ကျောင်းဖွင့်ရက်များမှ Assembly စီရသောနေ့တစ်နေ့
တစ်ပတ်တွင် တနင်္လာနှင့် သောကြာ နှစ်ရက် Assembly စီရလေသည်။ ထုံးစံအတိုင်း တနင်္လာနေ့၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်အလံကို အလေးပြုကြလေသည်။
ဆက်လက်၍ ကလေးများက မြန်မာ့ကျောင်းသီချင်း၊ ကျောင်းကောင်စီ သီချင်းသီဆိုကြပြီး ကျောင်းအုပ်ဆရာမကြီး၏ သြဝါဒခံယူရန် ငြိမ်သက်စွာ ရပ်နေကြသည်။
ထိုနေ့၌ ကျောင်းအုပ်ကြီးသည် ရုံးကိစ္စဖြင့် မြို့သို့သွားသောနေ့ ဖြစ်လေသည်။ တပည့်အားလုံးက သြဝါဒစကားကို စောင့်မျှော်နေသည်ဖြစ်၍ ကျွန်မက ကျောင်းအုပ်ဆရာမကြီး၏ တာဝန်ကို ခေတ္တဆက်ခံရန် ရှေ့သို့ထွက်ခဲ့လေသည်။
“ကလေးတို့အားလုံးမင်္ဂလာပါ။”
“မင်္ဂလာပါ ဆရာမ”
“အထွေအထူးတော့ ပြောစရာမရှိပါဘူး၊ အသင်းတာဝန်ကျတဲ့ ကလေးတွေကလည်း ကိုယ့်တာဝန်ကို ကျေအောင် တက်ညီလက်ညီ လုပ်နေတာမြင်ရတော့ တာဝန်ကျအသင်းကို ဆရာမချီးကျူးပါတယ်။
ကျန်နေတာလေးက ဘုရားခန်းထဲက ဘုရားဆောင် သန့်ရှင်းမှုလေးပါပဲ။ နောက်ရက် အသင်းကျသူတွေက ဘုရားခန်းရဲ့ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။
နောက်တစ်ခုက အိမ်သာတွေ။ အိမ်သာတွေ ဆရာမလိုက်ကြည့်တာ ကလေးတွေသုံးတဲ့ အလယ်အိမ်သာနှစ်လုံးက အတော်ညစ်ပတ်နေတယ်။ ငယ်တဲ့ ကလေးတွေက နားမလည်လို့ မသန့်ရှင်းခဲ့ရင် အတန်းကြီးတွေက သေချာဆေးကြောပါ ကလေးတို့။ ကျန်းမာရေး အတွက် အရေးကြီးသလို သူများမလုပ်နိုင်တဲ့ ကောင်းမှုကုသိုလ်ကို လုပ်တဲ့သူဟာ သူတစ်ပါးမရနိုင်တဲ့ ကုသိုလ်တွေ ရနိုင်တယ် ကလေးတို့။”
“မူလတန်းကလေးတွေကလည်း ကိုယ်စွန့်ပစ်ခဲ့တဲ့ အညစ်အကြေးကို ကိုယ်တိုင်ရော တစိမ့်စိမ့်ကြည့်ချင်လား”
“မကြည့်ချင်ပါဘူးဆရာမ”
“အေး အဲလိုပဲလေ ကိုယ့်အညစ်အကြေးတောင် ကိုယ်ပြန်မကြည့်ချင်တာ သူများက ဘယ်ဆေးကြောချင်ပါ့မလဲ။ ဒါကြောင့် အိမ်သာသုံးပြီးရင် ပြန်ကြည့်ပြီး စနစ်တကျ ဆေးကြောရမယ်နော်။ ဘယ်သူမှ မမြင်ပါဘူးဆိုပြီး မထားခဲ့ရဘူး။ ဆရာ၊ ဆရာမနဲ့ သူငယ်ချင်းတွေ မမြင်ပေမယ့် ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ကိုယ်စောင့်နတ်က သိနေတယ်ဆိုတာ သတိထားရမယ်။ မဟုတ်တာ လုပ်တဲ့သူအတွက် မကောင်းကျိုးတွေ ရနိုင်တယ်ဆိုတာ အမြဲသိထားရမယ်။ မကောင်းကျိုး ဆိုတာ လိုချင်တာ မရတာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရတာ၊ သူတစ်ပါးက ကိုယ့်ကို အန္တရာယ်ပေးနိုင်တာ ဒါတွေကိုပြောတာ နားလည်ရဲ့လား ကေဂျီနဲ့ တစ်တန်း၊ နှစ်တန်းတွေ”
“နားလည်ပါတယ်ဆရာမ”
“မကောင်းကျိုးတွေ၊ အန္တရာယ်တွေကြုံချင်လား ကလေးတို့”
“မကြုံချင်ပါဘူးဆရာမ”
“ဟုတ်တယ် ဒါကြောင့် ကောင်းကျိုးချမ်းသာတွေရဖို့ သူတစ်ပါး မလုပ်နိုင်တဲ့ ကုသိုလ်တွေ လုပ်ကြပါလို့ ဆရာမက တိုက်တွန်းပါတယ်။
နောက်တစ်ခု ဆရာမတို့ကျောင်းက ဆရာအင်အား မလုံလောက်ဘူး။ ဆရာမကြီးက ရုံးသွားတယ်။
ဆရာမတစ်ယောက် မီးဖွားခွင့်၊ ဆရာမတစ်ယောက်က သင်တန်းနဲ့ ဒါ့ကြောင့် စာသင်ချိန်မှာ လွတ်နေတဲ့ အခန်းတွေရှိနိုင်တယ်။ ကလေးတို့က ဆရာပေးထားတဲ့ သင်ခန်းစာတွေ ပြန်ကြည့်နေရမယ်။ အခြေအနေကြည့်ပြီး ဆရာမတို့က အခန်းအားလုံး မလွတ်အောင် ဝင်ပေးမယ်။ အားလုံး နားလည်ရဲ့လား”
“နားလည်ပါတယ်”
“တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာမ ကိုယ့်ဆရာမလို့ မှတ်ပါ။ ကိုယ့်မသင်ရဘူးဆိုပြီး ဆရာ၊ ဆရာမကို မထီမဲ့မြင်မလုပ်ပါနဲ့ ကလေးတို့။
ကျောက်တုံးတစ်တုံးဟာ ကျောက်ဆစ်ဆရာ နာနာထုထွင်းမ ှကျောက်ဆစ်ရုပ်ကောင်း တစ်ခုရနိုင်တာပါ။
ထို့အတူပဲ သစ်သားတုံး ဘယ်လောက်ကောင်းနေပါစေ။
ပန်းပုဆရာက မလိုအပ်တာတွေ ဖဲ့ထုတ်မပစ်ရင် ပန်းပုရုပ်လှလှ မရနိုင်ပါဘူး။ ကလေးတို့လည်း ဆရာ့သင်ပြမှုကို ရိုသေစွာ ခံယူပါ။ ဆရာ့ဆိုဆုံးမမှုနဲ့ ကင်းကွာသွားတဲ့ တပည့်ဟာ မီးဝေးတဲ့ ချိတ်လိုပဲပြုပြင်လို့ မရအောင် မာကျော သွားနိုင်ပါတယ်။ ဒါ့ကြောင့် စေတနာနဲ့ ဆိုဆုံးမတဲ့ တစ်ကျောင်းလုံးမှာရှိတဲ့ ဆရာ၊ ဆရာမတွေရဲ့စကားကို နာယူမှတ်သားပါ။
သူငယ်ချင်း အချင်းချင်း ခိုက်ရန်မဖြစ်ပါနဲ့၊ တစ်ဦးနဲ့ တစ်ဦး သည်းခံကြရမယ်။”
“အားလုံး နားလည်ရဲ့လား”
“နားလည်ပါတယ်ဆရာမ”
