ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သိန်းခွဲခန့် တင်ပို့ထား

ရန်ကုန်၊ စီးပွားရေး

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သိရသည်။

ဇွန်လအတွင်း ဆန်တန်ချိန် ၈၃၉၂၆ တန်၊ ဆန်ကွဲတန်ချိန် ၆၂၁၆၈ တန် စုစု ပေါင်း ၁၄၆၀၉၄ တန်ကို ပြည်တွင်းမှ နထစသမအ ကုမ္ပဏီပေါင်း ၃၈ ခုမှ နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ထိုသို့တင်ပို့ ရာတွင် ပင်လယ်ရေကြောင်းမှ ၁၂၅၃၇၄ တန်နှင့်   နယ်စပ်ကုန်သွယ်ရေးမှ တန်   ၂၀၇၂၀ တင်ပို့ခဲ့ခြင်းဖြစ်ရာ ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လတွင် ဆန်ကို ဖိလစ်ပိုင်၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ရိုမေးနီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတို့သို့ တင်ပို့ခဲ့ခြင်း ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန် ၃၇၅၃၀ ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့သည်။ ထို့ပြင် ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ ဆလိုဗေးနီးယားနိုင်ငံအပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံတို့သို့ တင်ပို့ခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယံနိုင်ငံသို့ ၂၉၆၄၉ တန်ဖြင့် အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ပြည်ပတင်ပို့သည့် ဆန်နှင့်ဆန်ကွဲများ ပြည်တွင်းနှင့်ပြည်ပဈေး တွက်ခြေမကိုက်သည့်အတွက် ဈေးကွက်အေး နေသော်လည်း နယ်စပ်သို့ ဆန် ကွဲတင်ပို့မှုများရှိနေကြောင်း ရန်ကုန်ဆန် နှင့်ဆန်ကွဲဈေးကွက်မှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတို့သို့ ယခု ဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲများ တင်ပို့ရာတွင် တစ်လလျှင် ပျမ်းမျှအားဖြင့် တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင် အထိ တင်ပို့နေခြင်းဖြစ်ပြီး ဆန်တန်ချိန် နှစ်သန်းခန့်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

နဒီ