လောင်းလုံးမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဖွင့်

လောင်းလုံး၊   သက်မွေးပညာ

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် သဗျာကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်း ဖွင့်ပွဲကို  ဇွန် ၅ ရက် နံနက်ပိုင်းတွင်ကျင်းပသည်။

ရှေးဦးစွာ ကျောက်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးထွန်းမင်းလွင်က သင်တန်းသူများအနေဖြင့် သင်တန်းကသင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုးစားသင်ကြားစေလိုကြောင်း၊ သင်တန်းတွင်ကျွမ်းကျင် နည်းပြဆရာမများဖြင့် စနစ်တကျသင်ကြားပေး မည်ဖြစ်ပြီး လိုအပ်သော သင်ထောက်ကူပစ္စည်းများကိုလည်း ပံ့ပိုးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံသို့လွှဲပြောင်း ပေးအပ်သည်။

အဆိုပါ စက်ချုပ်သင်တန်းသို့  လောင်းလုံးမြို့နယ်ရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၁၃ ဦး တက်ရောက်ကြပြီး သင်တန်း ကာလနှစ်လကြာအခမဲ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။      

  ကိုပြည့်(ကျေးလက်)