အကြမ်းဖက်များလုံးဝအခြေချနေထိုင်မှုမရှိစေရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅ ရက်)

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် တပ်မတော်သို့ ဝင်ရောက်လာကြသူများသည် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒ  စဉ်းစား ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်လာကြသူများသာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ တိုက်တွန်း၍၊ အကျပ်ကိုင်၍ ဝင်ရောက် လာခြင်းမဟုတ်သည်မှာ ရာခိုင်နှုန်းပြည့်အမှန်တရား ဖြစ်သည်။ တပ်မတော်သို့မဝင်ရောက်မီက နိုင်ငံနှင့်လူမျိုးကိုချစ်သောစိတ် ရှိချင်မှရှိပေလိမ့်မည်။ သို့သော် တပ်မတော်သားဘဝတွင်မူ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသောစိတ်ကား အားလုံးတွင် တညီတညွတ်တည်းရှိသော စိတ်ဖြစ်သည်။

ပို၍ထူးခြားသည်မှာ တပ်မတော်သားတိုင်းတွင် အခြားသူများမသိမမြင်နိုင်သော စိတ်ရှိနေခြင်းဖြစ်သည်။ ဤစိတ်ကား ရဲဘော် စိတ်ပင်ဖြစ်သည်။ “ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှု တရားပင်ဖြစ်၏” ဟူ၍ကျစ်လျစ်ခိုင်မာစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နေ့စဉ်ရွတ်ဆိုနေကြရသော သစ္စာလေးချက်နှင့်အညီ နိုင်ငံနှင့် လူမျိုးကို သစ္စာစောင့်သိပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည်။

နိုင်ငံနှင့်လူမျိုးအကျိုးကို စွန့်စွန့်စားစား ကာကွယ်ပေးနေသည့် တပ်မတော်သားများကို ပြည်သူတစ်ရပ်လုံး ကလေးစားကြသည်။ ချစ်ခင်ကြသည်။ အရေးကြုံတိုင်း တပ်မတော်သည်နိုင်ငံအတွက် သက်စွန့်ကြိုးပမ်း တာဝန်ထမ်းလျက်ရှိသလို တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသူများကိုလည်း ပြည်သူတို့က ချီးကျူး ဂုဏ်ပြုလျက်ရှိကြသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့် ဆံဖျား ထမ်းဆောင်နေသည့် ဝေါလေဒေသအတွင်းမှ တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာ များဂုဏ်ပြု ချီးမြှင့်ပေးအပ်သော သတင်းများကို တွေ့မြင်နေရသည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး လုံခြုံမှုပြည့်ဝစွာဖြင့် မိမိတို့၏လူမှုစီးပွား ဘဝအား လွတ်လပ်စွာ ဆောင်ရွက် နိုင်စေရေးအတွက် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက် ရှိရာတွင် ကရင်ပြည်နယ် မြဝတီမြို့နယ် ဝေါလေ ဒေသအတွင်း ဥကရစ်ထစစ်ဆင်ရေး ခြေကုပ်စခန်း၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာ့ တပ်မတော်စစ်ကြောင်းကို KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက သာလွန်အင်အား အများအပြား အသုံးပြု၍ ဇွန် ၂၆ ရက်မှစတင်၍ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည်။

မည်သို့ပင်သာလွန်အင်အား လာရောက်တိုက်ခိုက်သော်လည်း စခန်းရှိအရာရှိ၊ စစ်သည်များ၏ မိမိအသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် စခန်းကိုသိမ်းပိုက်နိုင်ခြင်းမရှိဘဲ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထိခိုက် ကျဆုံးမှုများပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဥကရစ်ထကျေးရွာ အနီးတစ် ဝိုက်ရှိ စေတီပုထိုးများ၊ စာသင်ကျောင်းများ၊ လူနေအဆောက်အဦများနှင့် ဘာသာရေးအဆောက်အဦတို့ကို အကာအကွယ်ယူ၍ ပစ်ကျင်းကတုတ်များပြုလုပ်ပြီး တပ်မတော်စစ်ကြောင်းများကို ဆက်လက်တိုက်ခိုက်နေသည့်အတွက် တပ်မတော်က နယ်မြေ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ဇူလိုင် ၁ ရက်သတင်းများအရ ဥကရစ်ထကျေးရွာအနီးရှိ စစ်ဗျူဟာ အရေးကြီး နေရာတစ်ခုအား တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာ သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

ဤသတင်းသည် ပြည်သူတစ်ရပ်လုံးအတွက် ဝမ်းသာဖွယ်သတင်းကောင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူများက အဆိုပါဒေသတွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်ပေးအပ် ကြခြင်းဖြစ်သည်။ တပ်မတော်သားတို့အနေဖြင့် စစ်မြေပြင်ရန်သူကိုနေလို၊ မီးလိုကျင့်ပါဆိုသည့်အတိုင်း ပြတ်ပြတ်သားသား ချေမှုန်းနေခြင်းဖြစ်သည်။ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ရန်သူကိုမတိုက်လျှင်မဖြစ်၍သာ တိုက်နေရခြင်းဖြစ်သည်။

ရန်သူကအလွန်များပြားသော အင်အားဖြင့်တိုက်ခိုက်သည်ကိုပင် မိမိစခန်းသိမ်းပိုက်မခံရအောင် ကာကွယ်ထားနိုင်သည်မှာ ကြံ့ခိုင် သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်၊ တပ်မတော်၏ ဂုဏ်ကိုအသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်း ရိုင်းပင်းကူညီလို သည့်စိတ်ဓာတ်၊ ရဲဘော် ရဲဘက်စိတ်တို့ ထားရှိခြင်းကြောင့်ဖြစ်သည်။ တပ်မတော်အနေဖြင့် အဆိုပါဒေသအတွင်း KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ လုံးဝအခြေချနေထိုင်မှုမရှိစေရေး နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်မှာ ဒေသခံပြည်သူများအတွက်ဖြစ်သည်။

ပြည်သူတစ်ရပ်လုံးက မိမိတို့နေထိုင်ရာဒေသများတွင် အေးအေးချမ်းချမ်း နေထိုင်လိုကြသည်။ ပစ်ခတ်တိုက်ခိုက်မှုများ ကင်းစင်စေ ချင်သည်။ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားတို့ရှိနေသမျှရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်နေမည်မှာ အမှန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် တိုင်းပြည်နှင့်လူမျိုးအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်လျက် ရှိသော တပ်မတော်သားများအား ချီးကျူးဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။   ။