မိုးဦးကာလနှင့်မှိုအဆိပ်သင့်အန္တရာယ်

မိုးဦးကာလနှင့်မှိုအဆိပ်သင့်အန္တရာယ်

ဒေသခံပြည်သူများ မှိုဆိပ်သင့်ပို၍များ

မှိုဟုဆိုလိုက်သည်နှင့် မြန်မာလူမျိုး တော်တော်များများ နှစ်ခြိုက်စွာစားသုံးလိုကြသည်။ သို့သော် မစားသင့်မစားအပ် သောမှိုကို ရွေးချယ်တတ်ဖို့လိုပါသည်။ မိုးဦးကာလတွင်ပေါက်သော မှိုများကို သေချာမစစ်ဆေးဘဲစားမိ၍ သေဆုံးမှုဖြစ်ရပ်များသည် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားဒေသများတွင် မကြာခဏကြားနေရပြီး ဒေသခံများတွင် ကျန်းမာရေး အသိပညာများ စွာချို့တဲ့နေကြသည်။

မှိုစားဖွယ်စုံ

အထူးသဖြင့် တရုတ်၊ ဂျပန်နှင့်ကိုရီးယား တိုင်းရင်းဆေးဝါးများတွင် မှိုကိုသက်စောင့်ဆေးအဖြစ် နှစ်ခြိုက်စွာ စားသုံးလျက်ရှိကြသည်။   ဟင်းသီးဟင်းရွက်နွယ်ဝင်မှို(အစို)ကို   သူ့ချည်းသက်သက်ကြော်စားနိုင်သလို  မှိုတောက်ခြင်း၊  အဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန်နှင့်  အရသာ ပိုမိုပေါ်စေရန်တို့အတွက် ငရုတ်သီးစိမ်းနှင့် ကန်စွန်းရွက် အနည်းငယ်ထည့်ချက်ကြခြင်းဖြစ်သည်။ မှိုကို အချဉ်တည်၍ လည်းကောင်း၊ ဟင်းချို၊ အသုပ်၊ မှိုကင်၊ တို့ဟူးနှပ်စသည့် ဟင်းလျာများတွင်လည်းကောင်း၊ ပီဇာ၊ ဈေအေ (ပါစတာခေါက်ဆွဲ)၊ ချိစ်ဘာဂါ၊ အသားညှပ်ပေါင်မုန့်တို့တွင်လည်းကောင်း အရသာရှိရှိစားသုံးနိုင်သည်။ ကြာဆံချက်၊ ဝက်စတူးနှင့် တရုတ်ဟင်းလျာ ပင်လယ်စာ အမျိုးမျိုးတို့တွင်လည်း  မှိုခြောက်ပါမှ အရသာပြီးပြည့်စုံမည်ဖြစ်သည်။

ဘေးအန္တရာယ်ကင်းစွာ စားကောင်းသည့်မှိုများ

မြန်မာပြည်တွင် ငှက်စို့မှို၊ မှိုဖြူလေး ခေါ် ခြေတံရှည်မှို၊ ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ဖက်ဆွတ်မှို၊ ဝါးမှို၊ စိုက်ပျိုးရေးမှို၊  မှိုကြက်တောင်၊ ငှက်ပျောမှို၊  တောင်ပို့မှို၊ ကြက်တူရွေးမှို၊  မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက် (မှို၏ထိပ်တွင် အနက်ကွက် ကလေးပါရှိ၏) စသည်တို့ကို ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်သည်။ မြက်ကြားမှို၊ သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှိုတို့သည်လည်း စားကောင်းသည့်မှိုများဖြစ်ကြပြီး ၎င်းတို့ကို မှိုခြောက်ပြုလုပ်လေ့ရှိသည်။ ငှက်စို့မှိုသည် အရသာအရှိဆုံးနှင့် ဈေးအကြီးဆုံးဖြစ်ပြီးဖက်ဆွတ်မှိုသည် ဈေးအနိမ့်ဆုံးဖြစ်ကာမှိုဖြူ ခေါ် ခြေတံရှည်မှိုသည် အရသာ အနူးညံ့ဆုံးဖြစ်သည်။ ဟင်းသီးဟင်းရွက်နွယ်ဝင်တစ်မျိုးဖြစ်သော မှိုသည် အေး၍စိုစွတ်ကာ အလင်းရောင်နည်းသော အနေအထား တွင် ကောင်းစွာရှင်သန်နိုင်ပြီးမိမိအိမ်တွင် အိတ် သို့မဟုတ် ဘူးသေတ္တာများဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည်။ မှိုစိုက်ပျိုး မွေးမြူပြီးနောက် ပျမ်းမျှအားဖြင့် ၄ - ၆ ပတ်အကြာတွင် ခူးဆွတ်စားသုံးနိုင်သည်။

