မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ယခုဘဏ္ဍာနှစ်စ နှစ်လခွဲအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော်ကုန်သွယ်မှုပြုထား

မူဆယ်၊ ကုန်သွယ်ရေး

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တစ်ဆင့် ယခုဘဏ္ဍာ နှစ်စ နှစ်လခွဲအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော်အထိ ကုန်သွယ်မှုပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထိုသို့  ကုန်သွယ်မှုပြုရာတွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်မှ ဇွန် ၁၇ ရက်အတွင်း  ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ  ၃၁၃  ဒသမ  ၅၇၇ သန်းနှင့်  သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၀၇၆ သန်း  စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၅၃ ဒသမ ၆၅၃ သန်းအထိရရှိထားကာ မေ ၁၆ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ကုန်တင်ယာဉ်များကို တရုတ်နိုင်ငံ ဘက်ခြမ်း၌ အစားထိုးယာဉ်မောင်းများ အသုံးပြုသည့်စနစ်ဖြင့် ပြောင်းလဲအသုံးပြုနေသောကြောင့် ယင်းကာလနောက်ပိုင်းတွင်  ပိုမိုကုန်သွယ် လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီနောက်ပိုင်းကစပြီး နယ်စပ်ကုန်သွယ်ရေးက တဖြည်းဖြည်းနဲ့ တိုးတက်လာတာကို တွေ့ရပါတယ်။ အလားအလာကတော့ အခုလိုနယ်စပ်မှာ ကျင်စန်းကျော့ဂိတ်တစ်ခုပဲ ဖွင့်မယ့်အစား တခြားဂိတ်တွေမှာလည်း  အစားထိုးယာဉ်မောင်းစနစ်ကို  ပယ်ဖျက်ပြီး ယာဉ်မောင်းကိုယ်တိုင်မောင်းတဲ့ စနစ်နဲ့ဝင်ထွက်ခွင့်ပြုမယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးက ဒီထက်ပိုပြီး တိုးတက်ကောင်းမွန်လာနိုင် ပါတယ်” ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း ကပြောသည်။

အဆိုပါ အစားထိုးယာဉ်မောင်းစနစ် အသုံးမပြုမီက ကျင်စန်းကျော့ဂိတ်မှ တစ်ရက်လျှင် တွဲကားအစီးရေ ၆၀ ဝန်းကျင်အထိသာ ကုန်သွယ်နိုင်ခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် တွဲကားအစီးရေ ၁၀၀ ကျော်ဖြင့် ကုန်သွယ်မှုများပြုလုပ်နေကြောင်း သိရသည်။

လတ်တလောတွင် ကျင်စန်းကျော့ဂိတ် မှ တရုတ်နိုင်ငံသို့ သရက်၊ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ရော်ဘာ၊ ကြက်သွန်နီ စသည့်လယ် ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်များပါဝင်သည့် ကုန်တင်တွဲကားများနှင့် တရုတ်နိုင်ငံဘက်မှလည်း ဆောက်လုပ်ရေး၊ ဆေးဝါး၊ စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းစသည်တို့ပါဝင်သည့် ကုန်တင်တွဲကားများ  မြန်မာနိုင်ငံဘက်သို့ တင်ပို့လျက် ရှိကြောင်း သိရသည်။         

နဒီ