နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ

ယမန်နေ့မှအဆက်

Myanmar National Post သတင်းဌာနမှ အယ်ဒီတာချုပ်နောင်တော်လေးက ယခုရက်ပိုင်းအတွင်း နိုင်ငံရေးပါတီများ အကြားတွင် ပြောနေသည်မှာ အသစ်ထွက် လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် နိုင်ငံရေးပါတီများအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ပြီး လူဦးရေတိုးမြှင့် ကန့်သတ်ချက်များ ပါနေသည်ဆိုသည့် သတင်းစကားများထွက်နေကြောင်း၊ ယင်းကိစ္စသည်အမှန်ဖြစ်၊ မဖြစ်သိလိုပါကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများကို စစ်ဆေးသည့်အချိန်တွင် နိုင်ငံရေးပါတီရန်ပုံငွေများကို ဥပဒေနှင့်မညီဘဲ သုံးစွဲခြင်းမျိုးကို စိစစ်တွေ့ရှိခြင်းရှိ/မရှိ ၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်တို့ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားကြောင်း၊ အဂတိဖြင့်ရရှိသည့်ငွေကြေးများကို ပါတီအတွက် အသုံးပြုထားခြင်းမျိုး စိစစ်တွေ့ရှိခြင်း ရှိ/မရှိ၊ ယင်းကိစ္စများအတွက် သီးခြားအရေးယူမှုများရှိလျှင်  သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးသည့်မေးခွန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို အသစ်ပြဋ္ဌာန်းရန်ဆောင်ရွက်နေကြောင်း၊ အလားတူ သက်ဆိုင်ရာနည်းဥပဒေကိုလည်းထုတ်ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြောင်း၊ နိုင်ငံရေးပါတီများကို စစ်ဆေးတွေ့ရှိချက်အရ သော်လည်းကောင်း၊ နိုင်ငံရေးပါတီများကို ခိုင်မာအားကောင်းသည့် နိုင်ငံရေး ပါတီများ ဖြစ်လာရန်ရည်ရွယ်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်သည့်အခါ နိုင်ငံရေးပါတီတစ်ခုအနေဖြင့် ရှိသင့်ရှိထိုက်သည့် လူအင်အားများ၊ ပါတီဝင်အင်အားများရှိရန်၊ ဤနေရာတွင် တိုင်းဒေသကြီးပြည်နယ်တစ်ခုတွင် စည်းရုံးမည့်ပါတီ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီဆိုပြီးကွဲပြားခြင်းရှိကြောင်း၊ ပါတီအမျိုးအစားအလိုက် ရှိသင့်သည့် စည်းရုံးသင့်သည့်အင်အားများ၊ ရှိသင့်သည့် ဘဏ္ဍာငွေကြေးများ၊ ၎င်းတို့၏ ပါတီရုံးခွဲများကိုလည်း ရှိသင့်ရှိထိုက်သည့် ပါတီရုံးခွဲများရှိရန်၊ ၎င်းအပြင်ပါတီများသည် ရွေးကောက်ပွဲတွင် သင့်တင့်ထိုက်သင့်သည့်ယှဉ်ပြိုင်မှုများ ယှဉ်ပြိုင်နိုင်ရန် လိုအပ်ကြောင်း၊ ထိုအချက်အလက်နှင့်ပြည့်စုံပြီး ခိုင်မာအားကောင်းသည့် ပါတီများ ဖြစ်လာရန် ရည်ရွယ်၍ လိုအပ်သည်များ ထည့်သွင်းပြီး ပြဋ္ဌာန်းနိုင်ရန် မိမိတို့ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အတိအကျအသေးစိတ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထွက်လာသည့်အချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီများစစ်ဆေးရာတွင်  ငွေစာရင်းနှင့်ပတ်သက်ပြီး  ပါတီ ၈၀ ကျော် စစ်ဆေးပြီးဖြစ်ကြောင်း၊ NLD ပါတီကို မစစ်ဆေးရသေးကြောင်း၊ စစ်ဆေးရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ပါတီပိုင်ငွေများကို သုံးစွဲခြင်းသည် သက်ဆိုင်ရာပါတီများ၏ ဖွဲ့စည်းပုံစည်းမျဉ်းအရ၊ ၎င်းတို့ ကော်မတီအရ၊ သုံးစွဲပိုင်ခွင့်အရသုံးစွဲခြင်း မျိုးရှိကြောင်း၊ သို့သော် ထိုငွေများရရှိလာသည့် အကြောင်းရင်းကိုမူ  ယင်းပါတီငွေကြေး အဝင်/အထွက်ကို မစစ်ဆေးရသည့် အတွက် မိမိတို့အနေဖြင့် ယခုအချိန်တွင် အတိအကျပြောဆိုနိုင်ခြင်း မရှိကြောင်း၊ စစ်ဆေးခဲ့ပြီးသည့် ပါတီများအနေအထားမှာ ပါတီများ၏ငွေစာရင်း၊ တချို့စာရင်းဇယားများကို စစ်ဆေးတွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများလည်း ပါသည့်အတွက် စနစ်တကျ ဖြစ်အောင် လိုအပ်သည်များကို ပြသပြီး စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် မှာကြားခဲ့ခြင်း၊ ပြုပြင်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖြေကြားသည်။

မြန်မာသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီသည် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ဖွဲ့သော်လည်း ထိုအောင်နိုင်ရေး အဖွဲ့များသည် နိုင်ငံရေးအာဏာရှိသူများ ပါဝင်ပတ်သက် နေသည်ကိုတွေ့ရကြောင်း၊ ယင်းအာဏာကို အသုံးပြုပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရုံးများကို ဝင်ရောက်စွက်ဖက်ပြီး မှတ်တမ်းဟောင်းများ၊ မဲစာရင်းအဟောင်းများကို သုသာန်များသို့ယူဆောင်ပြီး မီးရှို့ဖျက်ဆီးခြင်းများ တွေ့ရကြောင်း၊ ယင်းကိစ္စများသည် ဥပဒေနှင့်ညီ/မညီ  သိလိုပါကြောင်း၊ မီးရှို့ဖျက်ဆီးခဲ့သည့် ခရိုင်/မြို့နယ်များ၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးရေ မည်မျှအရေးယူထားသည်ကို သိလိုကြောင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင်များကို မြို့နယ်အလိုက် မည်မျှအရေးယူထားသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီးမေးသည့်အပိုင်းတွင် အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ တစ်ပိုင်းက မီးရှို့ဖျက်ဆီးသည့် အပိုင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသည် လွှတ်တော်သက်တမ်းတစ်ခု အတွင်းတွင် ထိန်းသိမ်းရသည့် ရွေးကောက်ပွဲဆိုင်ရာ  စာရွက်စာတမ်းများရှိကြောင်း၊ လွှတ်တော်သက်တမ်း ၅ နှစ်ပြည့်သည့်အခါ နောက်ရွေးကောက်ပွဲကျင်းပပြီး နောက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခြင်းသည် ပုံမှန်မီးရှို့ဖျက်ဆီးခြင်း လုပ်ငန်းဖြစ်ကြောင်း၊ ယင်းသည် မီးရှို့၍ဖြစ်စေ၊ ဖျက်ဆီးပစ်ရမည့် အခွင့်အာဏာအရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ ရုံးများတွင်ရှိသည့်မှတ်တမ်းများ ၅ နှစ်ရှိသည့်အတွက် နောက်ရွေးကောက်ပွဲလည်း ပြီးသွားသည့်အချိန်တွင် လုံခြုံရေးအဆင့်အတန်းလျှော့ချပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသည်လုပ်ထုံး လုပ်နည်းအရ စနစ်တကျမှတ်တမ်းတင် တင်ပြပြီး ခွင့်ပြုချက်ရယူ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နောက်တစ်ခုမှာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသည့်ကာလတွင် ကြိုတင်မဲလက်မှတ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှစ်ခုဖြစ်ခဲ့ကြောင်း၊   လပွတ္တာမြို့နယ်၊ ညောင်လိမ်ကျေးရွာအုပ်စုတွင် တစ်ကြိမ်နှင့် မြစ်ကြီးနားမြို့နယ်၊ ရမ်ပူရပ်ကွက်တို့တွင် တစ်ခုဖြစ်ခဲ့ကြောင်း၊ ကြိုတင်မဲလက်မှတ်များကိုမီးရှို့ခြင်း၊ မဲလက်မှတ်များကို မြို့နယ်ရုံးမှယူပြီး ဆန္ဒမဲပြုသည့်နေရာတွင် တရားမဝင်

အသုံးပြုကြောင်း၊ ပြီးမှ ပိုသည့်ဆန္ဒမဲလက်မှတ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းကိစ္စများကို ယခင်သတင်းစာရှင်းလင်းပွဲတွင်တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းကိစ္စများနှင့် ပတ်သက်ပြီး ပါဝင်သည့် သြဇာလွှမ်းမိုးပြီး ခိုင်းစေသူများရော၊ လက်တွေ့ပါဝင်ပတ်သက် ကျူးလွန်သူများကိုပါ ဥပဒေနှင့်အညီ ရဲစခန်းများတွင်တိုင်တန်းပြီး အမှုဖွင့်ထားခြင်းမျိုးလည်းရှိကြောင်း၊ သက်ဆိုင်ရာတရားရုံးများတွင် ဦးတိုက် လျှောက်ထားပြီး သက်ဆိုင်ရာဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊   အရေးယူထားသည့် အရေအတွက်ကို မိမိအစောပိုင်းက ရှင်းလင်းတင်ပြသည့် အထဲတွင် ပါဝင်ကြောင်း၊ သက်ဆိုင်သူများကို စာရင်းဇယားများအတိုင်း အရေးယူဆောင်ရွက်ထားကြောင်း ဖြေကြားသည်။

Myanmar Nation Voice သတင်းဌာနမှ သတင်းထောက်ဒေါ်ဆွေဇင်ဦး က UDP ကို မတရားအသင်းအဖြစ် ကြေညာခဲ့သည့်အချိန်က အင်မတန်မြန်ဆန်ခဲ့ကြောင်း၊ NLD ပါတီကို တရားမဝင်အသင်းအဖြစ် ကြေညာနိုင်ရန်  ခိုင်လုံသည့် အထောက်အထား သက်သေများမရှိသေးဘူးလား၊ ပါတီပိုင်ငွေများကို UEC မထိုင်ဘဲ လိုသလိုသုံးစွဲနေခြင်းသည် အဂတိမြောက်ပါသလား၊ တိုင်ကြားမှု သို့မဟုတ် ကျော်ဇောမှုများဖြစ်လာလျှင်UEC က မည်သို့ပါဝင်ဆောင်ရွက်ခွင့်၊ မည်ကဲ့သို့ဆုံးဖြတ်ခွင့်များရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက  UDP ပါတီကို အားလုံးပဲသိသည့်အတိုင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ (က) ရပ်တည်ပိုင်ခွင့်မရှိသည့် ပုဒ်မအရ  ၂၀၂၀ ပြည့်နှစ်  ၁၀ လပိုင်းတွင် ဖျက်သိမ်းခဲ့ခြင်းရှိကြောင်း၊ သတင်းထောက်ကြီးက NLD ပါတီကို မတရားအသင်းအဖြစ်ကြေညာရန် ခိုင်လုံသည့်သက်သေရှိ/မရှိ မေးသည်ဟုနားလည်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခင်ကဖြေခဲ့သကဲ့သို့ တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီထဲက ၈၄ ပါတီကို စစ်ဆေးပြီးဖြစ်ကြောင်း၊ လက်ရှိတစ်ပါတီက စစ်ဆေးဆဲဖြစ်ကြောင်း၊ NLD ပါတီ အပါအဝင် ၇ ပါတီက စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း၊ စစ်ဆေးနိုင်ရေးဆောင်ရွက်ဆဲလုပ်ငန်းများရှိကြောင်း၊ သက်ဆိုင်သည့် စာရင်းဇယားများဆိုလျှင် အားလုံးပါဝင်ကြောင်း၊ CEC ကအစ၊ ပါတီဝင်အင်အားစာရင်းကအစ၊ သက်ဆိုင်သည့် အချက်အလက် ၂၀ ခန့်ကိုစစ်ဆေးကြောင်း၊ ယင်းအချက်အလက်များကို ခိုင်ခိုင်မာမာအတည်ပြုပြီး လက်ရှိအခြေအနေတွင် အတည်ပြုနိုင်သည့်အနေအထားမျိုးတွင် ကျူးလွန်မှုနှင့်ပတ်သက်၍ မိမိတို့တိတိကျကျဖော်ထုတ်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ အဓိကမစစ်ဆေးရသေးသည့်အတွက် စစ်ဆေး ရန်ဆောင်ရွက် နေကြောင်း၊ စစ်ဆေးပြီးမှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ပါတီပိုင်ငွေကြေးများသုံးစွဲခြင်း၊ UEC သုံးသည့်ကိစ္စများသည် ငွေကြေးကိစ္စနှင့်ပတ်သက်၍ မိမိဖြေကြားသည့်အတိုင်း ပါတီပိုင်ငွေကြေးများ၊ UEC များကနေ ၎င်း၏စည်းမျဉ်းနှင့်အညီ သုံးပိုင်ခွင့်အတိုင်းအတာနှင့် သုံးစွဲခြင်းဖြစ်ကြောင်း၊ တရားမဝင်သုံးစွဲခြင်းနှင့် ပတ်သက်ပြီး ပါတီဝင်တစ်ဦးကဖြစ်စေ၊ တခြားသူတစ်ဦးကဖြစ်စေ တိုင်ကြားခြင်း၊  တခြားနည်းတစ်ခုခုဖြင့် ဖြစ်စေ၊ မည်သည့်နည်းဖြစ်စေ UEC က သိလျှင် ဥပဒေနှင့်အညီ စစ်ဆေးပြီး လိုအပ်သလို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဖြေကြားသည်။