ဘေးဖြစ်စေတတ်သောမှိုများ

ကြက်ဆူမှို၊ သစ်ကြားမှို၊ သဲမှို၊ မှိုကွန်ချာ၊ ခွေးလေးမှိုနှင့် နွားချေးမှိုတို့သည် လုံး၀မစားသင့်သော မှိုများဖြစ်ကြသည်။ ထို့ပြင်အချို့ မှိုများမှာ စားကောင်းသော မှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် သေသေချာချာစူးစမ်းပြီးမှ ချက်စားသင့်သည်။

မှိုနှင့်ကျန်းမာရေး

မှိုသည် ဗီတာမင်ဘီ၊ ဗီတာမင်ဘီ-၆၊ ဗီတာမင်ဒီ၊  ကော့ပါး၊  ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကစီဓာတ်၊ ပရိုတင်း၊ သီအာမင်၊ ရီဗိုဖလာဗင်၊ နီအာစင်း၊ ဖောလိပ်၊ ပန်တိုသနစ်အက်စစ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မီးစုန်း၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီးစ်၊ စီလီယမ် စသည့် ဗီတာမင်နှင့် သတ္တုဓာတ်တို့စုဝေးရာ အရင်းအမြစ်ဖြစ်သည်။ ထို့ပြင် ကယ်လိုရီပါဝင်မှုနည်းပါးသဖြင့် လူသားတို့ကျန်းမာရေးကို များစွာ အထောက် အကူဖြစ်စေနိုင်သည်။

