(၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား လေ့ကျင့်ပြင်ဆင် နေမှုများအား ကြည့်ရှုစစ်ဆေး

 (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား လေ့ကျင့်ပြင်ဆင် နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်   ဇူလိုင်  ၅

ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်၌   (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုများ၊ လေ့ကျင့်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့်   ဆပ်ကော်မတီများမှ တာဝန်ရှိသူများ  သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အာဇာနည်ဗိမာန်၌ အလေးပြု အခမ်းအနား ဇာတ်တိုက်လေ့ကျင့် ပြင်ဆင်နေမှုများ၊ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်မည့် အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ မိသားစုများအား တွေ့ဆုံမည့်ခန်းမနှင့် အာဇာနည်ဗိမာန် ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။  ဆက်လက်၍ ဗဟန်းမြို့နယ်   ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင်  အများပြည်သူတို့အား ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများ ရုံးဟောင်း)တွင် နိုင်ငံတော်အလံ တိုင်တစ်ဝက် လွှင့်ထူသည့် အခမ်းအနားနှင့် အများပြည်သူများအား ဖွင့်လှစ်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး (မြို့တော်ခန်းမ)၌ ဆွမ်းကပ်မည့်နေရာ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ  အခမ်းအနားက ျင်းပရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆပ်ကော်မတီများက   ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုများကို အနီးကပ် ကြီးကြပ် လမ်းညွှန်မှုပေးနိုင်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် တက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေကြသည့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများသည် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ၊ လုံခြုံရေး ကိစ္စရပ်များ အပါအဝင် လုပ်ငန်းကဏ္ဍများအား အထူးအလေးအနက်ထား လိုက်နာဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။