ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ကို ခေါ်ယူပြီးနောက် လက်ရှိပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုထားသည့် အသင်းအဖြစ် မန်စီးတီးအသင်း ထိပ်ဆုံး၌ ရပ်တည်

မန်စီးတီးအသင်းသည် လိဒ်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ကယ်ဗင်ဖီးလစ်ကို ခေါ်ယူခဲ့ပြီးနောက် လက်ရှိ ဥရောပထိပ်တန်းလိဂ်များတွင်  ပြောင်းရွှေ့ကြေးအများဆုံး အသုံးပြုထားသည့် အသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

မန်စီးတီးအသင်းသည် လာမည့်ဘောလုံးရာသီအတွက် ကစားသမားနှစ်ဦးခေါ်ယူရာတွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ ကျော် အသုံးပြုခဲ့ရပြီး ဒေါ့မွန်အသင်း တိုက်စစ်မှူးဟာလန်းကို ခေါ်ယူရာတွင် ပြောင်းရွှေ့ကြေးစတာလင်ပေါင် ၆၅ သန်း အသုံးပြုခဲ့ကာ လိဒ်အသင်းမှ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူရာတွင် စတာလင်ပေါင် ၄၂ သန်း အသုံးပြုခဲ့ရ၍ စုစုပေါင်း စတာလင်ပေါင် ၁၀၇ သန်းဖြင့် လက်ရှိအချိန်ထိ ပြောင်းရွှေ့ကြေး အများဆုံး အသုံးပြုခဲ့သည့် အသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

မန်စီးတီးအသင်းနောက်တွင် အာဆင်နယ်အသင်းက မက်တူနာ၊ မာကွင်ဟို၊ ဗီရဲယာနှင့် ဂျီးဆပ်တို့ကို ခေါ်ယူရာတွင် စတာလင်ပေါင် ၉၇ သန်းအထိ အသုံးပြုခဲ့ရပြီး အဆင့်(၂)နေရာ၌ ရပ်တည်ခဲ့သည်။

ထို့နောက် ပါရီဆစ်၊ ဖော်စတာ၊ ဘစ်ဇူးမားနှင့် ရစ်ချာလီဆန်တို့ကို ခေါ်ယူခဲ့သည့် စပါးအသင်းက စတာလင်ပေါင် ၈၇ သန်းဖြင့် အဆင့်(၃)၊ ရမ်ဆေး၊ နူနက်၊  ကာဗယ်ဟိုတို့ကိုခေါ်ယူခဲ့သည့်   လီဗာပူးအသင်းက စတာလင်ပေါင် ၈၅ သန်းဖြင့် အဆင့်(၄)၊ ရီးယဲလ်မက်ဒရစ်အသင်းက စတာလင်ပေါင် သန်း ၈၀ ဖြင့် အဆင့်(၅)၊ ပီအက်စ်ဂျီအသင်းက စတာလင်ပေါင် ၇၉ သန်းဖြင့် အဆင့်(၆)၊ နယူးကာဆယ်အသင်းက စတာလင်ပေါင် ၆၆ သန်းဖြင့် အဆင့်(၇)၊ လိဒ်အသင်းက စတာလင်ပေါင် ၆၄ သန်းဖြင့် အဆင့်(၈)၊ ဒေါ့မွန်အသင်းက စတာလင်ပေါင် ၅၅ သန်းဖြင့် အဆင့်(၉)နှင့် အက်စ်တွန်ဗီလာအသင်းက စတာလင်ပေါင် ၅၄ သန်းဖြင့် အဆင့်(၁၀)နေရာ၌ အသီးသီး ရပ်တည်နေကြောင်း သိရသည်။  

Ref;Transfer Market