ဆက်လက်၍ Myanmar Nation Voice သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ရွေးကောက်ပွဲကလည်း အလွန်ပင်နီးလာပြီဟု ယူဆပါကြောင်းနှင့် ၇ ပါတီကို မည်သည့်အတွက်ကြောင့် စစ်ဆေးရန် နှောင့်နှေးကြန့်ကြာနေရသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပါတီများကို ၂၃-၈-၂၀၂၁ တွင် စတင်စစ်ဆေးခဲ့သည့်အတွက် တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ ကြန့်ကြာနေသည့် ၁၀ ပါတီရှိကြောင်း၊ ကြန့်ကြာနေရခြင်းအကြောင်းမှာ တချို့ပါတီခေါင်းဆောင်များသည် ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ တချို့ဥက္ကဋ္ဌ၊ တာဝန်ရှိသူများက ကျန်းမာရေးဆိုးရွားနေသည်ဟူ၍  ပြောဆိုခြင်းရှိကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေသည် များလည်းရှိကြောင်း၊ တချို့မှာ စစ်ဆေးခံရန်စာရင်းဇယားများ၊ လူများကို ပြန်စုဖွဲ့ပြီး စစ်ဆေးနိုင်ရန်ပြန်ပြီး ဆောင်ရွက်နေဆဲများရှိကြောင်း၊ ယင်းကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်သည့်အတွက် စစ်ဆေးနိုင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းဖြေကြားသည်။

ဆက်လက်၍ Myanmar Nation Voice  သတင်းဌာနမှ  သတင်းထောက် ဒေါ်ဆွေဇင်ဦးက မည်သည့်အချိန်နောက်ဆုံးဟူ၍ အချိန်သတ်မှတ်ပေးရန် ရှိ/မရှိ သိလို ကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လတ်တလောတွင် အချိန်သတ်မှတ်ခြင်းမျိုး  မရှိကြောင်း၊ သို့သော်ပြီးသင့်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။

Cohesion မှ သတင်းထောက် ဦးရဲလင်းထွန်းက ယခုအချိန်ထိ ငြိမ်းချမ်းမှုမရှိသေးသည့်အတွက် တပ်မတော်အာဏာထိန်းကာလ   နှစ်နှစ်အတွင်း  ရွေးကောက်ပွဲကို အချိန်မီ ကျင်းပပြုလုပ်နိုင်ပါ့မလား၊ UEC အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို မည်သို့တိုက်တွန်းအကြံပြုပြောကြားလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်မှအမှတ်စဉ် ၅ အရ  အရေးပေါ်ကာလဆိုင်ရာကိစ္စများ   ဆောင်ရွက်ပြီးလျှင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပေးရန် မိမိတို့တာဝန်ဖြစ်ကြောင်း၊ ထိုသို့လုပ်နိုင်ရန် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ အခြေခံ မဲဆန္ဒရှင်စာရင်းပြုစုရန် လိုအပ်သည်များ ပြင်ဆင်ပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် မဲဆန္ဒရှင်များက မိမိ၏ဆန္ဒမဲတစ်ပြားကို နှောင်ကြိုး၊ ဖိအားအကျပ် ကိုင်ခြိမ်းခြောက်မှု မပါဘဲ လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးနိုင်ရန် အနေအထားရှိရန်လိုကြောင်း၊  ယင်းအခြေအနေသည် သက်ဆိုင်ရာ  ရွေးကောက်ပွဲကျင်းပသည့် နယ်မြေသည် လုံခြုံမှု၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးရှိရန် လိုအပ်ကြောင်း၊  သက်ဆိုင်သည့်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်သည့် နယ်မြေလုံခြုံရေးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်ပြည်သူလူထု တစ်ရပ်လုံးကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်လျှင် ရည်မှန်းချက်ကို အမြန်ဆုံးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖြေကြားသည်။

