သီးနှံမျိုးသစ်အသိအမှတ်ပြုခြင်း

အယ်ဒီတာ့အာဘော် (၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်)

(၂၂)ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ဇွန် ၂၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင်  သီးနှံကျွမ်း ကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့   (Technical Working Groups,TWGs) နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ (Technical Seed Committee, TSC)တို့က မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး တင်ပြလာသော စမ်းသပ်စိုက်ပျိုး သီးနှံရှစ်မျိုး၏ မျိုးသစ်မျိုးကွဲ ၁၈ မျိုးနှင့်အချက်အလက် ပြည့်စုံစွာ စုစည်းတင်ပြလာသော သီးနှံ ၁၀ မျိုး၏ မျိုးသစ်မျိုးကွဲ ၂၅ မျိုး စုစုပေါင်း ၄၃ မျိုးတို့ကို မျိုးသစ်အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

(၂၁)ကြိမ်မြောက် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးအထိ သီးနှံ ၇၆ မျိုး၏ မျိုးကွဲ ၁၃၆၀ နှင့် မိဘမျိုးလိုင်း ၁၆၈ စုံ စုစုပေါင်း ၁၅၂၈ မျိုးကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတကာမှ တောင်သူများနည်းတူ အသစ်ထွက်ပေါ်လာသော မျိုးသစ် မျိုးပွားများကို အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရန် မျိုးသစ်များမှတ်ပုံတင်နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ မျိုးစေ့တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းများအတွက် အချိန်နှင့်စရိတ်သက်သာစေပြီး ပွင့်လင်းမြင်သာမှုရှိသော အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

 နိုင်ငံတော်၏ အထူးစီမံကိန်းများဖြစ်သော ဝါသီးနှံနှင့်ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ စိုက်ပျိုးနေသော မျိုးများအပြင် ပြည်ပမှမျိုးသစ်များ တင်သွင်းနိုင်ရေးကို မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ အကျိုးဆောင် တောင်သူ များနှင့် ပူးပေါင်း၍ အရည် အသွေးကောင်းမျိုးစေ့များ မျိုးသန့်မျိုးပွား ထုတ်လုပ်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဇွန် ၂၃ ရက်က မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်နှစ်ခရိုင်၌ မိုးကြိုချည်မျှင်ရှည် ဝါမျိုးစေ့ထုတ်ဧက ၂၉၇၀ စိုက်ပျိုးပြီးဖြစ်၍ ထွက်ရှိလာသည့်မျိုးများကို ပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ကြားသိရသည်။ အဆိုပါဝါများမှာ ခရိုင်နှစ်ခရိုင်ရှိ မြို့နယ် ပေါင်းခြောက်မြို့နယ်၊ ကျေးရွာ ၅၁ ရွာမှ တောင်သူပေါင်း ၁၆၅၀ ဖြင့် ဖေဖော်ဝါရီနောက်ဆုံးပတ်မှ မတ်လကုန်အထိ စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။  မျိုးကွဲအလိုက် စိုက်ပျိုးမှုအနေဖြင့် ရွှေတောင်(၈)မျိုးဧက ၂၂၀၊ ရွှေတောင်(၁၀)မျိုးဧက ၂၇၅၀ ဖြစ်ပြီး ဇူလိုင်လတွင် စတင် ကောက်သိမ်းမည်ဖြစ်သည်။

ဇွန် ၂၇ ရက်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်သုံးခရိုင်၌ နွေစပါးမျိုးစေ့ထုတ်ဧက ၁၃၀၀ ကျော်စိုက်ပျိုးထားပြီး မကြာမီတွင် ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း သိရှိရသည်။ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် ရမည်းသင်းခရိုင်တို့တွင် စိုက်ပျိုးခြင်းဖြစ်သည်။ စိုက်ပျိုးသောစပါးမျိုးများမှာ ရွှေသွယ်ရင်၊ ရွှေမနော်၊ စူပါနှံကောက်၊ ဆင်းဧကရီ-၃၊ ဆင်းသုခ၊ ရက်၉၀၊ မနောသုခမျိုးများဖြစ်သည်။ နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စနစ်တကျစီမံခန့်ခွဲပြီး အမှန်တကယ် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်လိုသူများ အသုံးချနိုင်ရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသည့်မြေများအား ပြန်လည် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဇွန် ၂၇ ရက် သတင်းအရသိရသည်။ ၁၉၉၁ ခုနှစ်မှယနေ့ အထိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဧက ၂၂ သိန်းကျော် ခွင့်ပြုပေးထားပြီးဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်ရယူထားသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသည့်အတွက် လက်ရှိမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ လက်ထက်တွင် ပြန်လည်သိမ်းဆည်းခဲ့သည့် ဧရိယာစုစုပေါင်းမှာ ဧက ၁၅ သိန်းကျော်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြေလွတ်၊ မြေရိုင်းနှင့်ပလပ်မြေများကို ပြည်သူလူထုအတွက် အကျိုးရှိစွာ အသုံးချရန် လမ်းညွှန်ထားပြီးဖြစ်သည်။ သီးနှံမျိုးစိတ်သစ်များ တိုးပွားလာခြင်းနှင့်အတူ စိုက်ဧကများလည်း ပိုမိုလိုအပ်လာပြီဖြစ်သည်။ စိုက်ပျိုးရေး နည်းစနစ်ကောင်းများနှင့် အထွက်နှုန်းကောင်း မျိုးများရောစပ်ဆောင်ရွက်ပါက အဆင့်မြင့်သော သီးနှံများ ဖြစ်လာ ပေလိမ့်မည်။ သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူဦးကြီးများအားလုံးက တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များသည် ဈေးကွက်ဝင်သီးနှံများအဖြစ် ရောက်ရှိလာမည်ဖြစ်သည်။

မြန်မာတို့သည် လုပ်ငန်းဆောင်ရွက်ရာတွင် လုံ့လဝီရိယရှိသူများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်က ရည်မှန်းချက်ချမှတ်ထားသော ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်ကြမည်ဆိုလျှင် မအောင်မြင်နိုင်စရာ အကြောင်းအချက်ရှိမည် မဟုတ်ပေ။ မျိုးစေ့လည်းမှန်အပင်သန်၍ ထွက်ကုန်ပစ္စည်းများစွာထုတ်လုပ်နိုင်ရေးကြိုးစားကြရမည်ဖြစ်သည်။ ထွက်ကုန်များစွာ ထုတ်လုပ်နိုင်သော လုပ်ငန်းများ ပေါကြွယ်လာသည်နှင့်အမျှ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက် လာမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ထိုသီးနှံမျိုးသစ်များကို အသုံးပြုကာ စိုက်ပျိုးကြခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက် အကူပြုမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။