သက်လုံကောင်းစေတဲ့အစာ

သက်လုံကောင်းစေတဲ့အစာ

နေ့စဉ်စားအစားအစာမှာ အင်အား ဖြစ်ထွန်းစေသောအုပ်စု၊ ခန္ဓာကိုယ်ကြီးထွားစေသောအုပ်စု၊ ရောဂါဘယများမှ ကာကွယ်စေသော အစာများအုပ်စုတို့ ပါဝင်ကြရာ ယေဘုယျအားဖြင့် သက်လုံကောင်းစေတဲ့ အစာများ ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ စွမ်းအင် လိုအပ်တယ်။ စွမ်းအင်ရှိမှ အသက်ရှင်နိုင်မယ်။ စွမ်းအင်ကိုအစာကရတယ်။

အင်အားဖြစ်စေတဲ့အုပ်စု

ကာဗိုဟိုက်ဒြိတ် ကစီဓာတ်ပါတဲ့ထမင်း၊ ပေါင်မုန့်၊ ပြောင်းဖူး၊ လူး၊ ဆပ်၊ ကွေကာ၊ထောပတ်၊ အာလူး၊ ကောက်ညှင်းထုပ်၊ ထန်းလျက်၊ ကြံသကာ၊ သကြားလုံး၊ ဆီတို့ပါဝင်ကြပါတယ်။

ခန္ဓာကိုယ်ကြီးထွားစေတဲ့အုပ်စု

ပရိုတင်းအသားဓာတ်ကို အသားတုံး၊ ကြက်သား၊ ငါး၊ ပုစွန်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲနီလေး၊ ပုစွန်ဆိတ်များ၊ ငါးကလေးများမှ ရရှိတယ်။

ရောဂါဘယများမှ ကာကွယ်စေတဲ့ အစာများအုပ်စု

ကန်စွန်းဥ၊ ပဲနို့၊ အာလူး၊ ခေါက်ဆွဲ ပိန်းဥတို့ ဖြစ်တယ်။

ကြွက်သားများကို သက်လုံကောင်းစေပြီး ခန္ဓာကိုယ်ပြန်လည်အားဖြည့်ပေးဖို့ ခန္ဓာကိုယ်ကြီးထွားစေတဲ့ ပရိုတင်းများတဲ့ အုပ်စုကို စားသောက်ရမယ်။ ကြွက်သားများသန်မာပြီး သက်လုံကောင်းစေတယ်။

ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ အစားအစာများကို စားပေးရမယ်။ ဂျုံမှုန့်အကြမ်းမှာ ကြွက်သားနဲ့တစ်သျှူးများကို အားအမြန်ဖြစ်စေတဲ့   ဂလူးကို့စ်အားဖြည့်ပေးတဲ့အပြင် အဆီလောင်ကျွမ်းမှုကိုမြန်စေတယ်။

အာဟာရရှိတဲ့ စွပ်ပြုတ်တစ်မျိုးမျိုးကို နေ့စဉ်သောက်သုံးပေးရမယ်။ နေ့စဉ်တစ်နာရီလေ့ကျင့်ခန်း (အပြေးလမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး)လုပ်ပြီးရင်  ခေတ္တအနားယူ ကိုယ်လက်သန့်စင်ရေချိုးပြီးပါက စွပ်ပြုတ်နွေးနွေးသောက်ပေးခြင်းက ကုန်သွားတဲ့စွမ်းအင်ကို ပြန်လည်ရရှိစေပါတယ်။

အသီးအနှံ၊ သစ်သီးဝလံများစားပေးရမယ်။ သစ်သီးများမှာ ကာဗိုဟိုက်ဒြိတ်၊သကြားဓာတ်နဲ့ ဗီတာမင်ဓာတ်များစုံလင်အောင်ပါဝင်လို့ ခန္ဓာကိုယ် စွမ်းအားကို မြင့်မားစေတယ်။ ရောဂါဘယများကို ကာကွယ်တားဆီးပေးနိုင်တဲ့ အမျှင်ဓာတ်နဲ့ အင်တီ အောက်စီဒင့် ဓာတ်ကြွယ်ဝစွာ ပါဝင်တယ်။ သစ်သီးဝလံများစားသုံးခြင်းက ကျန်းမာစွမ်းအားတိုးစေပြီး သက်လုံကောင်းစေတယ်။

ဒိန်ချဉ်သောက်ပေးရမယ်။ ပင်ပန်းတဲ့ အားကစားလေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဒိန်ချဉ်သောက်ပေးခြင်းက ပရိုတင်းနှင့် ကာဗိုဟိုက်ဒြိတ် ကို လုံလုံလောက်လောက်ရရှိ စေနိုင်လို့ သက်လုံကို ကောင်းစေတယ်။ ကြွက်သားများ သန်မာဖွံ့ဖြိုး အလှတိုးစေပါတယ်။

ဒိန်ချဉ်ကို ချယ်ရီသီးများနဲ့ ဖျော်သောက် ပေးရင် ကျန်းမာစွမ်းအား ပိုမိုတိုးတက်စေတယ်။