General Life သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ထူးထက်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် မိမိသည် ကသာ၊ ကောလင်း၊ ဝန်းသိုဒေသ များတွင် ရောက်ရှိနေခဲ့ကြောင်း၊ ထိုနေရာ၌ ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ များတွင် အင်အားကြီးသည့်ပါတီတစ်ခုက တာဝန်ပေးခိုင်းသည့် ပါတီဝင် အများစုပါနေသည်ကို တွေ့ရကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲအချိန်ကလည်း သိပ်မကျန်တော့ကြောင်း၊ ရှေ့ကသာဓကကိုမိမိပြောခြင်းဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများက ၎င်းတို့စီးပွားရေးအရ အင်္ကျီတံဆိပ်ရိုက် ရောင်းကြခြင်း၊ ထို့ပြင် ရွာထဲရှိမဲဆန္ဒရှင်များကို လိုက်စည်းရုံးခြင်း စသည်တို့ကို တွေ့ရကြောင်း၊ လာမည့်ရွေးကောက်ပွဲတွင် ထိုသို့မဖြစ်ရန် မည်သို့ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရန်၊ အစီအစဉ်များ ရှိ/မရှိသိလိုပါကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲတွင် ဒိုင်လုပ်ဆောင်မည့် အဖွဲ့ဟုပြောရမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းပေးထားကြောင်း၊ အများယုံကြည်ရသည့် ပုဂ္ဂိုလ်များကိုလည်း ထည့်သွင်းဖွဲ့စည်းထားကြောင်း၊ ရုံးအဖွဲ့များမှလည်း ပေါင်းစပ် ဆောင်ရွက်ရကြောင်း၊ သက်ဆိုင်ရာအဖွဲ့ခွဲ တာဝန်ခံအရာရှိများက အတွင်းရေးမှူးအဖြစ် ပါဝင်ဆောင်ရွက် ရကြောင်း၊ အလားတူ သက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ၎င်းတို့အောက်ရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုဖွဲ့စည်းပေးရကြောင်း၊ ယင်းသို့ဖွဲ့စည်းရာတွင်  မည်သို့သောပုဂ္ဂိုလ်များကို   ထည့်သွင်းဖွဲ့စည်းရမည်ဆိုသည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ပါပြီးဖြစ်ကြောင်း၊ အသက်ကန့်သတ်ချက်၊ အများယုံကြည်သော ပုဂ္ဂိုလ်များ၊ ပါတီနိုင်ငံရေး ကင်းရှင်းရမည်၊ ပြစ်မှုပြစ်ဒဏ် ကင်းရှင်းသူများလည်းဖြစ်ရမည် စသည်ဖြင့် ကိုက်ညီရမည့်အချက်များကို အသေးစိတ်ပြဋ္ဌာန်းထားကြောင်း၊ သို့သော်ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် သတင်းထောက်ကြီး ပြောသကဲ့သို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တွင်    ပါတီနိုင်ငံရေး မကင်းရှင်းသူများပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်မှ မဲဆွယ်စည်းရုံးသည့် လုပ်ငန်းစဉ်များတွင်လည်းကောင်း၊ ကြိုတင်မဲကောက်ခံသည့် လုပ်ငန်းစဉ် များတွင်လည်းကောင်း၊ မဲမသမာမှုများ၊ တရားမဲ့ပြုကျင့်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် ယင်းကိစ္စများတွင် ကျူးလွန်ခဲ့သူများအား အရေးယူဆောင်ရွက်နေရသည်များရှိကြောင်း၊ နောင်ရွေးကောက်ပွဲများတွင်လည်း အလားတူပြစ်မှုများမဖြစ်ပွားစေရန် ပြစ်မှုအမျိုးအစားအလိုက် ထိရောက်ဟန့်တားသည့်   ထိုက်သင့်သည့်ပြစ်ဒဏ်များကို လိုအပ်သလို ပြင်ဆင်ရေးဆွဲထားကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Timeline အရ တာဝန်ပေးရမည့်အချိန်နှင့်ကိုက်ညီပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်က အများယုံကြည်သော ပုဂ္ဂိုလ်များကို ခန့်အပ် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်းသို့ တာဝန်ပေးအပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ယခင်ရွေးကောက်ပွဲမှ သင်ခန်းစာရယူပြီး ပါတီနိုင်ငံရေးကင်းရှင်းသည့် သမာသမတ်ကျသည့် အများယုံကြည်သည့်ပုဂ္ဂိုလ်များဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်မှ ဦးမိုးဟိန်းက ယခုလတ်တလောဖြစ်ပွားနေသည့် ဥကရစ်ထတိုက်ပွဲတွင် ပြည်ထောင်စုအတွက်၊ နိုင်ငံတော်အတွက် အသက်ပေး၍ ခုခံတိုက်ခိုက်ခဲ့ကြသည့် တပ်မတော်သား ညီအစ်ကိုတော်များကို ယခုသတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ဂုဏ်ယူပါသည်ဟုပြောလိုကြောင်း၊ အောင်ပွဲများဆက်လက်၍ ရရှိစေလိုသည်ဟု ဆန္ဒပြုလိုက်ရပါကြောင်း၊ မိမိအနေဖြင့် ဇွန်လ ၂၈ ရက်နေ့တွင်  နိုင်ငံတော်အစိုးရက ထုတ်ပြန်ခဲ့သည့်  ပြည်တွင်း၊ ပြည်ပရောက် ကျောင်းသားလူငယ်များနှင့် CDM ဝန်ထမ်းများကို ပြန်လည်ဝင်ရောက်လာကြရန်အတွက် သဘောထားကြေညာချက်ကို ထောက်ခံ၍ မေးမြန်းသွားမည်ဖြစ်ကြောင်း၊ အမိနိုင်ငံတော်သို့ပြန်လာရန် စဉ်းစားနေကြသည့် ညီအစ်ကိုတော်များကို မိမိအနေဖြင့်ပြောလိုသည်မှာ ယခုထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ပြည်သူ့ဘဝထဲတွင် အေးချမ်းစွာနေထိုင်ရန် အာမခံချက်ပေးထားသည်ဟု အတိအလင်းဖော်ပြထားကြောင်း၊ ထို့ကြောင့် ပြန်လာရန်နှင့် ပြန်မလာရန်အတွက် စဉ်းစားနေကြသည့် ညီအစ်ကိုတော်များအနေဖြင့် ယခုကြေညာချက်သည် တစ်နည်းအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နီးပါး အဓိပ္ပာယ်သက်ရောက်သည့် သဘောဖြင့် ကြေညာချက်ဖြစ်သည်ဟုပြောလိုကြောင်း၊ အင်မတန်ဝမ်းသာဖို့ကောင်းသည့် ကြေညာချက်ဖြစ်ကြောင်း၊ ပြန်လာခဲ့ကြရန်တိုက်တွန်းလိုကြောင်း၊ အိမ်အပြန်လမ်းကို မပြန်နိုင်ခဲ့သူများလည်း အများအပြားရှိခဲ့ကြောင်း၊ မိမိအနေဖြင့် အမေရိကတွင် နေထိုင်စဉ် ကဗျာဆရာကြီးတင်မိုးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဆရာကြီးက မိမိကို အရမ်းအိမ်ပြန်ချင်တယ်ကွာ၊ မြန်မာပြည်ပြန်ချင်တယ်ဟုပြောခဲ့ကြောင်း၊ သို့သော် ဆရာကြီးမှာ အိမ်မပြန်နိုင်ခဲ့ရှာကြောင်း၊ သူရေးထားသည့် ကဗျာလေးကို မိမိအားရွတ်ပြခဲ့ကြောင်း၊ ၎င်းကိုယ်တိုင် ရေးသားထားသည့် ကဗျာလေးဖြစ်သည့် ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုအိမ်ပြန်ပို့ကြပါတော့ ဟုဆိုသည့် ကဗျာတိုလေးကို ဆရာကြီးတင်မိုး ကိုယ်တိုင် မိမိကိုရွတ်ပြခဲ့ဖူးကြောင်း၊ မိမိအနေဖြင့်လည်း အိမ်ကိုရောက်အောင်ပြန်ခဲ့သူဖြစ်ကြောင်း၊ ညီအစ်ကိုတော်များ ဖြစ်ကြသည့် ကျောင်းသားလူငယ်များနှင့် CDM ဝန်ထမ်းများ၊ ထိုင်းနိုင်ငံတစ်ဖက် ကမ်းတွင် ဒုက္ခရောက်နေပြီး ပြန်သင့်၊ မပြန်သင့်စဉ်းစား၍ အိမ်အပြန်နှောင့်နှေးနေကြသည့် ညီအစ်ကိုများ အားလုံးကို မိမိအနေဖြင့် အမိမြေနဲ့ အမေ့အိမ်ကို ပြန်တဲ့လမ်းမှာ လက်ဆောင်မလိုဘူး၊ အနိုင်၊ အရှုံးမလိုဘူး၊ ငွေမလိုဘူး၊ ရွှေမလိုဘူးဟု ပြောလိုကြောင်း၊ မိမိတို့နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ပြဿနာများနှင့် ပဋိပက္ခများတွင် အရှုံးအနိုင်မရှိကြောင်း၊ အိမ်ကိုပြန်ချင်တဲ့စိတ်၊ အမိမြေကိုပြန်ချင်တဲ့စိတ်နဲ့ တုံးတုံးချထားတဲ့ ဆုံးဖြတ် ချက်တစ်ခုသာလိုပါတယ် ငါ့ညီတို့ဟု ပြောလိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက  အိမ်ပြန်လာရန် အာမခံချက် အပြည့်ပေးနေသည့် ထိုအခွင့်အရေးကြီးကိုလက်လွှတ်မခံဘဲ အမြန်ဆုံး အိမ်ပြန်လာခဲ့ကြပါဟု ပြောလိုကြောင်း၊ နိုင်ငံပျောက်သူ ဟုဆိုသည့် ရုပ်ရှင်အတိုလေးအထဲတွင် ငါတို့အရှုံးမပေးသရွေ့နိုင်ဦးမှာပဲ ဆိုသည့်   စကားလုံးပါဝင်ကြောင်း၊ ထိုစကားလုံးမှာ ညီအစ်ကိုများ၏ အိမ်အပြန်ခရီးကို အနှောင့်အယှက် ပေးနေသူများနှင့် ဝါဒဖြန့်နေကြသူများ၏ လက်ချက်ဖြစ်ကြောင်း၊ ထိုသူများအားလုံးမှာ ငါ့ညီတို့နှင့်လက်တွဲ၍ တောထဲတွင် မရှိကြောင်း၊ ၎င်းင်းတို့အားလုံးမှာ ပြည်ပနိုင်ငံများ ဖြစ်ကြသည့် အမေရိကနှင့် အခြားနိုင်ငံများကို ရောက်နေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် အိမ်ပြန်ဖြစ်အောင် ပြန်လာခဲ့ကြပါဟု တိုက်တွန်းလိုကြောင်း၊ မိမိတို့လည်း အိမ်ပြန်လာခဲ့ကြကြောင်း၊ ဆရာတင်မိုးမှာ အိမ်မပြန်နိုင်ခဲ့ကြောင်း၊ ဆရာမောင်သန်းလတ်မှာ အိမ်မပြန်နိုင်ခဲ့ကြောင်း၊ အလားတူ ဆရာကြီး တစ်ဦးဖြစ်သည့် ဆရာကြီးကြေးမုံဦးသောင်းလည်း အိမ်မပြန်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် အချိန်မီအိမ်ပြန်နိုင်ရန်အတွက် အိမ်ပြန်ချင်သည့် ဆုံးဖြတ်ချက်နှင့် အမိမြေကိုပြန်နိုင်သည့် ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ဆန်ဆန်ချမှတ်၍ နိုင်ငံတော်အစိုးရက ဖိတ်ခေါ်နေသည့်အခွင့်အရေးကို လက်လွှတ်မခံဘဲ အိမ်ပြန်ခဲ့ကြပါဟု တိုက်တွန်းလိုကြောင်း၊ မိမိမေးမြန်းလိုသည့်မေးခွန်းမှာ နယ်စပ်ဒေသအသီးသီးတွင် ကြိုဆိုဧည့်ခံရေးစခန်းများ ဖွင့်လှစ်၍ ကြိုဆိုမည်ဆိုသည့်အစီအစဉ်တွင် ထိုင်းတပ်မတော်ကလည်း ပူးပေါင်းကူညီမည်ဆိုသည်ကို အစောပိုင်းက ဗိုလ်ချုပ်ပြောခဲ့သဖြင့်သိရကြောင်း၊ ထို့ကြောင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တွင်ရောက်ရှိနေပြီး ပြန်လာရန်ခက်ခဲနေသည့် လူအင်အားမှာ အင်အားအားလုံး၏ ငါးရာခိုင်နှုန်းကျော်ရှိနေပြီဟု မိမိတို့သတင်းရရှိကြောင်း၊ မပြန်ရဲသဖြင့် အခက်အခဲဖြစ်နေသူများအနေဖြင့် ထိုင်းနိုင်ငံဘက်ကမ်းသို့ကူး၍ ထိုင်းတပ်မတော်စခန်းများကို သွားရောက်ရမည်လား၊ ထိုင်းရဲစခန်းများဆီသို့ သွားရောက်ရမည်လားဆိုသည်ကို သိလိုကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့်လည်း ကြိုဆိုဧည့်ခံရေးစခန်းများကို ထိုင်းနိုင်ငံဘက်အထိ သွားရောက်ဖွင့်လှစ်ပေးရန်  စီစဉ်ထားခြင်းရှိ/မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်ကြီး ပြောခဲ့သကဲ့သို့ အိမ်ပြန်ချင်နေကြသည့် လူငယ်အများအပြား ရှိကြောင်း၊ ထိုသို့ပြောနိုင်ခြင်းမှာ မိမိတို့ရရှိထားသည့်သတင်းများအရ ပြောကြားခြင်းဖြစ်သကဲ့သို့ အချို့သောလူငယ်များကိုယ်တိုင် လူမှုကွန်ရက်စာမျက်နှာများတွင် တင်ထားသည့် ဏသျအ များနှင့် ၎င်းင်းတို့ကိုယ်တိုင်လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များအရလည်းသိရကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့အစိုးရကို မေတ္တာရပ်ခံခဲ့သူများရှိကြောင်း၊ ထိုအကြောင်းအရာများကြောင့်လည်း ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သတင်းထောက်ကြီးပြောသကဲ့သို့ ပြည်သူ့ဘဝထဲတွင် အေးချမ်းစွာနေထိုင်နိုင်ရန် မိမိတို့အနေဖြင့် အာမခံချက်လည်းပေးပြီးဖြစ်ကြောင်း၊ မိမိပြောသကဲ့သို့ ပြည်ပတွင်ရောက်ရှိနေသူများ၊ ယခုလတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လူငယ်များ၏တက်ကြွမှုကို အသုံးချပြီး အတင်းအကျပ်ရှေ့မှတက်၍ တိုက်ခိုက်ခိုင်းခြင်းကို ခံနေရသူများလည်းရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်သည့် Video File များလည်းရှိကြောင်း၊ ၎င်း Video File များကို  မိမိတို့တင်ထားခြင်း မဟုတ်ကြောင်း၊ ၎င်းတို့ကိုယ်တိုင်ရိုက်ကူး၍တင်ထားခြင်း ဖြစ်ကြောင်း၊ သေဆုံးသွားသဖြင့် ငိုကြွေးနေကြသည်ကိုလည်း  စိတ်မချမ်းမြေ့ဖွယ်တွေ့မြင်ရကြောင်း၊ အားလုံးမှာ မိမိတို့၏ နိုင်ငံသူ၊ နိုင်ငံသားများသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်လာလျှင် မြန်မာ့အရေးကိုအတူပူးပေါင်း၍ ဆောင်ရွက်ရမည့်သူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း၊ ဇွန်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးအပြီးတွင် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ ကြေညာချက်များလည်း ထုတ်ပြန်ထားကြောင်း၊ ထိုင်းနိုင်ငံတပ်မတော် အနေဖြင့်လည်း အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့၏ နယ်စပ်ဒေသများတွင် ရောက်ရှိနေသည့် လူငယ်များသိရှိနိုင်ရန် ပြောပေးမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင်လည်း ကူညီဆောင်ရွက်ပေးမည်ဟုပြောခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် အရေးအခင်း ပြီးကာစအချိန်ကလည်း ထိုင်းနိုင်ငံနယ်စပ်၌ ယခုကဲ့သို့ပင် ဒုက္ခရောက်နေသူများ ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံထဲတွင် ဝင်ရောက်နေထိုင်၍ ဒုက္ခရောက်နေသူများလည်းရှိခဲ့ကြောင်း၊ ထိုသို့ ဒုက္ခရောက်နေသူများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုဆိုလက်ခံရေးစခန်းများကို မိမိတို့နိုင်ငံဘက်တွင်သာမက ထိုင်းနိုင်ငံဘက်၌ပါ ဖွင့်လှစ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံစိတ်ချရသည့် ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် မိမိတို့၏ သံရုံးရှိကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ကောင်စစ်ဝန်ရုံးများလည်းရှိကြောင်း၊ ထိုနေရာများသို့လည်း သွားရောက်၍ သတင်းပို့နိုင်ကြောင်း၊ ယခုထက်ပိုမိုတိုးချဲ့ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စေတနာထား၍ တိုက်တွန်းလိုသည်မှာ မိမိတို့သိရသည့် သတင်းများအရ အချို့သောလွှတ်တော်အမတ်များလည်း ပါဝင်ကြောင်း၊ လွှတ်တော်အမတ်ဟု ဆိုသော်လည်း ထင်ရှားသည့် အမတ်များ မဟုတ်ကြောင်း၊ NLD ဘက်မှ လွှတ်တော်အမတ်များ ဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင်မှပထမဦးဆုံးအကြိမ် ဝင်ရောက်အရွေးခံခဲ့သည့်  လွှတ်တော်အမတ်များဖြစ်ကြောင်း၊ အသက်အရွယ်ငယ်သူများလည်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသည့် လွှတ်တော် အမတ်အချို့လည်း ရှိကြောင်း၊ သို့သော်၎င်းတို့အနေဖြင့် နိုင်ငံရေးကို ဆောင်ရွက်ရာတွင် ၎င်းတို့၏ မူလခံယူချက်အတိုင်း မိမိတို့တိုင်းပြည်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်မည်ဆိုသည့် ရည်ရွယ်ချက်နှင့်သာဖြစ်ကြောင်း၊ ၎င်းင်းတို့အားလုံးမှာ ကြောက်လန့်တကြားထွက်ပြေးကြသည့်အချိန်တွင်  ဘုမသိဘမသိရောယောင်၍ ထွက်ပြေးခဲ့ကြသူများဖြစ်ကြောင်း၊ သို့သော် လူရာသွင်းခြင်းမခံရဘဲ အတော်ဒုက္ခ ရောက်နေကြသူများလည်း ရှိကြောင်း၊ ထိုသူများအထဲမှ မိမိတို့ကိုဆက်သွယ်၍ သတင်းပေးလာသူများရှိကြောင်း၊ မိမိတို့ယခုထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက်အထဲတွင် လူငယ်လူရွယ်များ၊ CDM လုပ်သည့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ များဟု အဓိကထား၍ ခေါင်းစဉ်တပ်ထားသော်လည်း အထက်တွင် မိမိပြောခဲ့သူများလည်း ပါဝင်သည်ဟု အသိပေးလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အာမခံထားသည့် ကိစ္စနှစ်ခုရှိကြောင်း၊ ပြည်သူများလိုလားတောင့်တနေသည့် ပါတီစုံဒီမိုကရေစီစနစ်မှ မည်သည့်အချိန်တွင် မျှသွေဖည်သွားမည် မဟုတ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေး  လမ်းကြောင်းပေါ်မှ မည်သည့်အချိန်တွင် မျှသွေဖည်သွားမည် မဟုတ်ကြောင်း၊ အဆိုပါအချက်နှစ်ချက် ကို မိမိတို့ခိုင်ခိုင်မာမာအာမခံထားကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် အားလုံးလိုချင် နေသည့်အရာမှာ ဒါပဲမဟုတ်ဘူးလားဟု မေးလိုကြောင်း၊ အားလုံး၏ရည်မှန်းချက်မှာ အတူတူပင်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက မဟာဗျူဟာအရ တူညီပြီး ဖြစ်ကြောင်း၊ လုပ်နည်းလုပ်ဟန်များတွင်သာ ကွဲပြားခြားနားကောင်း ကွဲပြားခြားနား လိမ့်မည်ဖြစ်ကြောင်း၊ ပေါင်းဆုံ၍ရသောကြောင့် အားလုံးအနေဖြင့် နိုင်ငံရေးရည်မှန်း ချက်အရဖြစ်စေ၊ ခြိမ်းခြောက်ခံရ၍ဖြစ်စေ သူတစ်ပါး၏နယ်မြေတွင် သွားရောက်၍ ဒုက္ခခံ၊ အသေခံရန်မလိုကြောင်း၊ ၎င်းတို့လိုချင်သည့် ဒီမိုကရေစီစနစ်ထူထောင်ရေးဆိုသည့်ကိစ္စကိုလည်း မိမိတို့ အာမခံထားပြီး ဖြစ်ကြောင်း၊ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ပြောလိုကြောင်း၊ သတင်းထောက်ကြီးအနေဖြင့် ယခုကဲ့သို့ပြောကြား ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သတင်းထောက်ကြီးပြောခဲ့သည့် ဥကရစ်ထ နယ်စပ်စစ်ဆင်ရေး ခြေကုပ်စခန်းတွင် ယခုအချိန်အထိ ကြံ့ကြံ့ခံ၍ မိမိ၏အသက်ကိုပင် ပဓာနမထားဘဲ တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားအားလုံးကိုလည်း ယခုသတင်းစာရှင်းလင်းပွဲမှတစ်ဆင့် ကျေးဇူးတင်ပါသည်ဟုပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

