ရာသီဥတုပြောင်းလဲမှုကိုလျှော့ချမည့်ကြိုးပမ်းမှုတွင် အင်တိုက်အားတိုက်ပါဝင် လုပ်ဆောင်ရန် လိုအပ်လာသည့် သြစတြေးလျ

သြစတြေးလျနိုင်ငံသည်  ရာသီဥတုပြောင်းလဲမှုဒဏ်နှင့် ရင်ဆိုင်နေရပြီး လက်ရှိတွင်လည်း နိုင်ငံ၏ အကြီးဆုံးမြို့၌ ရေကြီးမှုများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။

ရေကြီးမှုများသည်   ဆစ်ဒနီမြို့၏ ဆင်ခြေဖုံးဒေသ အတော်များများ၌   မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပွားခြင်းဖြစ်သည်။ ရေကြီးမှုများကြောင့် မြို့နေပြည်သူထောင်ပေါင်းများစွာကို ဘေးကင်း ရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များ က ဇူလိုင် ၄ ရက်တွင် တိုက်တွန်းထားပြီး ရာသီဥတုအခြေအနေမှာ  ပိုမိုဆိုးရွားလာ ဖွယ်ရှိသည်ဟု သတိပေးထားသည်။

နယူးဆောက်ဝေးပြည်နယ်တောင်ပိုင်း တစ်လျှောက်ရှိ  ဒေသများ၌ မိုးသည်းထန် စွာ ဆက်လက် ရွာသွန်းဖွယ် ရှိသောကြောင့် အာဏာပိုင်များက သတိပေးထားခြင်းဖြစ်သည်။  မိုးလေဝသဌာန၏ ခန့်မှန်းချက်အရ နယူးဆောက်ဝေးပြည်နယ် တောင်ပိုင်းရှိ ဒေသများ၌  မိုးရေချိန် ၁၀၀ မီလီမီတာ ခန့်အထိ ရွာသွန်းဖွယ်ရှိပြီး နယူးကာဆယ် မှ ဆစ်ဒနီမြို့တောင်ပိုင်းအထိ ရွာသွန်းနိုင် ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဆစ်ဒနီမြို့၌  လက်ရှိဖြစ်ပွားနေသည့် ရာသီဥတုအခြေအနေသည် အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်ကြောင်း   နယူး ဆောက်ဝေးပြည်နယ်  ဝန်ကြီးစတီဖင်နီ ကွတ်က ပြောကြားထားသည်။ လက်ရှိတွင် ဆစ်ဒနီမြို့အတွင်းရှိ ဒေသအများအပြား၌ မိုးရေချိန် ၂၀၀ မီလီမီတာကျော် ရွာသွန်း ခဲ့ပြီးဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဒေသများအတွင်း ရေကြီးမှုများနှင့် မြေပြိုမှုများ  ထပ်မံဖြစ်ပွားမည့် အန္တရာယ် ရှိသည်။

လက်ရှိဖြစ်ပွားနေသည့် ရေကြီးမှုများသည် ပိုမိုဆိုးရွားလာနိုင်သည့် အခြေအနေတွင် ရှိနေသောကြောင့် ဒေသခံပြည်သူများ အနေဖြင့် လိုအပ်ပါက ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် အသင့်အနေ အထားပြင်ဆင်ထားကြရန် စတီဖင်နီကွတ် ကပြောသည်။   ထို့ပြင်  ဆစ်ဒနီမြို့ကို သောက်သုံးရေ ပံ့ပိုးပေးနေသည့်   အဓိက အရင်းအမြစ်ဖြစ်သော    ဝါရာဂန်ဘာရေလှောင်ကန်သည်လည်း ပြီးခဲ့သည့်ရက် သတ္တပတ်က ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဆစ်ဒနီမြို့အတွင်းမှာပင် ဘေးကင်းရာသို့ ရွှေ့ပြောင်းရန်နှင့် လျှပ်စစ်မီး မရှိဘဲ မိမိတို့၏နေအိမ်များအတွင်း ပိတ်မိ နေခြင်းမှ   ကာကွယ်ကြရန်  အာဏာပိုင် များက သတိပေးထားခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံသည်   ရာသီဥတုပြောင်းလဲမှုကြောင့်  ထွက်ပေါ်လာသည့် နောက်ဆက်တွဲ အကျိုးဆက် များနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံအတွင်းရှိ တချို့ဒေသများတွင်  မိုးခေါင်နေပြီး  မိုးခေါင်မှုကြောင့် အပူချိန်မြင့်တက်လာရာမှ ဖြစ်ပွားသည့် တောမီးလောင်မှု၊  ရေကြီးမှုများနှင့် ရင်ဆိုင်နေရသည်။

လက်ရှိတွင်  လူဦးရေ  တစ်သိန်းကျော် နေထိုင်သည့် ဆစ်ဒနီမြို့ဆင်ခြေဖုံးတစ်ခု ဖြစ်သော ဝင်ဆာဒေသရှိ  ဈေးဆိုင်များနှင့် လောင်စာဆီ အရောင်းဆိုင်များမှာ ရေနစ်မြုပ်လျက်ရှိသည်။  ထို့ပြင်  နိုင်ငံအရှေ့ ဘက် ကမ်းရိုးတန်းတစ်လျှောက်၌ နေထိုင် သည့် ပြည်သူများအနေဖြင့်လည်း ရာသီဥတု ဆိုးရွားမှုကြောင့်   ၎င်းင်းတို့၏အားလပ် ရက်ခရီးစဉ်များကို      ရပ်ဆိုင်းကြရန် အာဏာပိုင်အဖွဲ့က တိုက်တွန်းထားသည်။ နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသ၌ ဆစ် ဒနီမြို့တောင်ပိုင်းနှင့်  မြောက်ပိုင်းဒေသ များပါဝင်သည်။