ရောဂါဘယကာကွယ်စေတဲ့ အစာများ

အုပ်စုမှာ ဟင်းရွက်စိမ်းများ၊ အခြားဟင်းရွက်များ၊ သစ်သီးများ ခွဲခြားထားကာ ဗီတာမင်နှင့်သတ္တုဓာတ်၊ ရေဓာတ်များ ရရှိစေလို့ ရောဂါများမှ ကြိုတင်ကာကွယ်တယ်။

ဟင်းရွက်စိမ်းများအုပ်စု

ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဟင်းနု နယ်ရွက်၊ မြင်းခွာရွက်။

အခြားဟင်းသီးဟင်းရွက်အုပ်စု

ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ ခရမ်းသီး စသည်တို့ပါဝင်တဲ့အုပ်စု၊  သစ်သီးများ အုပ်စု ငှက်ပျောသီး၊ မာလကာသီး၊ သရက်သီး၊ သင်္ဘောသီး စသည်တို့ပါဝင်တယ်။

ဟင်းသီးဟင်းရွက်များမှာ အစာချေဖျက်နိုင်တဲ့ အမျှင်ဓာတ်ပါဝင်လို့ ဝမ်းသွားစေခြင်း၊ ဝမ်းမှန်စေခြင်း စတဲ့ကောင်းကျိုးများ ဖြစ်ထွန်းစေလို့ အူရောဂါများဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်ပါတယ်။

လုံခြုံစိတ်ချရတဲ့ အစားအစာဆိုတာ ဒီဘက်ခေတ်မှာ ပြည်သူတွေတောင့်တလာတဲ့ အခြေအနေဖြစ်တယ်။ အစားအစာကတစ်ဆင့် ကူးစက်ရောဂါများဝင်ရောက်နိုင်ခြင်းအပြင် ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါများဖြစ်တဲ့ ကင်ဆာ၊ အဝလွန်ခြင်း၊ သွေးတိုးရောဂါ စတာတွေဖြစ်နိုင်တယ်။ ဒီကနေ့ခေတ်မှာ အစားအသောက်တွေ အပြိုင်အဆိုင် ထုတ်လုပ်လာကြတာမို့ အစားအသောက်တိုင်းဟာ လုံခြုံစိတ်ချရတဲ့ အစားအသောက်တွေဖြစ်ဖို့ လိုအပ်လာပါတယ်။ ကောင်းသော ယှဉ်ပြိုင်ခြင်းနဲ့ယှဉ်ပြိုင် ထုတ်လုပ်ကြပြီး   စားသုံးသူ တွေ ဘေးအန္တရာယ်ကင်းရေးကို ဦးတည်သင့်ပါတယ်။

ကျွမ်းကျင်လုပ်သား တစ်ယောက်ဖြစ်ဖို့ သင်ကြားပေးရတဲ့အချိန်၊ ကုန်ဆုံးရတဲ့ငွေရေးကြေးရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး လစဉ် စစ်ဆေးပေးခြင်း စတာတွေနဲ့ထုတ်လုပ်ကြရာမှာ စာချုပ်စာတမ်းနဲ့ လက်မှတ် ရေးထိုးတာအထိပါတယ်။ အလုပ်သမားတွေ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိရင် ရောဂါပိုးမွှားတွေ သူတို့ကိုင်လိုက်တဲ့အစာတိုင်း ကပ်ငြိပါလာကာ လက်များ၊ အရေပြားတို့မှတစ်ဆင့် ပြင်ဆင်နေတဲ့ အစားအသောက်ထဲ ရောက်ရှိသွားနိုင်တယ်။ အစားအသောက် ပြင်ဆင်သူရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ အစာတွေစားသုံးနိုင်ဖို့ ရောဂါကင်းတဲ့အစားအစာရရှိဖို့လိုလာပါတယ်။ အစားအသောက် လုပ်ကိုင်ပြင်ဆင်နေတဲ့ လုပ်သားက အစား အစာရောဂါကင်းဝေးရေး မသိရှိထားဘူးဆိုရင် ပိုးမွှားမကင်းတဲ့အစားအသောက်ထုပ်ပိုးပြင်ဆင်ထားသလိုဖြစ်ကာ စားသုံးသူတွေကို ရောဂါကူးစက်နိုင်လို့ တစ်ကိုယ်ရေသန့်ရှင်းရေးကသာ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ် တားဆီးနိုင်မှာပဲ ဖြစ်တယ်။

