အမေရိကန်နိုင်ငံသား ၁၀ ယောက်မှာ ခုနစ်ယောက်ကျော်က ဂျိုးဘိုင်ဒင်ကို နောက်တစ်ဆက် ရွေးကောက်ပွဲမဝင်စေလို

အမေရိကန်နိုင်ငံသား ၁၀  ယောက်လျှင်  ခုနစ်ယောက်က လက်ရှိသမ္မတဂျိုးဘိုင်ဒင်ကို  နောက်တစ်ဆက်သမ္မတ ရွေးကောက်ပွဲအတွက်     ဝင်ရောက်မယှဉ်ပြိုင်စေလိုကြောင်း  သုတေသနစစ်တမ်းအသစ်တစ်ခုအရ သိရသည်။

ဟားဗတ်တက္ကသိုလ်၏ သုတေသနပြုစာတမ်းအရ အမေရိကန်နိုင်ငံသား ၇၁ ရာခိုင်နှုန်းက ဂျိုးဘိုင်ဒင်ကို ၂၀၂၄ ခုနှစ် တွင် ရွေးကောက်ပွဲဝင်ရောက်မယှဉ်ပြိုင်စေလိုကြောင်း The Hill သတင်းစာက ဖော်ပြထားခြင်းဖြစ်သည်။

ဂျိုးဘိုင်ဒင်ကို  ရွေးကောက်ပွဲထပ်မံဝင်မပြိုင်စေလိုသူများတွင်   မည်သည့်အတွက်ကြောင့် ရွေးကောက်ပွဲ ဝင်မပြိုင်စေလိုသည်နှင့် ပတ်သက်၍  အကြောင်းရင်း အမျိုးမျိုးရှိသည်။

၎င်းင်းတို့အနက် ၄၅ ရာခိုင်နှုန်းမှာ  ဂျိုးဘိုင်ဒင်ကို  သမ္မတကောင်းတစ်ဦးအဖြစ် သတ်မှတ်ထားခြင်း မရှိသည်ကို   တွေ့ရသည်။

အခြား ၂၅ ရာခိုင်နှုန်းမှာ အပြောင်းအလဲကို မြင်တွေ့လိုသည့်အတွက် ဂျိုးဘိုင်ဒင်ကို  နောက်တစ်ဆက် သမ္မတသက်တမ်းတွင်  ဝင်ရောက်မယှဉ်ပြိုင်စေလိုခြင်း  ဖြစ်သည်။

ထို့ပြင် ကျန်ရှိသူများအနက်  သုံးပုံတစ်ပုံမှာ သမ္မတသည် နောက်တစ်ဆက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နိုင်ရန် အသက်အရွယ်    အိုမင်းလွန်းနေပြီဖြစ်ကြောင်း ဖြေဆိုထားသည်။

သမ္မတဂျိုးဘိုင်ဒင်က နောက်တစ်ဆက်အတွက်  ဝင်ရောက်ယှဉ်ပြိုင်လိုပေမယ့်လည်း မဲဆန္ဒရှင်တွေကတော့  သူ့ရဲ့အကြံကို လက်မခံကြတော့ပါဘူး။ သူ့ရဲ့ဒီမိုကရက်တစ်ပါတီမှ ၃၀ ရာခိုင်နှုန်းကတော့   သူ့ပါတီရဲ့သမ္မတလောင်းရွေး ကောက်ပွဲမှာ ဘိုင်ဒင်ကိုမဲပေးမယ်လို့ ဆိုပါတယ်ဟု ဟားဗတ်တက္ကသိုလ် CAPS-Harris Poll မှ ပူးတွဲညွှန်ကြားရေးမှူး မာ့ပန်းကပြောသည်။

ဂျိုးဘိုင်ဒင်သည် ယခုနှစ်နိုဝင်ဘာ ၂၀ ရက်တွင် အသက် ၈၀ ပြည့်မည်ဖြစ်ပြီး လက်ရှိတွင်လည်း   လူထုထောက်ခံမှုက အလွန်အမင်းကျဆင်းနေပြီ ဖြစ်သည်။

