တမူးမြို့၌ အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

တမူးမြို့၌ အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

မြန်မာနိုင်ငံ တမူးမြို့၌ ဇူလိုင်လ ၅ ရက် နေ့က အိန္ဒိယနိုင်ငံသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သိရ သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံဘက်ခြမ်းမှ  လူ ၅၀ ဦးက ဆန္ဒပြခဲ့ကြပြီး တမူးမြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ် အမှန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုကဲ့သို့ဖြေကြား ခဲ့ပါသည်-

“ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ လောက်မှာ တမူးမြို့ စော်ဘွားကုန်းရပ်ကွက်၌ အမျိုးသားနှစ်ယောက်သေနတ်ဖြင့်အပစ် ခံရပြီး သေဆုံးခဲ့ရသည့် အကြောင်းကို တရားခံ တွေထဲကပဲ ကျွန်တော်တို့ကို သတင်းပို့ပါတယ်။  တမူးမှာရှိတဲ့ရဲစခန်းက မြို့နယ်မှူး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၁၂ နာရီ ၄၅ လောက်မှာ သွားရောက်စစ်ဆေး ခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ဟိန္ဒူလူမျိုး လို့ယူဆရတဲ့ အသက် ၃၅ နှစ်ခန့်ရှိတဲ့ အမျိုးသားတစ်ယောက်၊ အသက် ၃၂ နှစ်ခန့်လို့ ခန့်မှန်းရတဲ့ အမျိုးသားတစ်ယောက်၊ ဒဏ်ရာတွေကတော့ သေနတ်နဲ့ပစ်သွားတာချည်းပဲ၊ ဦးခေါင်းတွေပဲ ထိမှန်တဲ့အနေအထားရှိတယ်။ သေဆုံးနေတာတွေ့ ရတယ်။ မြို့နယ်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့တွေဟာ အနီးနားပတ်ဝန်းကျင်ကို စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါ ၁၂ နာရီခွဲလောက်မှာ အဲ့ဒီနှစ် ယောက်ဟာ စော်ဘွားရပ်ကွက်ကို ဆိုင်ကယ် တစ်စီးနဲ့ဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာပဲ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် ပြီး ထွက်ပြေးသွားတယ်လို့သိရတယ်။ အဲ့ဒါကြောင့် အလောင်းတွေကို  တမူးဆေးရုံကို ပို့တယ်။ တမူးရဲစခန်းမှာ သေမှု သေခင်းဖွင့်တယ်။  အဲ့ဒီအလောင်းတွေအကုန်လုံးကို မြို့မိ၊ မြို့ဖတွေ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းစုံစမ်း စစ်ဆေးခဲ့ တယ်။  အဲ့ဒီမှာ လာရောက်ဆက်သွယ်တာတော့ မရှိခဲ့ဘူး။ မရှိခဲ့တဲ့အတွက်ကြောင့် ၆ ရက် နေ့ မနက် ၇ နာရီမှာ တမူးမြို့သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဇူလိုင်လ ၆ ရက်နေ့ ဖြစ်စဉ်ဖြစ်ပြီးနောက် တစ်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ အိန္ဒိယ