Bullet News ဂျာနယ်မှ ထုတ်ဝေသူ ဦးလှဆွေက မိမိအနေဖြင့် မေးခွန်းနှစ်ခု မေးမြန်းလိုကြောင်း၊ ပထမမေးခွန်းအနေဖြင့် ပထမအကြိမ်လွှတ်တော်ကာလတွင် မူဆယ်နှင့် မန္တလေးသွားသည့် လမ်းပေါ်တွင်ရှိသည့် ဂုတ်တွင်းကားလမ်းပေါ်၌ တံတား ထိုးရန်အစီအစဉ်  ရှိ/မရှိ မေးမြန်းခဲ့ရာ ဝန်ကြီးက မိမိကိုစာဖြင့် အကြောင်းပြန်၍ ဖြေကြားခဲ့ကြောင်း၊ ကိုရီးယားကုမ္ပဏီနှင့် Survey လုပ်နေပါပြီဟု ပြောခဲ့ကြောင်း၊ အဆိုပါလမ်းမှာ ယခုအချိန်တွင် အင်မတန်အရေးကြီးသည့်လမ်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်စည်စီးဆင်းမှုမှာ   ထိုလမ်းကို အားကိုးအားထားပြုနေရကြောင်း၊ ထိုလမ်းပိတ်သွားမည်ဆိုပါက  ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ကဲ့သို့သော အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါတံတား တည်ဆောက်မည့် အစီအစဉ်ကို    ယခုနောက်ပိုင်းမှ ရပ်တန့်ခဲ့ခြင်း ဟုတ်၊ မဟုတ်နှင့် မည်ကဲ့သို့သော အခြေအနေရှိသည်ကို သိလိုခြင်းဖြစ်ကြောင်း၊ ဒုတိယမေးခွန်းမှာ ဒုတိယအကြိမ် NLD လွှတ်တော်ကာလတွင် တင်ပြခဲ့သည့် မီတာခကိစ္စဖြစ်ကြောင်း၊ မီတာခကောက်ခံရာတွင် အိမ်တစ်အိမ်၏ မီတာသုံးစွဲမှုနှင့်   မီတာခမည်မျှ ကျသင့်သည်ကို မြို့နယ်လျှပ်စစ်ရုံးက သိမည်ဖြစ်ကြောင်း၊ ထို့နောက် အိမ်ပိုင်ရှင်၏ဖုန်းထဲသို့ ၎င်း၏အိမ်က မီတာခမည်မျှ ကျသင့်သည်ကို ဖုန်းဖြင့်အကြောင်းကြားမည်ဖြစ်ကြောင်း၊ ပြီးနောက်  မီတာသုံးစွဲသူကလည်း ဖုန်းဖြင့်   တစ်ခါတည်း မီတာခ ပေးဆောင်လိုက်ကြောင်း၊ အင်မတန်ကောင်းသည့် အစီအစဉ်ဖြစ်ကြောင်း၊ ထိုအစီအစဉ်ကို NLD က ပယ်ချလိုက်သည်ဟု သိရကြောင်း၊  ယခုအချိန်တွင် မီတာကိုဖတ်၍ စာရွက်ဖြင့်လာပေးကြောင်း၊ တံခါးကြားတွင် ညှပ်ခဲ့ကြောင်း၊ မိုးရွာခြင်း၊ လေတိုက်ခြင်းတို့ကြောင့် ရံဖန် ရံခါတွင် မီတာစာရွက်များ ပျောက်ဆုံးသွားကြောင်း၊ ထိုအချိန်တွင် မီတာခပေးဆောင်ရန်သတ်မှတ်ကာလကို ကျော်လွန်သွားသဖြင့် ဒဏ်ကြေးဆောင်ရကြောင်း၊ ထိုကဲ့သို့ ဒဏ်ကြေးဆောင်ရသည့်ကိစ္စမှာလည်း ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ ထို့ကြောင့် မီတာ သြထ များကို ယခင်လွှတ်တော်တွင်တင်ပြခဲ့သည့်အတိုင်း ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ ယခုလက်ရှိ အသုံးပြုနေသည့် မီတာ Box များကို လျှပ်စစ်ရုံးမှတစ်ပါတည်း စစ်ဆေးနိုင်သည့် မီတာ Box များနှင့် အစားထိုး တပ်ဆင်၍ မီတာခကျသင့်ငွေကို ဖုန်းဖြင့်ပေးဆောင်နိုင်သည့်စနစ်မျိုး အကောင်အထည် ဖော်ဆောင်ရွက်ရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   ဂုတ်ထိပ်တံတားစီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း အချို့ ကိစ္စများကို ၎င်းတို့၏ Website တွင်တင်ထားကြောင်း၊ ပဏာမစီမံကိန်းဖြစ်သည့် လေ့လာဆန်းစစ်ချက်များကို ကိုရီးယားကုမ္ပဏီနှင့်ဆောင်ရွက်ခဲ့သည်ဟုသိရကြောင်း၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ ကုမ္ပဏီ တစ်ခုက BOT စနစ်ဖြင့် ဆောင်ရွက်နေသည်ဟုသိရကြောင်း၊   ဂုတ်ထိပ်တံတားစီမံကိန်း   ဆောင်ရွက်ခွင့်ပြုရန်အတွက် ထိုကုမ္ပဏီကအဆိုပြုခဲ့ကြောင်း၊ ထိုအဆိုပြုချက်နှင့်ပတ်သက်၍ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန၏အကြံပြုချက်အရ တင်ဒါယှဉ်ပြိုင်ခြင်းနည်းဖြင့် တင်ဒါခေါ်ယူခဲ့ရာ လျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီမရှိကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ Website တွင်လည်း ကြေညာထားကြောင်း၊ ဂုတ်ထိပ်တံတားစီမံကိန်းကို ဆောင်ရွက်နေသည့်၊ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည့် ထိုကုမ္ပဏီနှင့်သာ BOT စနစ်ဖြင့် စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ရေး သဘောထားမှတ်ချက်များ ရယူ၍ ဆောင်ရွက်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနနှင့် အဆိုပါကုမ္ပဏီတို့အကြား ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး တံတားတည်ဆောက်ခွင့်ပြုရန်အတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း မူအားဖြင့် ခွင့်ပြုပြီးဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် စီမံကိန်းတန်ဖိုးအသေးစိတ်ကို ထပ်မံတွက်ချက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံနိုင်မည့် လုံလောက်သည့် ငွေကြေးရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားဦးစီးဌာနအနေဖြင့်လည်း    ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ကုမ္ပဏီနှင့် စိစစ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ထိုကိစ္စများ ပြီးစီးပါက ဆက်လက်တင်ပြ၍ ခွင့်ပြုချက် ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရေး ဆက်လက်ဆောင်ရွက်ပြီး စီမံကိန်းအကောင်အထည်ဖော်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် တံတား၏တည်နေရာနှင့် ချဉ်းကပ်လမ်းများတွင်   ပါဝင်နေသည့် မြေနေရာများအတွက် မြေနေရာလျော်ကြေးများ အားလုံးနီးပါး ပေးလျော်၍ မြေယာပိုင်ဆိုင်မှု ကိစ္စများကို အားလုံးဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ တံတားပုံစံအတွက် အသေးစိတ်ဒီဇိုင်းပုံစံများကိုလည်း  ရေးဆွဲပြီးဖြစ်ကြောင်း၊   စီမံကိန်းအမှန်တကယ်စတင်ဆောင်ရွက်သည့်အချိန်တွင် ပွင့်လင်းမြင်သာစွာဖြင့် အသိပေး၍တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မီတာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လုပ်ဆောင်နေကြောင်း၊ သတင်းထောက်ကြီးပြောခဲ့သည့် အစီအစဉ်များကို လုပ်ဆောင်နေကြောင်း၊ အသေးစိတ်အချက်အလက်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးရန် မေတ္တာရပ်ခံပါကြောင်း ပြန်လည်ဖြေကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းဟုဆိုသည့် အပိုင်းသုံးပိုင်းဖြင့်    ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဓာတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း ဖြစ်သည့်အတွက် Losses ဟုဆိုတာရှိပါကြောင်း၊ အင်ဂျင်နီယာသဘောတရားအရ ပြောရမည်ဆိုပါက Technical Losses နှင့်  Non-Technical Losses ဟူ၍ နှစ်ခုရှိကြောင်း၊ Technical Losses ကျဆင်းရေးအတွက်  မိမိတို့အနေဖြင့် ဓာတ်အားလိုင်းတည်ဆောက်ခြင်း၊ ဓာတ်အားခွဲရုံများတည်ဆောက်ခြင်း၊ မြို့နယ်များတွင် Transformer များ တိုးချဲ့တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများလဲလှယ်တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊   Non-Technical Losses အနေဖြင့်  ကြည့်မည်ဆိုပါက မိမိတို့ဌာန၌ မီတာအလုံးရှစ်ရာအတွက်  မီတာဖတ်စာရေး တစ်ဦးသာရှိကြောင်း၊ လူကိုယ်တိုင်သွားရောက်ဖတ်ရှုခြင်းဖြစ်သည့်အတွက် ဖတ်ရှုသူများ၏ လွဲမှားမှုကြောင့် Losses များလည်း ဖြစ်ပေါ်နိုင်ကြောင်း၊ အခြားတစ်ခုမှာ  လျှပ်စစ်မီးသုံးစွဲသူများ၏  မီတာဖတ်ရှုမှု မမှန်ကန်စေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်မှုများ ဖြစ်ကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်မှုများကြောင့် losses များ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဆိုပါ Losses များကို ဖြေရှင်းနိုင်ရန်အတွက် မိမိတို့ဌာနအနေဖြင့် AMI ဟုဆိုသည့် Advance Metering Infrastructure စနစ်ကို စတင်ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၂၉ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ပြီးစီးသည့် မြို့နယ်များတွင် ယခင်ကဓာတ်အားပျောက်ဆုံးမှု ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းခန့်အထိရှိနေရာမှ ယခုအချိန်တွင် ၆ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဓာတ်အားပျောက်ဆုံးမှု ၉ ရာခိုင်နှုန်းခန့် သက်သာခဲ့သည်ကိုတွေ့ရကြောင်း၊ အဆိုပါစနစ်တွင် ဓာတ်အားရောင်းချသူနှင့် ဓာတ်အား သုံးစွဲသူများအကြား ပွင့်လင်းမြင်သာမှု ရှိကြောင်း၊ ယခုစနစ်ကို အကောင်အထည်ဖော်ပြီးစီးပါက လျှပ်စစ်မီး သုံးစွဲသူများအတွက် Mobile Application တစ်ခုပေးမည်ဖြစ်ကြောင်း၊ ထို Application မှတစ်ဆင့် မိမိနေ့စဉ်သုံးစွဲနေသည့် ပမာဏနှင့် အချက်အလက်များကို   လျှပ်စစ်မီးသုံးစွဲသူက ဖုန်းဖြင့် အချိန်မရွေး ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊   ရောင်းချသူဖြစ်သည့် မိမိတို့ဘက်မှလည်း မိမိတို့တပ်ဆင်ထားသည့် မီတာများ အပေါ် မသမာမှုများ ပြုလုပ်မှု   ရှိ၊ မရှိကို အချိန်မရွေးကြည့်ရှုစစ်ဆေးနိုင်မည် ဖြစ်ကြောင်း၊ ထပ်မံတိုးချဲ့သည့် စီမံကိန်းအဖြစ် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သုံးမြို့နယ်တွင် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ မြို့နယ်အားလုံးတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ပျဉ်းမနား၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိမြို့နယ်များတွင် Advance Metering Infrastructure စနစ်သုံး Smart Meter များကို တပ်ဆင်လျက်ရှိကြောင်း၊ ထိုကဲ့သို့တပ်ဆင်ပြီးစီးပါက ဓာတ်အားသုံးစွဲသူများကို Application တစ်ခုပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးစီးပါက ဖုန်းထဲမှတစ်ဆင့် လစဉ်မီတာကို ကြည့်နိုင်မည် ဖြစ်ကြောင်း၊ ကြွေးကျန် ရှိ/မရှိသိနိုင်ကြောင်း၊ Mobile Application မှတစ်ဆင့် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါစနစ်မှာ ကောင်းမွန်သည့် စနစ်တစ်ခုဖြစ်သည့်အတွက်   အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar National Post   မှ အယ်ဒီတာချုပ်နောင်တော်လေးက မိမိမေးမြန်းလိုသည့် မေးခွန်းမှာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် မေးခွန်းဖြစ်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် NUG က Online တွင် ကျောင်းများဖွင့်နေသကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးဘက်တွင်လည်း ပြည်သူ့စစ်များဖြင့် ကာကွယ်နိုင်ခြင်းမရှိသည့်ကျေးရွာများတွင် NUG ကျောင်းဟုခေါ်၍ လုပ်ဆောင်နေခြင်းများရှိကြောင်း၊ NUG ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့်အတွက် အဆိုပါကျောင်းများကို ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်း မှာလည်းNUG မျိုးဆက်ကိုမွေးထုတ်နေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ NUG ကျောင်းဟု အမည်ခံထားသည့် ကျောင်းများကို မည်ကဲ့သို့အရေးယူမည်၊ မည်သည့်ဥပဒေဖြင့် အရေးယူမည်၊ မည်သည့်အချိန်ခန့်တွင် အပြီးအပြတ်အရေးယူ ဆောင်ရွက်သွားမည်ကို သိလိုကြောင်း၊ ဆက်စပ်မေးခွန်း အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးကို အထူးပြုပြောလိုကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ကျွန်းလှမြို့နယ်အတွင်း၌ ရေနံကလည်း အလွန်အမင်းထွက်နေကြောင်း၊ ရေနံမည်မျှထွက်သည်ကို ပြောရမည်ဆိုပါက ယခင်  လက်ယက်တွင်းဟုခေါ်၍ လက်ဖြင့် ပင်ပင်ပန်းပန်း ခပ်ထုတ်ရသည့် တွင်းများမှာ ယခင်ကကဲ့သို့ ယက်ထုတ်ရန်မလိုတော့ဘဲ လျှံထွက်နေသည့်တွင်းများ၊ ဒေသအခေါ်(လျှံတွင်း)ဟုခေါ်သည့် တွင်းတစ်တွင်းမှ တစ်ရက်လျှင် ပီပါ ၉၀၀ မှ တစ်ထောင်ခန့်အထိထွက်ရှိကြောင်း၊ ထိုကဲ့သို့သောကျင်းများမှာ အဆိုပါဒေသတွင် ကျင်း ၄၀၀ မှ ၅၀၀ ခန့်အထိရှိကြောင်း၊ ထိုကျင်းများကို PDF နှင့် KIA တို့က လက်နက်ဖြင့်ခြိမ်းခြောက်၍ ဝင်လာသည့်ကားများနှင့်ဆင်းသည့်ကားများကို ဆက်ကြေးကောက်ခြင်းတို့မှ နေ့စဉ်ဝင်ငွေသိန်းပေါင်းများစွာရရှိနေကြောင်း၊ ထို့ပြင် သဖန်းဆိပ်ဆည်အတွင်း၌လည်း ရွှေမျောပေါင်းရာနှင့်ချီ၍ ရှိနေကြောင်း၊ ထိုရွှေမျောများထံမှလည်း PDF နှင့် KIA တို့ကပင် ဆက်ကြေးများကောက်နေကြောင်း၊ တိုင်းပြည်အတွက် လောင်စာဆီကဏ္ဍအတွက် လိုအပ်ချက်ရှိနေသည့် ယခုကဲ့သို့သောအချိန်မျိုးတွင် မိမိတို့ပြည်တွင်း၌ ထွက်ရှိနေသည့် သယံဇာတများကို ရယူသုံးစွဲနိုင်ခြင်းမရှိဘဲ အကြမ်းဖက်သမားများက ထိုသယံဇာတများကို လက်နက်ဖြင့်မိုးပြီးထုတ်ယူနေကြောင်း၊   ထို့ပြင် မိမိတို့၏    ရွာသူရွာသားအချင်းချင်း၊ တိုင်းသူပြည်သား အချင်းချင်းသတ်ဖြတ်သည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း၊ ထိုအခြေအနေများကို ဝန်ကြီးတို့အနေဖြင့် အချိန်ကာလအားဖြင့် မည်သည့်အချိန်ခန့်တွင် ရှင်းလင်းသွားမည်နှင့် အဆိုပါရေနံများကို တိုင်းပြည်အတွက် မည်ကဲ့သရယူအသုံးပြုသွားမည်ကို   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက စာသင်ကျောင်းများနှင့်ပတ်သက်၍  ပြောရမည်ဆိုပါက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းနှင့် မကွေးတိုင်းဒေသကြီး မြောက်ခြမ်းတို့၌ စာသင်ကျောင်းများကို မည်မျှအထိ နှောင့်ယှက်ခဲ့သည်ဆိုသည်ကို ပြောရမည်ဆိုလျှင် စာသင်ကျောင်းများကို မိုင်းထောင်၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ စာသင်ကျောင်းများကို ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်လာသည့်အပြင် ယခုနောက်ပိုင်းတွင် ပြည်ပမှထောက်ပံ့နေသည့်  Drone များဖြင့် Drone Bomb ချ၍ တိုက်ခိုက်ခြင်းများအထိ ပြုလုပ်လာကြောင်း၊ မိမိတို့အနေဖြင့်လည်း ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ မကြာခဏ သတင်းထုတ်ပြန် လျက်ရှိကြောင်း၊ ထိုဖြစ်စဉ်များကို ကြည့်မည်ဆိုပါက စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ စစ်ရာဇဝတ်မှုဆိုသည်မှာ ၎င်းင်းတို့အတွက်မဆန်းကြောင်း၊ လူသတ်ခြင်း၊ ဓားပြတိုက်ခြင်းတို့ကိုပင် သာမန်ကိစ္စကဲ့သို့သဘောထား၍ လုပ်ဆောင်နေကြသူများဖြစ်ကြောင်း၊ ကလေးများစာသင်နေသည့်ကျောင်းကို စာသင်နေသည့်အချိန်မှာပင်လျှင် ယခုကဲ့သို့သော လုပ်ရပ်မျိုးကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်မှာ စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နေသော်လည်း ၎င်းတို့ကို ကြောက်ရသဖြင့်    ၎င်းတို့၏ စည်းရုံးမှုအောက်သို့ ကျရောက်ခဲ့ရသည့်  အချို့သောနယ်မြေများတွင် ကျောင်းများ ဖွင့်လှစ်၍ သင်ကြားပေးနေသည်ဟု သိရကြောင်း၊ ၎င်းတို့သင်ကြားသည့် သင်ခန်းစာ စာအုပ်များမှာလည်း ယခုလက်ရှိ မိမိတို့အစိုးရစာသင်ကျောင်းများတွင် သင်ကြားပေးနေသည့်   သင်ခန်းစာစာအုပ်များပင်ဖြစ်ကြောင်း၊ အစိုးရက ပြဋ္ဌာန်းပေးထားသည့် သင်ခန်းစာစာအုပ်ကိုပင်   သင်ကြားပေး ခြင်းဖြစ်ကြောင်း၊    ၎င်းတို့မည်သည့် သင်ခန်းစာများကို သင်ကြားပေးနေသည် ဆိုသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့နိုင်မည် ဖြစ်ကြောင်း၊  ကလေးများ၏စိတ်ထဲတွင် အကြောက်တရားများ ကင်းမဲ့စေရန်နှင့် မဟုတ်မမှန်သည့် အမုန်းတရားများ ဝင်ရောက်လာစေရန် သင်ကြားပေးကြောင်း၊ ထိုဖြစ်ရပ်များကိုကြည့်၍ မိမိစိတ်ထဲတွင် ဗကပလက်ထက်  ပဲခူးရိုးမတွင် ၁၀ နှစ်အရွယ်ကလေးများနှင့် ၆ နှစ်၊ ၇ နှစ်အရွယ်ကလေးများပင်ပါဝင်သည့် သခင်သန်းထွန်း၏ လူယုံတော်တပ်ဖွဲ့ဟူ၍ပင်ဖွဲ့စည်းခဲ့ခြင်းကို ပြန်၍ သတိရမိကြောင်း၊ ထိုတပ်ဖွဲ့အထဲမှ နာမည်တစ်ခုကိုမှတ်မိသေးကြောင်း၊ တပ်ဖွဲ့ထဲတွင်အငယ်ဆုံးနှင့် သခင်သန်းထွန်း၏ သစ္စာအရှိဆုံး ကရင်လူမျိုးရဲဘော်ဖညက်ဟု ဆိုသည့် လူငယ်လေးဖြစ်ကြောင်း၊ လူကောင်သေးသေးလေးနှင့် စတင်းဂန်းကိုင် ထားသည့်ပုံလေးကို သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ ဆိုသည့်စာအုပ်ထဲတွင် ရှာကြည့်လျှင် တွေ့နိုင်ကြောင်း၊ ယခုအကြမ်းဖက်သမားများမှာ  ကလေးများကို ထိုကဲ့သို့ မှိုင်းသွင်းနေခြင်းဖြစ်ကြောင်း၊ ကလေးများကို ဘာတွေသင်နေသည်၊ ဘာတွေမှိုင်းသွင်းနေသည်ကို အားလုံးတွေ့နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့စာသင်ကျောင်း   မည်မျှဖွင့်လှစ်ထားသည်ဆိုသည့် စာရင်းအတိအကျ မိမိတို့တွင်ရှိကြောင်း၊ ၎င်းတို့ ပြောသကဲ့သို့ မဟုတ်ကြောင်း၊ အစိုးရစာသင်ကျောင်းများတွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ လူထုက တော်လှန်ရေးရေချိန်အမြင့်ဆုံးဖြစ်နေပြီး နိုးကြားတက်ကြွနေသည့်အတွက် တိုင်းဒေသကြီးတစ်ခုလုံးသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင်မရှိဘူးဟု ကမ္ဘာ့မီဒီယာများနှင့်  အချို့မီဒီယာများက ဝိုင်းဝန်း၍ ရေးသားဖော်ပြနေကြကြောင်း၊ အမှန်တကယ် ဟုတ်/မဟုတ်ဆိုသည်ကို  လက်တွေ့ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့သည့် သတင်းထောက်ကြီးကိုယ်တိုင် အသိဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ မည်သည့် နေရာများတွင် ရှိသည်၊ မည်သည့်နေရာများတွင် မရှိဘူးဆိုသည်ကို သိပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ယခုဖြစ်ပျက်နေသည့် အခြေအနေများမှာ တက်ကြွသောကြောင့်မဟုတ်ကြောင်း၊ အစောပိုင်းက သတင်းထောက်ကြီး ပြောပြခဲ့သည့် အကျိုးစီးပွားများကြောင့်ဖြစ်ကြောင်း၊ ရေနံထွက်သည့်နေရာများ၊ ရွှေမှော်များနှင့် ရွှေမျောများနှင့် ရွှေထွက်သည့်နေရာများကို သိမ်းပိုက်ရန်ဖြစ်ကြောင်း၊ ၎င်းတို့ အချင်းချင်းလည်း မတည့်ကြကြောင်း၊    ၎င်းတို့အဖွဲ့ အချင်းချင်းနေရာလုနေကြသည့် အခြေအနေများလည်း ရှိကြောင်း၊ ထိုဖြစ်စဉ်များကို မိမိတို့လည်းသိရကြောင်း၊ တစ်ခါတစ်ရံ ပြည်ပမှ အလှူခံသည့်ပုဂ္ဂိုလ်များကိုလည်း သနားပါကြောင်း၊ ၎င်းတို့မှာလည်း အဆိုပါ ဒေသတွင် ရှိသည့်ရွာများကိုပင် ပြောကြကြောင်း၊ သတင်းထောက်ကြီး ပြောခဲ့သည့် ကျွန်းလှ၊ ရေဦး၊ ခင်ဦး စသည့်ကျေးရွာများ ဖြစ်ကြောင်း၊   အဆိုပါနေရာများတွင် မည်သည့်ကိစ္စများလုပ်နေသည်၊ မည်သည့်အရာများ ထွက်နေသည်ကို ပြည်ပမှပုဂ္ဂိုလ်များ မသိကြကြောင်း၊ ပြည်ပမှလှူမည့်သူများကို ဒီနယ်မြေတွေမှာ ဘယ်လောက် ဒုက္ခရောက်နေပါတယ်ဟု ပြောကြကြောင်း၊ ထိုဒေသရှိ အချို့နေရာများတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်၍ပင် မရတော့ကြောင်း၊ အချို့သောဆည်များတွင် အမြဲတမ်းဝင်ထွက်သွားလာ၍ ဆည်များကိုရေလွှတ်မပေးနိုင်ရန် လုပ်ဆောင် ကြကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ပြီဆိုပါက ၎င်းတို့ထံတွင် လူရှိတော့မည် မဟုတ်သောကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း၌ မိမိတို့အထူး အလေးထား၍ လုပ်ဆောင်သွားမည်ဟု မိမိအရင်ကလည်း ပြောခဲ့ကြောင်း၊ ပြည်သူလူထုပါဝင်သည့် လုံခြုံရေးအဖွဲ့အစည်းများလည်း စနစ်တကျဖွဲ့စည်းနေပါကြောင်း၊ ထိုလုံခြုံရေးအဖွဲ့များကို မိမိတို့အနေဖြင့် လိုအပ်သည့်အကူအညီများ ကူညီထောက်ပံ့ပေးလျက် ရှိကြောင်း၊ ထိုလုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းရာတွင်လည်း ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီပံ့ပိုးသွားမည်ဆိုပါက ပို၍အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  တိုင်းပြည်နှင့်ဒေသ၏ သယံဇာတပစ္စည်းများကို လက်ဝါးကြီးအုပ်၍ ဒေသခံပြည်သူလူထုအပေါ်တွင် အနိုင်ကျင့်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ချေမှုန်းနိုင်ရေးဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ်မှ သတင်းထောက် သဇင်ဦးက နိုင်ငံ့ဝန်ထမ်းများကို CDM လုပ်ရန်တိုက်တွန်းခဲ့သည့် အနုပညာရှင်များကို နိုင်ငံတော်တည်ဆောက်ရေးအတွက်ဟုဆိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြန်လည်လွှတ် ပေးခဲ့သည်ကို ပြည်သူများအနေဖြင့် နားလည်နိုင်ခဲ့ပါကြောင်း၊ ကလေးများ၏ ပညာရေး နောက်မကျစေရန်အတွက် CDM ပြုလုပ်ခဲ့သည့်  ပညာရေးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့မှုနှင့် နိုင်ငံတော်တိုးတက်ရေးကိစ္စများ မနှောင့်နှေးစေရန်အတွက် CDM ပြုလုပ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ခဲ့သည်ကိုလည်း ပြည်သူလူထုကလက်ခံခဲ့ကြောင်း၊ CDM များကိုလည်း လက်နက်အပ်နှံ၍ ပြည်သူ့ဘဝပြန်လည်ဝင်ရောက်ရန်ကြိုဆိုပြီး ထောက်ပံ့ကြေးများပေး၍ မိဘများဆီသို့ ပြန်လည်အပ်နှံ ပေးခဲ့သည်ကိုလည်း ပြည်သူများကသည်းခံခဲ့ကြောင်း၊ သို့သော်  IS စစ်သွေးကြွများကဲ့သို့ ရက်စက်ယုတ်မာပြီး ပြည်ပအားကိုးပုဆိန်ရိုးဖြစ်နေသည့် အကြမ်းဖက်သမားများကိုမူ ပြည်သူများက  သည်းမခံနိုင်တော့ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်မြို့နယ်၊ ကြန်စိမ့်ကြီးကျေးရွာမှ မနန္ဒာ ဟုဆိုသည့် အမျိုးသမီးတစ်ဦးကို နေ့ခင်းဘက်ကြီးတွင် PDF အကြမ်းဖက်သမားများက ဒလန်မ ထွက်ခဲ့ ဟုဆိုပြီး အရှင်လတ်လတ်ခေါင်းဖြတ်၍   သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကိုပင် ၎င်းတို့က တပ်မတော်သားများနှင့် ပျူစောထီးများက ပြုလုပ်ခဲ့သည်ဟုဆိုပြီး မဟုတ်မမှန်လုပ်ကြံ၍ ဝါဒဖြန့်နေမှုများကိုလည်း တွေ့ရကြောင်း၊ ထိုကဲ့သို့ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရှိနေသည့် အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များကိုမူ   ပြည်သူများအနေဖြင့် လုံးဝ(လုံးဝ) လက်မခံနိုင်တော့ကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ အထူးအစီအစဉ်တစ်ရပ်အနေနှင့် ဆောင်ရွက်ပြီး ပြည်သူများကျေနပ်နိုင်သည့် အပြစ်ပေးအရေးယူမှုပြုလုပ်ပေးရန် ပြည်သူလူထုက လိုလားတောင်းဆို နေကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ဆန္ဒကို အကောင်အထည်ဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်းမေးမြန်းသည်၊၊