ထို့ကြောင့် ယင်းသို့အသက် ၈၀ မပြည့်ခင်   ရက်အနည်းငယ် အလိုကျင်းပမည့် ၂၀၂၂ ခုနှစ်   အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲတွင် ဘိုင်ဒင်၏ ဒီမိုကရက်တစ်ပါတီအနေဖြင့်  သောင်ပြိုကမ်းပြို ရှုံးဖွယ်ရှိနေသည်။

ဂျိုးဘိုင်ဒင်အနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခတွင် ယူကရိန်းဘက်မှကြားဝင်ကာ ရုရှားအပေါ်ပိတ်ဆို့မှုများ  ချမှတ်သည့်အပြင်  ယူကရိန်းအားကူညီထောက်ပံ့ရေးပစ္စည်းများအစား စစ်လက်နက်ပစ္စည်းများ ကိုသာ ပေးအပ်ပြီး ရုရှားနှင့် ကြားခံစစ်ဆင်နွှဲလာသည်ကို တွေ့ရသည်။

အဆိုပါ လုပ်ရပ်၏ အကျိုးဆက်ကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက် ကမောက်ကမဖြစ်ကာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းလိုလို  ငွေကြေးဖောင်းပွမှုနှင့် ရင်ဆိုင်လာရသည်။

ထို့ပြင်  အမေရိကန်နိုင်ငံတွင်လည်း စံချိန်တင်   ငွေကြေးဖောင်းပွမှုနှင့်အတူ လောင်စာဆီဈေးနှုန်းသည်လည်း  တစ်ဂါလန်လျှင် ၅ ဒေါ်လာအထိ မြင့်တက်လာသည့်အတွက်     အမေရိကန်ပြည်သူတစ်ရပ်လုံး  အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

တစ်ချိန်တည်းမှာပင်  ဂျိုးဘိုင်ဒင်၏ အသက်အရွယ် ကြီးရင့်မှုသည်လည်း နိုင်ငံရေးတွင် ဆုံးဖြတ်ချက်အမှားများ   ပိုမိုပြုလုပ်နိုင်သည်ကို အမေရိကန်နိုင်ငံသားများက အလွန်စိုးရိမ်လာသည်။

ယင်းသို့  ဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ယူကရိန်းကိုအကြောင်းပြုကာ   ရုရှားအပေါ်ကြားခံစစ်ဆင်နွှဲမှု၊ ထိုမှတစ်ဆင့်ဖြစ်ပေါ်လာသော  တစ်ကမ္ဘာလုံးအပေါ် သက်ရောက်သည့် အကျိုးဆက်နှင့် ဂျိုးဘိုင်ဒင်၏ အသက်အရွယ်ကြီးရင့်လာမှုတို့က ၎င်းအပေါ် လူထုထောက်ခံမှု ကျဆင်းရသည့်အကြောင်းရင်းများ ဖြစ်သည်။

အဆိုပါ အကြောင်းရင်းများမှ   ထွက်ပေါ်လာသော   ရေတိုအကျိုးဆက်မှာ မကြာမီ ကျင်းပမည့် အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်းမှ ဂျိုးဘိုင်ဒင်၏ ဒီမိုကရက်တစ်ပါတီ ရရှိထားသော    အမတ်နေရာအများစုကို ဖယ်ရှားနိုင်ခြင်း ဖြစ်သည်။

ရေရှည်အကျိုးဆက်မှာမူ   ဘဝတစ်လျှောက်  နိုင်ငံရေးသမားအဖြစ် အသက်မွေးလာသည့် ဂျိုးဘိုင်ဒင်၏ နိုင်ငံရေးသမား ဘဝသည်လည်း ၎င်း၏ဘဝနေဝင်ချိန်နှင့်အတူ ငြိမ်းသွားနိုင်ခြင်းပင် ဖြစ်ပါသည်။

                            Ref: NY Post