၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဇူလိုင်  ၅

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးမောင်း ဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြည်သူလူထုများ ပိုက်ကျော်ခြင်းအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်၊ ပြိုင်ပွဲဝင် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင် လာစေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက် သစ်ပိုက်ကျော်ခြင်း အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။

ပိုက်ကျော်ခြင်း အားကစားနည်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထု တစ်ရပ်လုံး စိတ်ပါဝင်စားစွာ ကစားနေသည့် အားကစားနည်းဖြစ်ပြီး အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင်လည်း နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ခဲ့ သည့် အားကစားနည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “အဖိုးနည်းဝန်ပါ သင်ကျန်းမာဖို့ ပိုက်ကျော်ခြင်း ကစားကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက်ဖြစ်စေ၊ အားကစားအတွက်ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင်ကစားနိုင်သည့် အားကစားနည်းလည်းဖြစ်ကြောင်း။

ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် နိုင်ငံတော်အတွက် အာရှနှင့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၂၃ ခုနှင့် ကြေးတံဆိပ် ၃၂ ခု စုစုပေါင်းဆုတံဆိပ် ၇၅  ခု ရယူပေးနိုင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခုတို့ကို ရရှိကာ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြောင်း၊ အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင် ဆက်လက်အောင်မြင်မှုများ ရရှိစေရန် မြန်မာနိုင်ငံ  ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်  အားကစားသမားများက ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း။

ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား မောင်^မယ်များက မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်ကြမည့်အသင်း အောင်နိုင် ရေးအတွက် မိမိတို့၏ အစွမ်းအစအရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အနိုင်မခံအရှုံးမပေး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်စေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မြန်မာ့ လက်ရွေးစင်အသင်းကို အင်အားဖြည့်တင်းနိုင်မည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး ကြိုးစား ကြရန် တိုက်တွန်းပြောကြားပြီး ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ များနှင့် အားကစားသမားများကို လိုက်လံနှုတ်ဆက်ကြပြီး ယနေ့ပြိုင်ပွဲ ပွဲစဉ် အဖြစ် အမျိုးသားသုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲ ပွဲစဉ်(၁)တွင် မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊    ပွဲစဉ်(၂) တွင် ရခိုင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ပွဲစဉ်(၃)တွင် နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို   ကြည့်ရှုအားပေးကြသည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၅  ရက်မှ ၁၅ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ နေ့စဉ် နံနက် ၈ နာရီ မှစတင်၍ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့်အမျိုးသမီးအသင်း ၁၃ သင်းတို့မှ  ပြိုင်ပွဲဝင်အားကစားသမား ၃၆၈ ဦးတို့သည် အမျိုးသားနှစ်ယောက်တွဲ၊  သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲ၊ သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်သဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းကို စိတ်ပါဝင်စားသည့် ပြည်သူများ အနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ကျော်လွင်