  • မှိုထဲတွင် ရေဓာတ်ပါဝင်မှု ၈၀-၉၀ ရာခိုင်နှုန်းနှင့် အမျှင်ဓာတ်ပါဝင်မှု ၈-၁၀ ရာခိုင်နှုန်းထိပါရှိသည်။ ထို့ပြင် အဆီနှင့် ကယ်လိုရီပါဝင်မှု အလွန်နည်းပါးကာ ကိုလက်စထရော လောင်ကျွမ်းစေနိုင်သဖြင့်  ခန္ဓာကိုယ်ကြွက်သားများကို ကျစ်လျစ် စေသည်။ ထို့ကြောင့်  မှိုက ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများနှင့် သွေးတိုးရောဂါသည်များအတွက် အထူးသင့် တော်သည်။
  • မှိုထဲတွင်ပါရှိသော ပိုတက်စီယမ်ဓာတ်သည် ငှက်ပျောသီးနှင့်လိမ္မော်သီးတို့တွင် ပါဝင်မှုထက် ပိုမိုများပြားသဖြင့် လေဖြတ် ခြင်းမှ   ကာကွယ်ပေးနိုင်သည်။
  • Baltimore ဆေးသုတေသနအဖွဲ့မှတ်တမ်းများအရ မှိုထဲတွင်ပါရှိသော Selenium ဓာတ်တစ်မျိုးသည် အမျိုးသားများ ရာဂစိတ်တက်ကြွလာစေရန် နှိုးဆော်ပေးနိုင်စွမ်းရှိသည့်ပြင် အမျိုးသားများ၏ ဆီးကျိတ်(သုက်ရည်ဂလင်း) ကင်ဆာဖြစ်ပေါ် လာမှုကို ၆၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။
  • အမေရိကန်နိုင်ငံ ဆေးသုတေသီများ၏ အထောက်အထားများအရ   မှိုဖြူ ခေါ် White Mushroom သည် အမျိုး သမီးများ၏ ရင်သားကင်ဆာဆဲလ်များ တိုးပွားလာမှုနှင့် အဖုအကျိတ်တို့ကြီးထွားလာမှုကို တားဆီးပေးနိုင်သဖြင့် အမျိုးသမီးများ မှန်မှန်စားသုံးပေးသင့်ကြောင်း၊ သွေးဆုံးပြီး အမျိုးသမီးများအတွက်လည်း အထူးသင့်တော်ကြောင်း အကြံပြု ထားသည်။
  • အနက်ရောင် ရှီတာကီမှို (Shiitake Mushroom)သည် တုပ်ကွေး၊ ရာသီဖျားအမျိုးမျိုးနှင့် အအေးမိခြင်းတို့ကို ကာကွယ် ပေးပြီး ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးသောကြောင့် ဆေးဖက်ဝင်မှိုအဖြစ် တရုတ်နှင့်ဂျပန်တို့တွင် အထူး ရေပန်းစား လျက်ရှိသည်။
  • မှိုထဲတွင် ကယ်စီယမ်ဓာတ် ကြွယ်ဝစွာပါရှိသောကြောင့် အရိုးကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေသည်။
  • ဆီးချိုရောဂါဝေဒနာသည်များအတွက် အထူးသင့်တော်သည်။
  • တိရစ္ဆာန်ထွက်ပစ္စည်းများတွင်သာပါရှိပြီး ဟင်းသီးဟင်းရွက်များတွင်တွေ့ရခဲသော Selenium ဓာတ်သည် မှိုထဲတွင် အလုံ အလောက်ပါရှိသောကြောင့် သွား၊ ခြေသည်း၊ လက်သည်းနှင့် ဆံပင်များကို ကျန်းမာသန်စွမ်းစေနိုင်သည်။
  • ကိုယ်ရေပြားကျန်းမာရေးကိုလည်း ကောင်းကျိုးပြုသည်။
  • စိတ်ဖိစီးမှုကိုပြေပျောက်စေပြီး မှတ်ဉာဏ်စွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေသည်။
  • ဝါးရုံနက်ကြ သို့မဟုတ် ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကိုဖဲ့ယူပြီး ရေစင်စွာဆေး၍ ထန်းလျက် သို့မဟုတ် ပျားရည်ဖြင့်သေးငယ်သောအလုံးလေးများပြုလုပ်ပြီး ကလေးငယ်များကိုကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြား နှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက်ကျဆင်းနိုင်သည်။
  • ဗဟုသုတတစ်ခုအဖြစ် မျှဝေရပါလျှင် ဂျပန်နိုင်ငံ University of Texas မှ ပရော်ဖက်ဆာဖြစ်သူ Judith Smith သည် ရှီတာကီမှို (Shiitake Mushroom) မှထုတ်လုပ်ထားသောအဆီကို ဓာတ်ခွဲလေ့လာကြည့်ရာ သားအိမ်ခေါင်း ကင်ဆာကို ဖြစ်စေသော Human Papilloma Virus(HPV) သေစေနိုင်သည်ကိုတွေ့ရှိခဲ့သည်။ ၎င်းမှိုမှာ အမိုင်နိုအက်စစ်၊ ပိုလီဆပ် ကရိုက် (Polysaccharide) နှင့် ဓာတ်သတ္တုများစွာပါဝင်သော Active Hexose Correlated Compound (AHCC) မြောက်မြားစွာ ပါရှိနေပြီး ထို AHCC က ဆဲလ်အရေအတွက်ကို ပွားများစေခြင်းဖြင့် ကိုယ်ခံအားစနစ်ကို  တိုးမြှင့်ပေး နိုင်သည်။ ထို့ကြောင့် အကျိတ်ဖုတွေကြီးထွားမှုကို ရပ်တန့်စေသည်။ စမ်းသပ်မှုအရ HPV ဗိုင်းရပ်ရှိနေ သည့်အမျိုးသမီး ဆယ်ဦးကို ၎င်းမှိုအဆီဖြင့် တစ်နေ့တစ်ကြိမ်နှုန်း ခြောက်လကြာကုသပေးခဲ့ရာ ဝေဒနာရှင် ရှစ်ဦး   ဗိုင်းရပ်ပျောက်သွား ကြောင်း တွေ့ရသည်။ လေ့လာဆန်းစစ်မှုများအရ အမျိုးသမီး ၄ ပုံ ၃ ပုံမှာ HPV ဗိုင်းရပ်ရှိနေတတ်ပြီး ၎င်းဗိုင်းရပ်က သားအိမ်ခေါင်း၊ လည်ချောင်း၊ စအို၊ ပါးစပ်နှင့် ယောကျ်ားအင်္ဂါ အတွင်းနံရံတွေမှာ ပိုးဝင်စေသည်။ အမျိုးသားထံသို့ ကာမစပ် ယှက်ရာမှတစ်ဆင့် ကူးစက်တတ်ပြီး ၎င်းအဖက်ရှင်မှတစ်ဆင့် ကင်ဆာဖြစ်တတ်သည်။ ထို့ကြောင့် ဖော်ပြပါရောဂါတွေ အတွက် ရှီတာကီမှို(Shiitake Mushroom)က လွန်စွာဆေးဖက်ဝင်လှသည်။

