ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

ကျွန်းစု၊ လူမှုရေး

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်လုပ်ငန်း ရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၄ ရက်တွင် ကျွဲခရံကျေးရွာအုပ်စု သင်္ကန်းရှောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပ သည်။

ရှေးဦးစွာ ကျွန်းစုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းထွန်းက VDP စီမံကိန်းသည် ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဖော်ထုတ်ကာ ဦးစားပေးရွေးချယ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဦးစားပေးစီမံချက်လုပ်ငန်းများကို နှစ်စဉ်လျာထား တင်ပြနိုင်ရေး အတွက်ကိုလည်း ကျေးရွာနေပြည်သူများက နှစ်စဉ်ဌာနဆိုင်ရာများကို တင်ပြသွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်ကျေးရွာအဆင့်ကော်မတီကို အဖွဲ့ဝင် ခုနစ်ဦးဖြင့် ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီမဲပေးရွေးချယ်ပြီး ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းတည်နေရာအား ကျေးရွာကော်မတီများအတူ တိုင်းတာကြသည်။

ယင်းသို့ VDP စီမံကိန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် အဆိုပါ ကျေးရွာရှိအိမ်ခြေ ၁၃၄ အိမ်၊ လူဦးရေ ၈၂၁ ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၆၀၁)