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စများနှင့်ပတ်သက်ပြီး အရှက်တရားမရှိ ရေးသားနေသည့် မီဒီယာများကိုလည်း တွေ့ရကြောင်း၊ အရှက်မရှိသည့် စွပ်စွဲချက်များပြုလုပ်နေသူများရှိသည်ကိုလည်းတွေ့ရကြောင်း၊ မြိုင်မြို့နယ်၊ ကြန်စိမ့်ကြီးကျေးရွာမှ မနန္ဒာ ၏ ကိစ္စနှင့်ပတ်သက်ပြီး မီဒီယာတစ်ခုကမေးမြန်းထားတာရှိကြောင်း၊ ၎င်းတို့၏ဒလန်နှင့် အချင်းချင်းကြိုတင်ဇာတ်တိုက်ပြီး အမေးအဖြေပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်နန္ဒာ ၊ ၅၂ နှစ်မှာ ဖခင်အမည် ဦးကျော်ဆွေ ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူဖြစ်ကြောင်း၊ အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၁၉ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြိုင်မြို့နယ်ရဲစခန်း၌ တိုင်ကြားအမှုဖွင့်ခဲ့သည်ဟု သိရကြောင်း၊ ထိုနေရာသို့   မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ညနေ ၅ နာရီ ၁၅ မိနစ်တွင်ရောက်ရှိခဲ့ကြောင်း၊ အလောင်း၊ မှုခင်းဆေးစာများနှင့်အတူ နိဗ္ဗာန်ရွှေပြည်လူမှုရေးယာဉ်နှင့် မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်သူများကိုလည်း မိမိတို့က စစ်ဆေးခဲ့ကြောင်း၊  ထိုဖြစ်စဉ်နှင့် ပတ်သက်သည့်  Video File လည်းပါဝင်ကြောင်း၊ အင်မတန် ရက်စက်ကြမ်းကြုတ်သည့် Video File ဖြစ်ကြောင်း၊ ထို  Video File ကို ကြည့်မိသူများလည်း စိတ်မချမ်းမသာ ဖြစ်ကြရကြောင်း၊ သတ်ဖြတ်ခဲ့သည့်သူများမှာ ၎င်းတို့ကို သိနေသည့် တစ်ရွာတည်းသားချင်း PDF များဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ကောက်ချက်ချရသည်ကို ပြောရမည်ဆိုပါက ထို Video File တွင် ပါပြီးဖြစ်ကြောင်း၊ Video File အထဲတွင် အမျိုးသမီးတစ်ယောက်အား ဘေးနားတွင်  ခေါင်းစွပ်စွပ်ပြီး ရပ်နေသူက ၎င်းကို မကြည့်နဲ့၊ မကြည့်နဲ့ဟု ပြောခဲ့ကြောင်း၊ ခေါင်းစွပ်ကိုစွပ်ထားသော်လည်း ၎င်းတို့တစ်ရွာတည်းသားချင်း ဖြစ်နေသဖြင့် မှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ ၎င်းတို့ စွပ်စွဲသကဲ့သို့   စစ်သားများနှင့် ပျူစောထီးများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါက မည်သည့်အတွက်နှင့်မျှ ၎င်းတို့၏ မျက်နှာကို မကြည့်ရဲစရာအကြောင်း မရှိကြောင်း၊ ၎င်းတို့ကို မည်သူကမျှ သိနိုင်မည် မဟုတ်ကြောင်း၊ အချင်းချင်း သိကြသူများဖြစ်ကြောင်း၊ ယခင်ကတည်းကပင် လက်ထောက်ချ၍ အကွက်ကျကျလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊

၎င်းင်းတို့စတင်ဝင်ရောက်လာသည့် ၁၁ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက်ငါးဦးက ဓားများကိုင်ဆောင်၍ ခြံဝင်းအတွင်း ဝင်ရောက်လာပြီး   အိမ်၏အပြင်ဘက်မှ ဒလန် ဟု အော်ခေါ်ခဲ့ကြောင်း၊  ထို့နောက် ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုအမှုနှင့်ပတ်သက်၍ မြိုင်မြို့နယ်ရဲစခန်းတွင် အမှုအမှတ်၊ ပ ၅၆/၂၀၂၂ ဖြင့် အမှုဖွင့်ထားကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)/၅၄ ဖြင့်လည်း အမှုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော် ထိုတရားခံများအနက် အချို့သူများမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့ထဲတွင် ယခုအချိန်ထိရှိနေဆဲ ဖြစ်သည်ဟု သိရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်သည့်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပြီး တရားခံများကို ဖမ်းဆီးရမိပါကလည်း ၎င်းတို့နှင့် ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်၍ ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုပြောလိုကြောင်း၊ ထိုအမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ခန့်အထိ   စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေအတွင်း၌   ထိုကဲ့သို့ ဦးခေါင်းဖြတ်၍ သတ်ဖြတ်ခဲ့သည့်အမှုပေါင်း ၁၀ မှုထက်မနည်းရှိခဲ့သည်ဟု သိရကြောင်း၊ တချို့မှာ မတိုင်ရဲကြကြောင်း၊   တချို့မှာလည်း ထိုကိစ္စများနှင့်ပတ်သက်၍ မပြောရဲကြကြောင်း၊   ရွာလုံး ကျွတ်မီးရှို့ ခံရသည့်အတွက် ထွက်ပြေးတိမ်းရှောင် နေကြသူများလည်း ရှိကြောင်း၊   မည်သည့်အချိန်တွင် မည်သူဝင်ရောက်လာပြီး မည်ကဲ့သို့မီးရှို့သည်ဆိုသည့် ၎င်းတို့၏ ထွက်ဆိုချက်များကိုလည်းချပြပြီးဖြစ်ကြောင်း၊ ရွာတွင်တိုက်ပွဲဖြစ်ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့များက   မီးရှို့၍ထွက်ပြေးသည့်ကိစ္စများ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်  မကွေးတိုင်းမြောက်ခြမ်းတို့တွင်  ဖြစ်ပွားနေကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် လုံခြုံရေးအရဆောင်ရွက်နိုင်သည့် ကိစ္စအားလုံးကို ဆောင်ရွက်ပေးသွားမည်ဟု ပြောလိုကြောင်း ဖြေကြားသည်၊။ 