အဆိပ်အတောက် ရှိ၊ မရှိ စမ်းသပ်နည်း

ဟင်းသီးဟင်းရွက်နွယ်ဝင် မှိုသည် လူသားတို့ကျန်းမာရေးကို အထက်ပါအတိုင်းများစွာ အထောက်အကူပြုပေးနိုင်သော်လည်း ပတ်ဝန်းကျင်တွင် မိမိတို့မသိနားမလည်နိုင်သည့် သဘာဝအလေ့ကျပေါက်မှိုအမျိုးစုံလင်လှသည်။ အဆိပ်အတောက်ရှိသောမှိုကို  စားသုံးမိပါက ချွေးထွက်ခြင်း၊ ခေါင်းမူးခြင်း၊ ဆီးချုပ်ခြင်း၊ တံတွေးထွက်ခြင်း၊  တုန်ယင်လာခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ အော်ဂလီဆန်ခြင်း၊ ဝမ်းလျှောခြင်း၊ တက်ခြင်း၊ အကြောဆွဲခြင်း၊ Coma ခေါ် နာတာရှည်မေ့မြောခြင်း စသည့် အစာအဆိပ်သင့် လက္ခဏာတို့အပြင် အခန့်မသင့်ပါက အသက်ကိုပါဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် မိမိရွေးချယ်သောမှိုသည် အမှန်တကယ် စားသင့် သော မှိုသာဖြစ်ရမည်။ ရွေးချယ်ဝယ်ယူမှုမမှားစေရန်အတွက်  အဆိပ်အတောက်ရှိ၍ မစားကောင်းသောမှိုကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ရပါသည်။