“ကျောင်းစည်းကမ်းတွေကိုလည်း အထူးလိုက်နာပါ။ အသင်းလုပ်တဲ့အခါမှာလည်း အသင်းသား စုံစုံညီညီနဲ့ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြပါ။ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်နဲ့ ဖေးမကူညီရမယ်။ ကိုယ်ချင်းစာစိတ် ဆိုတာနဲ့ ပတ်သက်ပြီး ဆရာမဖတ်ဖူးတဲ့ အကြောင်းအရာလေး မျှဝေပါ့မယ်။"
ဆရာမ ဖတ်မှတ်ဖူးတာလေး မျှဝေမယ်ဆိုရင် သိပ်သိချင်ကြ၍ ကလေးများသည် ခေါင်းထောင်လာကြလေသည်။
“တစ်ခါက ရွာတစ်ရွာမှာ မောင်တင်လှိုင်တို့ သားအမိရှိသတဲ့၊ မောင်တင်လှိုင်လေး ကျောင်းနေအရွယ်ရောက်တော့ သူ့အမေက စက်ဘီးတစ်စီး ဝယ်ပေးတာပေါ့။ စက်ဘီးလေးကို စီးပါများလာတော့ ကျွမ်းကျင်လာတယ်။ တစ်နေ့ အိမ်ရှေ့ထွက်ပြီး စက်ဘီးစီးနေတုန်း ကလေးတစ်ယောက်က လာကြည့်နေသတဲ့။
မောင်တင်လှိုင်လေးက မင်းစီးချင်လို့လား မေးတော့ တစ်ဖက်ကလေးက ခေါင်းညိတ်ပြတယ်။ အဲဒါနဲ့ စက်ဘီးမစီးတတ်သေးတဲ့ ကလေးကို စက်ဘီးပေါ်တင်ပေးပြီး အခေါက်ခေါက်အခါခါ တွန်းပေးနေသတဲ့။ ဒါကို အိမ်အပေါ်ထပ်က သူ့အမေနဲ့ အဘိုးက အစအဆုံး မြင်နေရတယ်။ အမေလုပ်သူက လာပါစေဦး။ ဒင်းတော့ဆိုပြီး။ သူ့သားစီးစေချင်လို့ ဝယ်ပေးတာကို သူများကလေးကို တင်ပြီး မမောတမ်း တွန်းပေးနေတာမြင်တော့ စိတ်တိုနေတာပေါ့။ စက်ဘီးစီးလို့ မောတော့ မောင်တင်လှိုင်လေးက သူ့မှာပါလာတဲ့ ငှက်ပျောသီး နှစ်လုံးကိုလည်း အဖော်ကောင်လေးကို ကျွေးလိုက်ပြန်တယ်။
ဒါကို အိမ်အပေါ်ထပ်က လှမ်းကြည့်နေတဲ့ သူ့အမေက အစအဆုံးမြင်ပြီး ဒေါသထွက်နေသတဲ့။”
မောင်တင်လှိုင်လေးလည်း အိမ်ပြန်ရောက်ရော "လာစမ်း မင်းဘာလို့သူများ ကလေးကိုပဲ တင်တွန်းနေရတာလဲ။ မင်းတက်စီးပြီး သူတွန်းတာငါတစ်ခါမှ မမြင်ဘူး” လို့ပြောတဲ့အခါ မောင်တင်လှိုင်လေးက “သားကစီးတတ်နေပြီ၊ သူကမစီးတတ်သေးလို့၊ ပြီးတော့ သူ့အိမ်က စက်ဘီးဝယ်မပေးနိုင်တော့ သားနဲ့တွေ့ချိန်မှ သူကစီးရတာမို့ပါ။”
“ကဲဟုတ်ပါပြီ အဲဒါဆိုလည်း သားက မုန့်ပါရင် သူများကိုကျွေးတတ်မှန်း သိလို့ နှစ်ယောက်စားလို့ရအောင် အမေက ငှက်ပျောသီးနှစ်လုံး ထည့်ပေးလိုက်တာလည်း သားကမစားဘဲ ဘာလို့သူ့ကိုပဲ နှစ်လုံးလုံး ကျွေးပစ်ရတာလဲ။”
