တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

နေပြည်တော်၊ ဇူလိုင် - ၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက် ရှိသည်။   

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုးနှံနိုင်သော Sinopharm ဆေးများကို ယနေ့တွင် ဆက်လက် ပို့ဆောင်ပေးရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ ကာကွယ်ဆေး ၂၀၉၀၀ လုံးနှင့် ဆေးထိုးအပ် ၆၄၀၀၀ ချောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကာကွယ်ဆေး ၁၀၁၂၆ လုံးနှင့် ဆေးထိုးအပ် ၂၂၄၀၀ ချောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကာကွယ်ဆေး ၁၆၂၇၅ လုံးနှင့် ဆေးထိုးအပ် ၁၆၆၄၀၀ ချောင်း၊ သံတွဲမြို့သို့ ကာကွယ်ဆေး ၈၂၉၇ လုံးနှင့် ဆေးထိုးအပ် ၇၀၄၀၀ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ကာကွယ်ဆေး ၁၃၀၇၇ လုံးနှင့် ဆေးထိုးအပ် ၇၆၈၀၀ ချောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ကာကွယ်ဆေး ၂၃၆၈၇ လုံးနှင့် ဆေးထိုးအပ် ၃၃၂၀၀ ချောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ကာကွယ်ဆေး ၈၀၀ လုံးနှင့် ဆေးထိုးအပ် ၄၄၀၀ ချောင်း၊ တီးတိန်မြို့သို့ ကာကွယ်ဆေး ၁၀၀၀ လုံးနှင့် ဆေးထိုးအပ် ၅၀၀၀ ချောင်း၊ တွန်းဇံမြို့သို့ ကာကွယ်ဆေး ၇၂၀ လုံးနှင့် ဆေးထိုးအပ် ၃၉၆၀ ချောင်းတို့ကို တပ်မတော် လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ပေးသည်။

အဆိုပါ ကာကွယ်‌ဆေးများနှင့် ဆေးထိုးအပ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။