  • မှိုကိုချိုး၍လျှာဖြင့်တို့ကြည့်ပါက အလွန်ပူပြီး ငရဲမီးနံ့ထွက်နေလျှင် မစားသင့်ပေ။
  • မှိုကိုချိုးလိုက်ပါက အလွန်ဖြူ၍ပျစ်သော နွားနို့နှင့်တူသော အစေးများထွက်လာလျှင် မစားသင့်ပေ။
  • မှိုပေါ်တွင် ဆားအနည်းငယ်ဖြူးကြည့်ခြင်း၊ ဆားရည်တွင်စိမ်ကြည့်ခြင်းဖြင့် ညို၊ ပြာ၊ နက် အရောင်များဖြစ်ခဲ့သော် ထိုမှိုကို မစားသင့်ပေ။
  • မှို၏အရိုးတံကို လက်ဖြင့် ချေကြည့်ခြင်းဖြင့် ကြေမွသွားသော် ထိုမှိုကိုမစားသင့်ပေ။
  • မှိုတစ်ပွင့်လုံးကို လက်နှင့်ချေကြည့်ခြင်းဖြင့် အနီရောင်အရည်များထွက်လာသော် မစားသင့်ပေ။
  • မှို၏အရိုးကို ဓားနှင့်ဖြတ်ကြည့်ပြီးနောက် ၎င်းဖြတ်စသည်  ညို၊ ပြာ အရောင်ပြောင်းသွားသော် မစားသင့်ပေ။
  • အဝါရောင်၊ အနီရောင်၊ အပြာရောင် စသည့် တောက်ပြောင်ထင်ရှားသော အရောင်များရှိသည့်မှိုကိုမစားသင့်ပေ။
  • အစိမ်းရောင်သန်းနေလျှင် ထိုမှိုကိုမစားသင့်ပေ။
  • ပန်းရောင်ရှိသော အမှုန်ပါရှိသည့်မှိုကို မစားသင့်ပေ။
  • မှိုခြေချင်းနှင့် မှိုခွက်နှစ်ခုစလုံးပါပြီး အဖြူရောင်ပါးဟက်မျိုး ပါတတ်သည့် မှိုကိုမစားသင့်ပေ။
  • ပိုးမွှားကျရောက်နေသော မှိုကိုလည်း မစားသင့်ပေ။
  • သဲမြေတွင် သိပ်မဝင်သော သို့မဟုတ်မြေမျက်နှာပြင်ပေါ်တွင်ရှိသော အပွင့်သေးသည့်မှိုများကို မစားသင့်ပေ။
  • လွန်စွာလင်းရိပ်ကျပြီး မည်းမှောင်သောနေရာတွင်ပေါက်သည့်မှိုများကို မစားသင့်ပေ။
  • အရွယ်မရောက်သေးသည့် မှိုလုံးကလေးများသည် မှိုအင်္ဂါရပ်များကို အပြည့်အစုံ မဖော်ပြနိုင်သေးသဖြင့် စားသင့်၊ မစားသင့်ကို ခွဲခြားရန် ခက်လှ၍ ထိုမှိုကိုမစားသင့်ပေ။
  • အချို့သောမှိုများသည် တစ်ဦးကို အဆိပ်မဖြစ်သော်လည်း အခြားတစ်ဦးကိုမူ အဆိပ်ဖြစ်စေတတ်သဖြင့် မိမိစားနေကျ မှိုမျိုး မဟုတ်လျှင် လုံးဝမစားခြင်းသည် အကောင်းဆုံးဖြစ်သည်။

မှိုနှင့်ရောစပ်၍   မစားကောင်းသောအစာများ

ကြက်ဟင်းခါးသီး၊ ကြက်ဥ၊ ခံသီး၊ ငှက်ပျောသီး၊ နို့အမျိုးမျိုး၊ ဖောင်စီးကဏန်း၊ ယုန်သား စသည်တို့ကို မှိုဖြင့်ရော၍ ချက်ပြုတ် မစားသင့်ပေ။

မှိုဆိပ်ဖြေနည်း

မှိုဆိပ်တက်၍တောက်ခဲ့လျှင် ထန်းလျက်စားပေးပါ။ သံပရာရည်သောက်ပေးပါ။ မှိုနတိုရွက်စိမ်းရည်သောက်ပါ။ မုရိုး ခေါ်ငဖြူကြီး အခေါက်တစ်မတ်သားခန့်သွေး၍ သောက်ပါ။ ကျီးအာမြစ်ကိုဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါ။ ထိုအခါ အစာများပြန်၍ အန်ထွက် ကျလာမည်ဖြစ်သည်။ ထို့ပြင် ထန်းလျက်ပြုတ်ရည် ပူပူနွေးနွေးသောက်ပေးပါကလည်း မှိုတောက်ခြင်း၊ အဆိပ်ဖြစ်ခြင်းမှ ကာကွယ် နိုင်သည်။   ။

ပေါက်ပေါက်