထိုသို့ လက်နက် ခဲယမ်းများရနေသမျှ တိုက်ပွဲများမှာ ဖြစ်နေဦးမည် သာဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်နေဦးမည်သာဖြစ်ကြောင်း၊ မိမိတို့လက်နက်၊ ခဲယမ်းများ မထောက်ပံ့ ပေးပါဟု ပြောနေသည်များရှိကြောင်း၊ ၎င်းင်းတို့ကို ပြန်မေးလိုသည်မှာ “ဒါဆိုဘယ်ကရနေသလဲ” ဟူ၍ဖြစ်ကြောင်း၊ တိုက်ပွဲများတွင် သေကျေဒဏ်ရာရသူများကို ဆေးရုံပို့နေသည့်ပုံများလည်း တွေ့ရမည်ဖြစ်ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့ကို အသုံးချနေ သည်၊ ချကျွေးနေသည်၊ သေတွင်းပို့နေသည်ကို သတိရှိကြရန်လိုသည်ဟု စေတနာထားပြီး ပြောလိုကြောင်း၊ ထို့ကြောင့် လမ်းမှား ရောက်နေသည့် CDM ဝန်ထမ်းများ၊ လူငယ်၊လူရွယ်များကို လက်ခံရေးစခန်းများဖွင့်ပြီး ပြန်လည်ဖိတ်ခေါ်ရန် ဆောင်ရွက်နေကြောင်း၊ ကြေညာချက်ထုတ်ခဲ့ကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်များ လမ်းမှားရောက်နေသူများအနေဖြင့် မိမိတို့ကို အသုံးချနေသည်ကို သိမြင်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဖိတ်ခေါ်နေချိန်တွင် ပြန်လည်ဝင်ရောက်ရေး ဆက်သွယ်ဆောင်ရွက်သွားကြပါဟု စေတနာဖြင့် တိုက်တွန်းလိုပါကြောင်း၊ သက်ဆိုင်သူအားလုံးကလည်း  ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးပါဟု ပြောလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများအနေဖြင့် (က) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့်တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက်မှုအခြေအနေ၊ (ခ)မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ အပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ   (၂၀၀၈ ခုနှစ်) ပုဒ်မ-၇ ပါ  ပြဋ္ဌာန်းချက်အရ “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ကိုကျင့်သုံးသည်” ဖြစ်ရာ ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရန် လိုအပ်ပါကြောင်း၊ အလားတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၈ အရ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့်ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဖြစ်ရာ ထိုအခွင့် အရေးကို မှန်ကန်စွာကျင့်သုံး ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများသည် မည်သည့် နှောင်ကြိုး၊ ဖိအား၊ ခြိမ်းခြောက်၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရမည်ဖြစ်ကြောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်လည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရန် အာမခံထားရှိပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အမှတ်(၅)နှင့် အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယခင်ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ များကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေးများသည် အရေးကြီးသည့် အခြေခံလိုအပ်ချက်များဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ မဲရုံအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ဌာနဆိုင်ရာ များအပါအဝင် သက်ဆိုင်သူအားလုံးသည် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကောင်းမွန်စွာသိရှိပြီး တိကျစွာ လိုက်နာရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများ၊ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ပါကလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်းပြီး အသေးစိတ် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲ ကိုယ်စား လှယ်ကဖြစ်စေ၊ မဲဆန္ဒရှင်တစ်ဦးကဖြစ်စေ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့်   တရားမဲ့ပြုကျင့်မှုများ ကျူးလွန်ပြီး ပါတီတစ်ခု သို့မဟုတ် ကိုယ်စားလှယ်လောင်းတစ်ဦး အသာရအောင် သို့မဟုတ် နစ်နာအောင်ဆောင်ရွက်ပါက လိုအပ်သော အရေးယူမှုများ ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို အရေးယူရာတွင်လည်း ကျူးလွန်သည့် ပြစ်မှုအမျိုးအစားနှင့် ညီမျှသည့် ပြစ်ဒဏ်များ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်စပ်လျဉ်းပြီး လိမ်လည်စွပ်စွဲ တိုင်တန်းပါက အနည်းဆုံး ၃ လ မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ် ချမှတ်ခြင်းခံရမည့်အပြင် ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ် ချမှတ်ခံရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခြင်း ပျက်ပြားရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ   အားထုတ်ကြိုးပမ်းခြင်း၊ ကျူးလွန်အားပေးကူညီခြင်းတို့ ဆောင်ရွက်ပါက ထိရောက်ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးကိုလည်း ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ အထူး တင်ပြ လိုသည်မှာ အချိုးကျ ကိုယ်စားပြုစနစ်(PR)စနစ်ဖြင့် ကျင်းပမည့် နောင်ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ်တစ်နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ၊ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ တရားမဲ့ပြု ကျင့်မှု ကြောင့် ကန့်ကွက်လွှာ     တင်သွင်းခြင်းခံရပြီး ရွေးကောက်ပွဲခုံအဖွဲ့၏   ဆုံးဖြတ်ချက် အရ ရွေးကောက်တင်မြှောက်ခံရခြင်းမှ ပျက်ပြယ်ကြောင်း အတည်ပြုဆုံးဖြတ်ပါက ယင်းပါတီရရှိခဲ့သည့် အဆိုပါမဲဆန္ဒနယ်၏ ဆန္ဒမဲရလဒ်များကို ပယ်ဖျက်ခံရမည် ဖြစ်သောကြောင့် တရားမဲ့ပြုကျင့်မှုများ မဖြစ်ပေါ်စေရေး  အထူးအလေးထားဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ် သက်ကျူး လွန်ဆောင်ရွက်ခဲ့ကြသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အရေးယူ ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြ မည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အထွေ ထွေရွေးကောက်ပွဲကာလမှာ ရွေးကောက် ပွဲနှင့်ပတ်သက်သည့် အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ရွေးကောက်ပွဲဥပဒေနှင့် အရေးယူဆောင်ရွက်ခဲ့သည့်အမှု ၅၄၆ မှု ရှိခဲ့ပါကြောင်း၊ ထိုအမှုများနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကရရှိသည့် စာရင်းဇယားများအရ တရားစွဲတင်ပြီး ၃၄၅ မှု ၊ ပိတ်သိမ်း ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲ ၁ မှုဖြစ်ပါကြောင်း၊ အလားတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသည့် နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ အပါအဝင် ကျူးလွန်သူ ၄၈၉ ဦးကို အမှုတွဲ ၃၆၄ ခု ဖြင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး တရားစွဲဆိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျူးလွန်သူ ၁၇၀ ဦး ကို အမှုတွဲအရေအတွက် ၁၃၇ မှု ဖြင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၅၈ မှု နှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၇၉ မှု ဖြစ်ပါကြောင်း။ 

