ရုရှားက အာတိတ်ဒေသ၌ ရေနံသိုက်ကြီးတစ်ခုကိုတွေ့ရှိ

ရုရှားနိုင်ငံအနေဖြင့် အာတိတ်ဒေသ၌ ရေနံသိုက်ကြီးတစ်ခုကို  ရှာဖွေတွေ့ရှိကြောင်း ရုရှားနိုင်ငံပိုင်  ရေနံကုမ္ပဏီဖြစ်သည့်  ရော့စနက်က ထုတ်ပြန်ကြေညာသည်။

အဆိုပါရေနံသိုက်သည်   အာတိတ်ဒေသ၏ ပီချိုရာပင်လယ်အတွင်း တည်ရှိပြီး ခန့်မှန်းခြေအားဖြင့် ရေနံတန်ချိန် ၈၂ သန်းရှိနိုင်သည်ဟု ရော့စနက်ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီ၏ ရေနံရှာဖွေတူးဖော်မှုအတွင်း ယခုကဲ့သို့တွေ့ရှိခြင်းဖြစ်ကာ  တစ်ရက်လျှင် ရေနံစီးဆင်းမှုပမာဏ   ၂၂၀ ကုဗ မီတာနှုန်းရှိကြောင်းနှင့်  ထိုရေနံ၏ ဂုဏ်သတ္တိများမှာ  ပေါ့ပါးပြီးကန့်ဓာတ်နှင့်ပျစ်စေးမှုနည်းပါးကြောင်း   ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ပီချိုရာပင်လယ်အတွင်း  ရေနံရှာဖွေတူးဖော်မှုလုပ်ငန်းများသည်   ကမ်းဦးရေတိမ်ပိုင်းရှိ  တီမန်-ပီချိုရာပြည်နယ်၌ ရေနံသိုက်များ အများအပြား တည်ရှိနိုင်မှုကို သက်သေထူခြင်း ဖြစ်ကြောင်းနှင့်  ရှာဖွေတူးဖော်ရေး လုပ်ငန်းများကို  ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။

ရော့စနက်ကုမ္ပဏီသည်   အာတိတ်ဒေသရှိ    ကမ်းလွန်ပင်လယ်ပြင်ရေနံလုပ်ကွက် ၂၈ ခုကို    ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ၎င်းတို့အနက်   လုပ်ကွက်ရှစ်ခုမှာ ပီချိုရာပင်လယ်အတွင်း ရှိကြောင်း  သိရသည်။

                                     Ref: RT