အစိုးရက အရေးပေါ်အခြေအနေကိုတုံ့ပြန်နိုင်ရေးအတွက် ရေဘေးကယ်ဆယ် ရေးဌာနပေါင်း ၂၉ ခုကို ဖွင့်လှစ်ထားပြီး ၂၄  နာရီအတွင်းမှာပင်  ပြည်သူများ၏ဖုန်းဆက်အကူအညီတောင်းခံမှုကို   ဖြေ ကြားပေးလျက် ရှိသည်။   ကယ်ဆယ်ရေး အဖွဲ့များသည် လက်ရှိအချိန်ထိ ရေကြီး မှုအတွင်းမှ လူ ၂၉ ဦးကို ကယ်ဆယ်ထား ပြီးဖြစ်သည်။

ရေကြီးမှုကြောင့် ဒေသတွင်းရှိမြစ်များမှ ရေလျှံမှုများ ဖြစ်ပွားခဲ့သည့်အတွက် ရေကြီးမှုများမှာ ဆက်လက် ဖြစ်ပွားမည့် အလားအလာရှိသောကြောင့်  အစိုးရက လက်နက်ကိုင်တပ်ဖွဲ့ဝင်  ၁၀၀ခန့်နှင့် ရဟတ်ယာဉ်တစ်စင်းကို   ဖြန့်ကြက်ထားသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသည့် သဘာ၀ဘေးအန္တရာယ်များကြောင့် သြစတြေးလျနိုင်ငံ၏ လုံခြုံရေးသည် ရာသီဥတုပြောင်းလဲ မှုနှင့်ခွဲခြား၍မရနိုင်ကြောင်း၊  ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ၏ခြိမ်းခြောက် မှုများကို တုံ့ပြန်နိုင်ရေးအတွက် နိုင်ငံရေးသမားများအနေဖြင့်   အသုံးပြုနိုင်သည့် အရင်းအမြစ်များကိုအသုံးပြု၍ ဆောင်ရွက် ကြရန် သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့၏အကြီးအကဲဟောင်း ရေတပ်ဗိုလ်ချုပ်ကြီး ခရစ်ဘာရီက    တိုက်တွန်းထားခြင်းဖြစ် သည်။

သြစတြေးလျနိုင်ငံ၌      ရာသီဥတုပြောင်းလဲမှုအပေါ် ထိရောက်စွာကိုင်တွယ် ဖြေရှင်းနိုင်မည့်  ထိရောက်သော မူဝါဒ ချမှတ်ထားခြင်း မရှိသေးသောကြောင့် နိုင်ငံမှာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်ကို  အပြင်းအထန် ရင်ဆိုင်နေရကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။

တစ်ချိန်တည်းမှာပင် ကျွမ်းကျင်သူများကလည်း  နိုင်ငံအတွင်း  ၂၀၁၉  ခုနှစ်က ဖြစ်ပွားခဲ့သည့်   Black Summer  တောမီးလောင်မှုနှင့် နိုင်ငံအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးမှုများကို ထောက်ပြ၍ အဆိုပါ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရေးအတွက်   ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းကြရန်  တောင်းဆိုထားသည်။

သြစတြေးလျအစိုးရသည်   မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးမှုများနှင့် စပ်လျဉ်း၍လည်း ဝေဖန်မှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ အစိုးရသည် ရေဘေးသင့်ဒေသ များသို့   လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အရန်တပ်မှ  တပ်ဖွဲ့ဝင်များကို  စေလွှတ် ရာတွင်  နှေးကွေးလွန်းသည်ဟု  အဆိုပါ ဒေသခံများက ပြစ်တင်ထားသည်။

ထို့ကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားနေစဉ် အစိုးရအနေဖြင့် လက်နက် ကိုင်တပ်ဖွဲ့မှ စစ်သည်များကို ဖြန့်ကြက်ခြင်းနှင့်   ဘေးသင့်ရာဒေသများသို့  စေလွှတ်ခြင်းတို့ကို ထိရောက်စွာလုပ်ဆောင် ရန် ကျွမ်းကျင်သူများက တိုက်တွန်းနေခြင်း ဖြစ်သည်။

သြစတြေးလျနိုင်ငံသည်  ကမ္ဘာပေါ်၌ လောင်စာအများဆုံးတင်ပို့နေသည့် နိုင်ငံ တစ်နိုင်ငံအဖြစ်  ရပ်တည်နေပြီး  နိုင်ငံအတွင်း ထုတ်လွှတ်နေသည့်    ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို ၂၀၅၀ ပြည့်နှစ် ခန့်တွင် သုညရာခိုင်နှုန်းအထိ လျှော့ချရန် ပြီးခဲ့သည့်နှစ်အတွင်းက ကတိကဝတ်ပြုခဲ့ သည်။ သို့သော် လက်ရှိတွင် သြစတြေးလျ အစိုးရအနေဖြင့်   စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့၌ ကျင်းပခဲ့သော ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ   ထိပ်သီးဆွေးနွေးပွဲအတွင်း ချမှတ်ထားသည့် ကတိကဝတ်ကို ဖြည့်ဆည်းပေးရန်  ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။

အချုပ်အားဖြင့်ဆိုရပါမူ  သြစတြေးလျ အစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချမည့်ကြိုးပမ်းမှုတွင်  အင်တိုက်အားတိုက်ပါဝင်လုပ်ဆောင်မှသာ   နိုင်ငံအတွင်း ရင်ဆိုင်တွေ့ကြုံနေရသည့် အကျိုးဆက်များကိုပါ လျှော့ချနိုင်မည်ဖြစ်ကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။      ။

Ref: TRT, ST

ဇေယျဘုန်း