“ဒါကတော့ မေမေ သူကဘာမှ မစားခဲ့ရသေးဘူး။သားက ထမင်းစားခဲ့ပြီလေ။ ပြီးတော့ သူ့အိမ်မှာ သူ့မေမေလည်း မရှိဘူးဆိုလို့ သားက သားစားမယ့် ငှက်ပျောသီးကို သူအိမ်ရောက်ရင်စားဖို့ ထည့်ပေးလိုက်တာပါမေမေ”
မောင်တင်လှိုင်လေး ပြောတာနားထောင်ပြီး သူ့အမေက မပြေတတ်သေးတဲ့ ဒေါသနဲ့ နင်ကတော့လေ၊ နင့်စိတ်တွေကို အများကြီး ပြင်ပေးရဦးမယ်လို့ ပြောလိုက်သတဲ့။
ဒါကို အစအဆုံး နားထောင်နေတဲ့ မောင်တင်လှိုင်လေးရဲ့ အဘိုးဟာ “ပြင်ရမှာမြေးမဟုတ်ဘူး၊ သမီးရဲ့ စိတ်ကိုသာပြင်သင့်တာပါ” လို့ ဝင်ပြောလိုက်တယ်။ပြီးတော့ ဆက်ပြောလိုက်သေးတယ်။ မြေးလေးရဲ့ သူတစ်ပါးအပေါ် ညှာတာစိတ်၊ ကူညီဖေးမလိုစိတ်၊ သနားစိတ်၊ ကိုယ်ချင်းစာစိတ်တွေဟာ ဘယ်မှာမှ ရှာမရနိုင်တဲ့ သိပ်ကိုမွန်မြတ်လှတဲ့ စိတ်ကောင်းစေတနာကောင်းပဲ သမီးလို့ ဆိုလိုက်တယ်။
အဲဒီ မောင်တင်လှိုင်လေးဟာ ကြီးလာတော့ အခု ဆရာမတို့ စာပေလောကမှာ ထင်ပေါ်ကျော်ကြား နာမည်ကြီးခဲ့တဲ့ စာရေးဆရာကြီး လယ်တွင်းသား စောချစ်ပဲ ကလေးတို့။
ဒါ့ကြောင့် ကလေးတို့မှာလည်း အားငယ်သူကို ဖေးမတတ်တဲ့ ကိုယ်ချင်းစာစိတ်ဆိုတဲ့ သူတော်ကောင်းစိတ်ကို အမြဲမွေးမြူထားရမယ်နော်”
“ဟုတ်ကဲ့ပါဆရာမ”
“လောကမှာ ကိုယ်ချင်းစာစိတ်ရှိတဲ့ လူကောင်းတွေ ရှားသွားပြီလေ။ လူတော်ဖြစ်ဖို့က အတတ်ပညာတွေ ကြိုးစားသင်ယူရင်ဖြစ်နိုင်တယ်။
လူကောင်းဖြစ်ဖို့ကတော့ ကိုယ့်စိတ်ကို ကိုယ်တိုင်ပဲ မွေးမြူဖန်တီး ယူရလိမ့်မယ်။ ကလေးတို့အားလုံး လောကနဲ့ ရပ်ရွာကိုအကျိုးပြုတဲ့ လူတော်လူကောင်းလေးတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။ ကလေးတို့ အားလုံး မေတ္တာခြုံ၍ လုံနိုင်ကြပါစေ။”
ထိုနေ့အတွက် ကျောင်းအုပ်ကြီး ကိုယ်စား ဆုံးမသြဝါဒစကားများ ပြောပြီး လူတော်လူကောင်းလေးတွေပေါ်ထွက် လာစေဖို့ နောက်ရက်များမှာလည်း အခါအခွင့်သင့်တိုင်း ကျောင်းစာသင်ရင်း လူကိုပြင်ပေးဖို့ ကျွန်မစာပေများစွာ ဖတ်ရှု လေ့လာပါဦးမည်။ ။
မြပုလဲ(တပ်ကုန်း)