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို စနစ်တကျကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သည့် ယခင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ပေါင်း ၂၄၁၇ ဦးကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျူးလွန်သူ ၂၁၇၃ ဦးကို အမှုတွဲအရေအတွက် ၃၇၃ ခု နှင့် တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၃၆၉ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၄ မှု ဖြစ်ပါကြောင်း။

ဆက်လက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများအပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို တင်ပြမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက အနီးကပ် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် ပြည်ထဲရေးဝန်ကြီးဌာန၏မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ကောက်ယူပြုစုထားသည့် မြေပြင်လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားပြီး အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)ကို အခြေခံပြုစုထားသည့် စာရင်းတို့ကိုရယူပြီး တိုက်ဆိုင်စစ်ဆေးခြင်း ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ဆောင်ရွက် လျက်ရှိရာ ယနေ့အထိဆောင်ရွက်ပြီး ၂၁၈ မြို့နယ်၊ ဆောင်ရွက်ဆဲ ၉၀ မြို့နယ်နှင့် ဆောင်ရွက်ရန် ကျန် ၁၇ မြို့နယ်ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မြို့နယ်များကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၄၅ မြို့နယ်နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဌာနများကရရှိသည့် အခြေခံလူဦးရေစာရင်းသည် ရှစ်သန်းခန့်ရှိရာ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများ ပြားသည့် အတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ပြည်ထောင်စုနယ်မြေအပါအဝင်  မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များက ကော်မရှင်ရုံးဝန်ထမ်းများကို ရန်ကုန်မြို့တွင်စုစည်းပြီး ရန်ကုန်တိုင်းဒေသကြီးရှိ လူဦးရေများပြားသည့် မြို့နယ်များအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ဇွန်လ ၁၈ ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်းတွင် ဆောင် ရွက်နေသည့် မှော်ဘီမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့၏ အခြေခံလူဦးရေစာရင်း မြေပြင် တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတွင် ဆောင်ရွက်နေ သည့် ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့၏ အခြေခံလူဦးရေစာရင်းကို မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါကြောင်း။

အလေးထားတင်ပြလိုသည်မှာ မဲစာရင်းပြုစုရာတွင် ရယူအခြေခံရမည့် သက်ဆိုင်ရာဝန်ကြီးဌာန ၂ ခု၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ  ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ အလားတူ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများကို ဥပဒေနှင့်အညီပြုစုခြင်းနှင့် စိစစ်ခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာပြီးနောက် မဲစာရင်းများ ကပ်ထားကြေညာသည့်အခါတွင် မဲဆန္ဒရှင်ပြည်သူများက လာရောက်ကြည့်ရှုပြီး ဥပဒေနှင့်အညီ မဲစာရင်းတွင် မိမိအမည် မပါပါက ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါသင့်သူများပါနေပါက ကန့်ကွက်ခြင်း၊ မှားယွင်းမှုရှိပါက ပြင်ဆင်ခြင်းများ ဆောင်ရွက်ခြင်း၊ တစ်နည်းအားဖြင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိရေး  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ယခင်ရွေးကောက်ပွဲ အတွေ့အကြုံနှင့် ပြောင်းလဲ ကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ပြည်သူလူထု နှင့်မဲဆန္ဒရှင် အသိပညာပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းတွင် လူသား အရင်းအမြစ်ဖြည့်တင်းရေး၊ လေ့ကျင့်ရေးနှင့် အခြေခံအဆောက်အဦများ တည်ဆောက်ရေးဆောင်ရွက်ခြင်း၊ စစ်ဆေးကြပ် မတ်ခြင်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန်ထမ်း ဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အရေးပေါ်ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး စီးပါက လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပနိုင် ရေး ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။   

ဆက်လက်ဖော်ပြပါမည်။