လူတစ်ဦးချင်း တစ်ကိုယ်ရေသန့်ရှင်းမှုက ခန္ဓာကိုယ်တွင်းပိုးမွှားကင်းစင်ရေး၊ အစာထုတ်လုပ်လက်များ၊ သန့်ရှင်းရေး၊ လုံလောက်တဲ့ အဆောင်း၊ အကာ၊ အအုပ်၊ အဖုံး၊ နှာခေါင်းစည်းတို့က လုပ်သားတွေထံမှ  ရောဂါကူးစက်မှုကို ဖြတ်တောက်လိုက်တာပဲဖြစ်တယ်။  အစာကိုင်ရင် လက်အိတ်နဲ့ကိုင်သင့်တယ်။ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းက လူရဲ့ကျန်းမာရေးကို အထူးသဖြင့် အဆုတ်နဲ့ အသက်ရှူ လမ်းကြောင်းရောဂါရစေကာ မိမိရဲ့နှာခေါင်း၊ လက်သည်း၊ ဆံပင်ထဲကနေ ပိုးမွှားတွေအစားအစာထဲ ရောက်ရှိနိုင်လို့ ခွင့်မပြုသင့်ပါဘူး။

နှပ်ရည်၊ နှာရည်၊ အရေပြား(Nasal and Hand Swab)က ပိုးရှိ၊ မရှိ လစဉ် စစ်ဆေးသင့်တယ်။ လစဉ်မှတ်တမ်းတင်သင့်တယ်။ နေထိုင်မကောင်းတဲ့လုပ်သားကို အနားပေးကာ ပြည့်ပြည့်၀၀အနားယူ ဆေးကုသခွင့်ပေးသင့်တယ်။ အလုပ်လုပ် ချိန်မှာ နှာခေါင်း စည်း၊ ခေါင်းစည်း၊ ရင်စည်း စည်းနှောင်ထားသင့်ပြီး  အလုပ်ရုံမှာ ချက်ပြုတ်ရာမှာ အပြင်မှာစီးမယ့်ဖိနပ် အနည်းဆုံးသုံးရန် ထားရှိ သင့်တယ်။

အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေထံ လုံခြုံစိတ်ချမှုဆိုင်ရာ အသိပညာပေးဖို့၊ လုပ်ဆောင်ပေးဖို့အထူး လိုအပ်သည်။   စံချိန်စံညွှန်းမီ၊ အရေအသွေးမီ ထုတ်လုပ်တဲ့စားကုန်မှာ ပါဝင်ရ မယ့်အချက်တွေက ကုန်အမှတ်တံဆိပ်၊ ကုန်ပစ္စည်းအမျိုးအမည်၊  ပါဝင်ပစ္စည်း (ဘေးထွက်ဆိုးကျိုးများ၊   ထုတ်လုပ်သူလိပ်စာ၊   ဖုန်းနံပါတ်ထုတ်လုပ်တဲ့ရက်စွဲ၊ နောက်ဆုံးသုံးစွဲမယ့်ရက် FDA က ခွင့်ပြုတဲ့ အစာဖြစ်သင့်တယ်။)

ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့လုပ်ငန်းတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအစာ ထည့်ထားမယ့် ပစ္စည်းအသုံးအဆောင်များ သန့်ရှင်းရေး၊ လှီးဖြတ်စားသောက်မယ့်ဇွန်း၊ ခက်ရင်း၊ ဓားများသန့်ရှင်းရေးနှင့် အိမ်အကူ လုပ်သားများ သန့်ရှင်းစင်ကြယ်ရေး၊ သိုလှောင်ထားရှိမယ့်နေရာ၊ ရေခဲသေတ္တာသန့်ရှင်းစင်ကြယ်ရေးတို့ပါဝင်ရာ လူတိုင်းလိုက်နာ သင့်တယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA က “၂၀၀၉ ခုနှစ် အစားအစာဥပဒေ” ထုတ်ပြန်ခဲ့ရာမှာ အစာ ကိုင်မယ့်လက်များ သန့်ရှင်းစင်ကြယ်ဖို့ ဆိုရာမှာ လက်ကို ရေ၊ ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ သေချာစွာဆေးကြောဖို့ ပါဝင်တယ်။ အိမ်သာသွားပြီးတိုင်း၊ အစာ စားပြီးတိုင်း၊ အစာမစားမီ၊ အစားအစာ ကိုင်တွယ်မချက်ပြုတ်မီ လက်တွေသန့်ရှင်းစင်ကြယ်စွာထားနိုင်ဖို့    အစားအစာ ကိုင်တွယ်သူတွေအနေနဲ့ အလေ့အကျင့်ကောင်း ဖြစ်သွားစေသင့်ပါသည်။

အစားအသောက်ထည့်မယ့်ခွက်၊ အိုး၊ ပန်းကန်ခွက်ယောက်တွေ အဖုံးပါရှိသင့်တယ်။ ယင်လုံသံဆန်ခါတပ်ထားတဲ့ ဗီရို၊ ကြောင်အိမ်မှာ   ထည့်ထားသင့်တယ်။ ညကဆေးကြောပြီးတဲ့ ပန်းကန်ကို စိတ်ချစွာမသုံးသင့်ဘူး။ ကြွက်ချေး၊ ကြွက်သေးပါရင် “လက်ပတို စပိုင်ရိုးဆစ်” ဖြစ်နိုင်လို့ ထပ်ဆေးကြောစေသင့်ပါတယ်။   ။

 

ဒေါက်တာလွင်သန့်