Trend ဂျာနယ်မှအယ်ဒီတာချုပ် ဦးဝဏ္ဏက Passport လုပ်ရန် တော်တော်လေး အခက်အခဲဖြစ်နေကြကြောင်း၊    လုပ်သည့်လူဦးရေသည်လည်း များကြောင်း၊ လုပ်ရသည့် ဈေးနှုန်းလည်းတက်နေကြောင်း၊ ယနေ့ ပေါက်ဈေးဆိုလျှင် Passport တစ်အုပ်ကို ၅ သိန်းဟု ကြားသိရကြောင်း၊ ယခု Online တွင် Booking တင်သော်လည်း တကယ်အခက်အခဲရှိသူက များနေကြောင်း၊ ပြည်ပထွက်သည့်သူများကလည်း အလွန်များကြောင်း၊ နိုင်ငံတော်အနေနှင့်အဆင်ပြေအောင် မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း၊ မြန်မာနိုင်ငံမှထွက်သွားပြီး နိုင်ငံခြားတွင်အလုပ်လုပ်သည့် အလုပ်သမားများက နိုင်ငံခြားမှ ငွေလွှဲကြကြောင်း၊  Hundi နှင့်ပြည်ပမှငွေလွှဲကြကြောင်း၊   အစိုးရအနေနှင့် အခွန်ရရှိရန်အတွက် ဘဏ်၊ သက်ဆိုင်ရာသံရုံး၊ အစိုးရနှင့် အလုပ်သမားမိသားစုများ ကွန်ရက်လုပ်ရန်  အစီအစဉ်ရှိ၊ မရှိသိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက Passport နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနက အဓိကထား လုပ်ဆောင်နေခြင်းလည်း ရှိကြောင်း၊ တချို့သတင်းဌာနများ၊ တချို့ကိုယ်တိုင် Passport လုပ်သူများ၏ ပြောပြချက်အရ ကြားသိရသည်များလည်းရှိကြောင်း၊ မိမိအနေနှင့်ပြောလိုသည်မှာ မြေပြင်တွင် ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များသည် တချို့နေရာများတွင် နှောင့်နှေးကြန့်ကြာမှုများရှိကြောင်း၊   ယခုအချိန်တွင် လုံခြုံရေးအရစိစစ်ရမှု အခြေအနေများကြောင့်  နှောင့်နှေးကြန့်ကြာရသည်ကိုလည်း သတင်းထောက်ကြီးတို့ သိပြီးလိမ့်မည်ဖြစ်ကြောင်း၊ အကြောင်းအရင်းကို   စစ်ဆေးပြီးလျှင် ပြေလည်အောင်၊ ယခုထက်ပိုပြီးမြန်ဆန်ရန် လုပ်ဆောင်သွားနိုင်မည့်အစီအစဉ်များကို မိမိတို့  လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ Hundi ဖြင့်ငွေလွှဲသည့် ကိစ္စနှင့်ပတ်သက်၍ဘဏ်၊  သက်ဆိုင်ရာသံရုံး၊  အစိုးရနှင့် လုပ်သားမိသားစုများအတွက် အာမခံနိုင်သည့် ကွန်ရက်ကို အကြောင်းအရာမှတ်သားပြီး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Passport နှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဖြေဆိုပေးပါရန်မေတ္တာရပ်ခံပါကြောင်း ပြန်လည် ဖြေကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက Passport နှင့်ပတ်သက်၍ မိမိ တို့တွင် လုပ်ငန်းစဉ်များလည်း ရှိကြောင်း၊ Online မှလည်း လျှောက်၍ရကြောင်း၊ ကိုယ်တိုင်လည်းလျှောက်ထားနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ဌာနခွဲများအနေနှင့်လုပ်ပေးနေသည်များလည်းရှိကြောင်း၊ သို့သော် တချို့သည် ကိုယ်တိုင်မလုပ်ဘဲ ကြားထဲကပွဲစားများနှင့်လုပ်နေသည်များရှိကြောင်း၊ ထိုသို့ပွဲစားများနှင့်လုပ်ဆောင်ရာတွင် မလိုအပ်သည့်ကုန်ကျစရိတ်များရှိနိုင်ကြောင်း၊ မိမိတို့သတ်မှတ်ထားသည့်နည်းလမ်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်မည်ဆိုလျှင် ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း၊ Passport လုပ်ဆောင်ရာတွင် ကြန့်ကြာသည်ဆိုသည်မှာ  တစ်ရက်ကို လူပေါင်း ၂၅၀၀ ခန့် လျှောက်ကြကြောင်း၊ Passport ထုတ်ပေးရာတွင် အလွယ်တကူထုတ်ပေး၍မရကြောင်း၊ လူတစ်ဦးချင်းနှင့် ပတ်သက်၍ လိုအပ်သည့်စာရွက်စာတမ်းများကို စိစစ်ရသည်များရှိကြောင်း၊ နောက်ကြောင်းရာဇဝင်များကို စိစစ်ရသည်များလည်းရှိကြောင်း၊ Passport လျှောက်ထားသူများ၏ ပြစ်မှုကင်းရှင်းခြင်း ရှိ/မရှိကိုလည်း စစ်ဆေးရသည်များလည်း ရှိသည့်အတွက်ကြောင့် ထိုက်သင့်သည့်အချိန်ကာလတစ်ခု ပေးရမည်ဖြစ်ကြောင်းကို နားလည်ပေးရန်လိုအပ်ပါကြောင်း ဖြေကြားသည်။

Bloomberg Myanmar သတင်းဌာနမှ သတင်းထောက် ဒေါ်ပိုးသိင်္ဂီကျော်က မော်တော်ယာဉ် လုပ်ငန်းနယ်ပယ် ဆိုသည်မှာ ယာဉ်များတင်သွင်းမှု၊ တင်ပို့မှု၊ တပ်ဆင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများသာမက ယာဉ်များကိုပြင်ဆင်ထိန်းသိမ်းမှု၊ ယာဉ်ပို ပစ္စည်းရောင်းဝယ်မှုများနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အမြဲရှိနေသည့်လုပ်ငန်း   နယ်ပယ်တစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းကားဈေးကွက်တွင် Model အမြင့်ကားများနှင့် Model အနိမ့်ကားများပါမကျန် ဈေးနှုန်းများမြင့်ပြီး   ဈေးကွက်လှုပ်ခတ်မှု ပြင်းထန်နေကြောင်း၊ အမေရိကန် ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းပြောင်းလဲမှုများကြောင့်လည်း  ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်  ကားကုမ္ပဏီ များအတွက် ဈေးနှုန်းပြင်ဆင်ရမည့်အခြေအနေများလည်း ရှိလာသကဲ့သို့ ကားတင်သွင်းမှု ရပ်ဆိုင်းနေခြင်းကြောင့် ဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ဟန်ချက်ပျက်နေကြောင်း၊ ပြည်ပမှတိုက်ရိုက်ဖွင့်ထားသည့်    Car Showroom ကြီးများကလည်း ကားတင်သွင်းခွင့်မရ၍ ခက်ခဲနေသည်ဟု သိရကြောင်း၊ ထိုအခြေအနေများကို    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် မည်ကဲ့သို့ကိုင်တွယ် စီမံပံ့ပိုးပေးရန် ရှိသည်ကို သိလိုကြောင်း၊ ထို့ပြင် တချို့လုပ်ငန်းများ၏ အစိုးရနှင့် ချုပ်ဆိုထားသည့် အခြေအနေများမှာ လက်ရှိအခြေအနေအရ အဆင်မပြေမှုများ ရှိလာပါကြောင်း၊    ယင်းအတွက်ကြောင့် ထိုစာချုပ်များကိုလည်း ပြန်လည်စဉ်းစားဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက   ကားနှင့်ပတ်သက်၍ အထူး Permit နှင့်တင်သွင်း ထားသည့်ကိစ္စမှအပ ကျန်သည့် ကိစ္စများကို လောလောဆယ်တွင်  ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ Public Transportation အများပြည်သူနှင့် သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးကို အထူးကိစ္စအနေနှင့် မိမိတို့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အထူးကိစ္စရပ်များတွင် ဥပမာအားကစားသမားများကို ကား Permit  တင်သွင်းခွင့် ပေးခြင်းမျိုးမှအပ ကျန်သည့်ကိစ္စများကို    ကန့်သတ်မှုများ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း၊ ကန့်သတ်မှုများဆက်ရှိနေရသည့် အကြောင်းအရာများလည်းရှိကြောင်း၊ ထိုကန့်သတ်မှုများနှင့်ပတ်သက်၍   ဖြေလျှော့ရန်အချိန်တန်သည့် အချိန်ရောက်မှ ဖြေလျှော့ပေးနိုင်မည်ဟု မိမိပြောလိုကြောင်း    ဖြေကြားသည်။

Myanamar Nation Voice သတင်းဌာနမှ အယ်ဒီတာဦးသွင်ထူးအောင်က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု  သိရကြောင်း၊ ထိုအစည်းအဝေးတွင် မည်သည့်ကိစ္စများကို ပြုလုပ်ရန်ရှိသလဲ၊   ထိုအစည်းအဝေးပွဲမှ မည်သည်တို့ကို  ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက မဲခေါင်-လန်ချန်းကိစ္စနှင့်ပတ်သက်၍    ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး    သတ်မှတ်ထားသည့်ရက်များတွင် မိမိတို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးများ တက်လိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံကြားတွင် ချုပ်ဆိုမည့်စာချုပ်များကိုလည်း ချုပ်ဆိုမည်ဖြစ်ကြောင်း၊  ထို့ပြင် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များကို အစည်းအဝေးပြီးသည့်နေ့တွင်  သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပေးရန်ရှိကြောင်း၊ အချိန်မီလည်း မိမိတို့သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Nation Voice သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ကျခံရမည့် ပြစ်ဒဏ်များမှ ထက်ဝက်ခန့်လျှော့ပေးခဲ့ပါကြောင်း၊ CDM များကို ပြန်ခေါ်ခဲ့ပါကြောင်း၊ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသူများကို ဖြေလျှော့ပေးခဲ့ပါကြောင်း၊ တောခိုသွားသည့်သူများကို ပြန်ခေါ်ပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများ၏ အသက်ပြည့်ပင်စင် အသက် ၆၀ မှ ၆၂ နှစ်အထိ သတ်မှတ်ပေးခဲ့ခြင်းကို အားလုံး အသိပဲဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်ပြောခဲ့သကဲ့သို့ ယခုနှစ်  ဆယ်တန်းစာမေးပွဲကို ဖြေဆိုခဲ့ရသည့်သူများသည်  အခက်အခဲများစွာနှင့် စာမေးပွဲကိုဖြေဆိုခဲ့ရသည်ကို   ဗိုလ်ချုပ်ကိုယ်တိုင်လည်း သိရှိပြီးဖြစ်သည်ကို ပြောကြား ခဲ့ပါကြောင်း၊ ယခု  DSA ၊ DSMA ၊ DSTA များ လျှောက်ထားရန် အသက်ကန့်သတ်ချက်ကို ခြောက်လတိုးပေးခဲ့ပါကြောင်း၊ သို့သော် တပ်မတော်ရင်ခွင်ကို ခိုလှုံလိုသည့် တချို့သော သားငယ်သမီးငယ်များသည် ရက်၊ လ အနည်းငယ်ကျော် လွန်နေကြသေးပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ပညာသင်နှစ်တစ်နှစ် ရပ်နားခဲ့ရသော်လည်း ယခုလိုရပ်နားခဲ့ရခြင်းမျိုးနှင့်  လုံးဝမတူပါကြောင်း၊ ယခုကာလသည် တပ်မတော်ကို ချစ်သူ၊ မုန်းသူများက တစ်အိမ်ထဲမှာကို ကွဲပြားနေကြပါသေးကြောင်း၊     ယခုတပ်မတော်ထဲသို့ ဝင်လိုသူများသည် အဓိကမှာ အလုပ်အကိုင် အခွင့်အလမ်းကြောင့် မဟုတ်ဘဲ တပ်မတော်ကို ချစ်ခင်မြတ်နိုးသည့် အတွက် တပ်မတော်၏ရင်ခွင်ကို ခိုလှုံလိုခြင်းကြောင့် ဆိုသည်မှာ ငြင်းမရသည့်အချက် တစ်ချက်ဖြစ်ကြောင်း၊ တပ်မတော်ကို မုန်းစိတ်ဝင်နေသူများ၏အလယ် တပ်မတော်ရင်ခွင်ကို ခိုလှုံလိုသည့်   သားငယ်သမီးငယ်များ မိဘရင်ခွင်မှ တပ်မတော်ရင်ခွင်ကို ပေးအပ်လိုသည့်မိဘများအတွက်   ဝင်ခွင့်များကို ၁၉ နှစ်ဟုသတ်မှတ်ပြီး တပ်မတော်အတွက် သေသေချာချာစိစစ်ရွေးချယ်ပေးပါရန် တောင်းဆိုမှုများများပြားလာပါက ၁၉ နှစ်သို့ ပြောင်းလဲသတ်မှတ်ပေးလိုခြင်း ရှိ/မရှိ သိလိုပါကြောင်း၊ ဗိုလ်ချုပ်အနေနှင့်လည်း ယခုမေးမြန်းချက်ကို သက်ဆိုင်ရာအဆင့်ဆင့် တင်ပြပေးလိုပါသလား   သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက DSA ၊ DSMA ၊ DSTA ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်သည့် အမျိုးသမီးများကို ခေါ်ရာတွင် ယခု ၁-၁-၂၀၂၃ ရက်နေ့တွင် ၁၈ နှစ်ထက်မကျော်ရဟုသတ်မှတ်ကြောင်း၊ နောက်ပိုင်းတွင် ၁၈ နှစ်  ၆ လထက်မကျော်ရဟု သတ်မှတ်ကြောင်း၊ ထိုသို့လုပ်ဆောင်သည်မှာလည်း ပြည်သူလူထုကတောင်းဆို၍ မိမိတို့က သတ်မှတ်ပေးခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများကိုယ်တိုင်လည်းပြောကြောင်း၊ ဖြေဆိုလိုသည့်   ကလေးများ ကိုယ်တိုင်ကလည်း ပြောကြောင်း၊  ၎င်းတို့အနေဖြင့် သတင်းထောက်ကြီး ပြောခဲ့သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း ဆိုသည်ထက် အမှန် တကယ်ကို တပ်မတော်ကိုချစ်၍ အမျိုးကိုချစ်၍၊ တပ်မတော်သို့ ဝင်လိုခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေနှင့်ကလည်း ၁၈ နှစ် ၆ လအထိ တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ရပ်နားခဲ့ရသည့်အချိန်နှင့် ပျမ်းမျှတွက်ခြင်းဖြစ်ကြောင်း၊ ယခုပြောကြား ချက်ကိုလည်း ဆက်လက်ပြီး တင်ပြပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် မိဘပြည်သူများကလည်း ၁၉ နှစ် အထိတိုးပေးရန် ပြောနေသည်များရှိပါကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်၍ မိမိတို့ အဆင့်ဆင့် တင်ပြပေးမည် ဖြစ်ကြောင်း၊ ယခုပြောကြားသည့်ကိစ္စများနှင့် အပြင်၌ မိဘပြည်သူများပြောကြားသည့်  လိုလားချက် များကိုလည်း သိရှိပါသည်ဟု မိမိအနေနှင့် ပြောကြားလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံကို ထူထောင်သည့်နေရာတွင်    ဒီမိုကရေစီ နိုင်ငံတော်ဟု ပြောမည်ဆိုလျှင် နောက်ကလိုက်ရမည့်စကားသည် ပန်းပေါင်းတစ်ရာပွင့်ပါစေဆိုသည့် စကားပင်ဖြစ်ပါကြောင်း၊ အမြင်မတူ၊ သဘောထားကွဲလွဲနေသူများလည်းရှိပါကြောင်း၊ အမြင်မတူသဘောထား ကွဲလွဲနေသည့်သူများသည် တပ်မတော်ကြောင့်၊ တပ်မတော်ကြောင့်ဆိုပြီး ပြောကြကြောင်း၊ ယခုအချိန်တွင် လက်တွေ့လုပ်နေရသည့် မည်သည့်ဘက်မှမပါသည့် စီးပွားရေးသမားများ၊ မည်သည့်ဘက်မှမပါသည့်သူများ၊ နောက်ဆုံးပြောရမည်ဆိုလျှင်  မည်သည့်ဘက်မှမပါဘူးဆိုသည့်   မီဒီယာများကိုအပြင်မှာ လက်တွေ့ မေးကြည့်စေလိုကြောင်း၊ စစ်တပ်ကိုကြောက်ရလားဟု တည့်တည့်မေးကြည့်စေလိုပါကြောင်း၊   မည်သူမျှ စစ်တပ်ကို မကြောက်ရကြောင်း၊ လက်တွေ့တကယ်ဖြစ်နေသည်မှာ PDF ကိုသာ ကြောက်နေရခြင်း ဖြစ်ကြောင်း၊ ပါးစပ်က ထုတ်မပြောရဲလို့သာ ထုတ်မပြောဖြစ်ကြောင်း၊ အားလုံးသည်   ထိုကဲ့သို့ဖြစ်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ တကယ်အကြမ်းဖက် လုပ်နေသည်မှာ မည်သူတွေလုပ်နေသည်လဲကိုသိရန် လိုပါကြောင်း၊ တချို့မီဒီယာများသည် သိလျက်နှင့်မပြောကြကြောင်း၊ မျိုးချစ်များအနေနှင့် လုပ်ကြံသတ်ဖြတ်ခံရခြင်းများ၊ ဗုံးခွဲခံရခြင်း၊ ခြိမ်းခြောက်ခြင်းများကို ခံရသည်ကိုလည်း မိမိတို့သိရပါကြောင်း၊ အဓိကပစ်မှတ်ထားပြီး လုပ်နေသည်မှာ ၎င်းတို့နှင့်ပြိုင်ဘက်နိုင်ငံရေး ပါတီဝန်းရံသူများ၊ မြိုင်တွင်ဖြစ်ခဲ့သည့် ဒေါ်နန္ဒာတို့ လိုလူများကဲ့သို့ ဝန်းရံသူများ၊ ယခင်ကတည်းကတိုင် မျိုးချစ်၊ အမျိုးသားရေးတွင်   တက်ကြွလှုပ်ရှားသူများသာ လုပ်ကြံခံနေရ၊ သတ်ဖြတ်ခံနေရခြင်းဖြစ်ကြောင်း၊ တကယ့်အကြမ်းဖက်မှာ မည်သူဆိုသည်ကိုသိလျက်နှင့်လည်း နားပိတ်၊ မျက်စိပိတ်နေရခြင်းဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍လည်း မိမိအနေနှင့် အသိအမှတ်လည်း ပြုပါကြောင်း၊   ဝမ်းလည်းနည်းပါကြောင်း၊  မိမိတို့အနေနှင့် လုံခြုံရေးအရ ပိုမိုစောင့်ရှောက်နိုင်စေရန် အတွက်လည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊  ထိုသို့ဆောင်ရွက်သည့် နေရာတွင် သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်   တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ပေးပါဟု   မိမိတို့ပြောလိုကြောင်း၊     ထိုသို့ ချိတ်ဆက် ဆောင်ရွက် နိုင်စေရန် အတွက်လည်း မိမိတို့   ကြိုးစားဆောင်ရွက် ပေးသွားမည်ဟု   ပြောလိုပါကြောင်း     ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖော်ပြပါမည်။