နိုင်ငံ မဏိပူရပြည်နယ် Moreh မြို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအသင်းက တာဝန်ရှိ သူတစ်ယောက်က ကျွန်တော်တို့ဆီကို ဖုန်းနဲ့  ဆက်သွယ်လာတယ်။  အဲ့ဒီသေဆုံးသူတွေ က Moreh မြို့ ဟိန္ဒူရပ်ကွက်က တီမိုဟန် ၂၈ နှစ်နဲ့ အာရ်ဂျန် ၃၅ နှစ်ဖြစ်တယ်ဆိုပြီးတော့ ကျွန်တော်တို့ကိုပြောတယ်။ ဇူလိုင်လ ၅ ရက်နေ့မှာ မြန်မာအိန္ဒိယ နယ်စပ်ကနေ မြန်မာနိုင်ငံထဲကိုဝင်ရောက် လာတဲ့သူတွေ ဖြစ်တယ်လို့ ပြောပြချက်အရသိရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ပြန်ပြီးတော့ဆက်သွယ်ပါတယ်။  သူတို့တရားဝင် ဝင်လာတာ လားဆိုပြီး မေးတဲ့အခါ တရားဝင် ဝင်ရောက်တာမျိုးတော့မရှိပါဘူး။  အဲ့ဒီဘက်မှာလည်း  အများစုက တမူး-Moreh ဆိုတာ  နယ်စပ် ဒေသဖြစ်တဲ့အတွက်ကြောင့် သွားလာကူးသန်းမှု တွေရှိတယ်။ တရားဝင် ဝင်ရောက်တာ၊ မရောက်တာကတော့ အဓိကတော့ မဟုတ် ဘူး၊ သွားလာကူးသန်းမှုတွေရှိတယ်။ အဲ့ဒီမှာ လည်း ၅ ရက်နေ့က တမူးမြို့နယ် ကညနရုံး ကုန်းလမ်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီး ဌာနရုံးကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေက ဝင်ရောက်ဖျက်ဆီးခဲ့တာတွေ၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေနဲ့  ပစ်ခတ်တိုက်ခိုက်မှု တွေရှိခဲ့တာတွေရှိပါတယ်။  အဲ့ဒါကတော့ ကညနရုံးမှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်ပါ။ အဲ့ဒီမတိုင် ခင်မှာ လူတစ်ယောက်အသတ်ခံခဲ့ရတာမျိုး ရှိခဲ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ဇူလိုင် ၆ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အိန္ဒိယ ဘက်ခြမ်းက လူ ၅၀ ယောက်လောက် ဆန္ဒပြမှုဖြစ်ပွားခဲ့တယ်။ အိန္ဒိယနိုင်ငံသားနှစ်ဦး သေဆုံးတဲ့ကိစ္စနှင့် ပတ်သက်ပြီးတော့ တမူးဘက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ခဲနဲ့ပစ်ပေါက်ခဲ့တာတော့ ရှိပါတယ်။ သို့သော် Moreh နယ်စပ်ကုန်သွယ်ရေးအသင်းက တာဝန်ရှိသူတွေအနေနဲ့ နှစ်နိုင်ငံလုံခြုံရေး အဖွဲ့တွေနဲ့ ဖြေရှင်းပေးလိုက်တဲ့အတွက်ကြောင့်သူတို့ အေးအေးချမ်းချမ်းပဲ လူစုခွဲထွက်ခွာသွားတာရှိပါတယ်။ အဲ့ဒီဖြစ်စဉ် နောက်ပိုင်း တွေမှာတော့ Moreh မြို့မှာရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာတာရှိတယ်။ မြန်မာနိုင်ငံ ဘက်က လုံခြုံရေးတပ်ဖွဲ့တွေကလည်း Moreh ဘက်ကို အကြောင်းကြားတာရှိတယ်။ အကြောင်းကြားပြီးတော့ နှစ်ဖက်ထိန်းသိမ်း ဆောင်ရွက်ခဲ့ရတယ်။ ပြဿနာကတော့ပြေလည်သွားတာရှိပါတယ်။ အဲ့ဒီမှာ စွပ်စွဲချက်တွေတော့ရှိတာပေါ့။ အဲဒီကိစ္စမှာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားစေဖို့အတွက်  တပ်ကပဲပစ်ခတ်သယောင်လုပ်ခဲ့တာပါ။ သို့သော်  နှစ်နိုင်ငံတပ်များအနေနဲ့ ဆက်သွယ်မှု၊ ဆက်ဆံမှုအမြဲတမ်းရှိတယ်။ အားလုံးလည်း သိပြီးဖြစ်ပါတယ်။  ပြဿနာတွေတော့ ပြေလည်သွားပါပြီ။

အိန္ဒိယနိုင်ငံအနေနဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးရင် နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်းဆက်သွယ်ပြီး မေးမြန်းနေတာလည်း ရှိတယ်။ လုံခြုံရေး တပ်ဖွဲ့အချင်းချင်း ဆက်သွယ်ပြီး မေးမြန်းနေတာလည်းရှိတယ်။ အားလုံးထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ သတ်သွားတဲ့လူတွေနဲ့ပတ်သက်ပြီး တရားဝင်စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အရင်ကတည်းက အိန္ဒိယနဲ့ မြန်မာကြားထဲမှာ အချင်းချင်း သဘောတူညီချက်ရှိပြီးဖြစ်ပါတယ်။ အိန္ဒိယကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာ နိုင်ငံထဲမှာ ဝင်ရောက်အခြေပြုတာ၊  အခြေချတာ၊  လှုပ်ရှားတာမျိုးမလုပ်အောင်။ မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း အိန္ဒိယနိုင်ငံထဲမှာ ဝင်ရောက်အခြေပြု၊ အခြေချ၊ လှုပ်ရှားတာမျိုးမရှိအောင် ကျွန်တော်တို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆောင်ရွက်လျက်ရှိတယ်။ ဒီကိစ္စကိုလည်း ကျွန်တော်တို့ အသေးစိတ် စုံစမ်းဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပတ်သက်ပြီးတော့ မထိခိုက်အောင် ကျွန်တော်တို့ဆောင်ရွက်လျက်ရှိပါတယ်။

အဲ့ဒီမှာတော့ နယ်စပ်ဒေသမြို့ဖြစ်တာနဲ့အညီ ယခင်ကတည်းကတိုင်  ဒီလိုမျိုး အသတ်ခံရတဲ့  ပြဿနာမျိုးလေးတွေရှိခဲ့တယ်။ အဲ့ဒီဘက်မှာလည်း တချို့သော တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းတွေစုံတယ်။ အခုနောက်ပိုင်းမှာ PDF အမည်ခံ အကြမ်းဖက် အဖွဲ့တွေပေါ်တဲ့အခါမှာ သူတို့ကိုယ်တိုင် ကြေညာချက်ထုတ်ထားတာပဲ။ တမူးမြို့ပြပြောက်ကျားအဖွဲ့လိုမျိုး အကြမ်းဖက်အဖွဲ့ မျိုးတွေ၊ တမူး PDF အဖွဲ့လို အကြမ်းဖက်အဖွဲ့မျိုးတွေ သူတို့ရဲ့ထုတ်ပြန်ချက်အရ တမူးဘက်မှာကိုပဲ PDF တပ်ရင်း  သုံးရင်းလောက် ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာရှိတယ်။ ယခင်ကလည်း ကျွန်တော်တို့ မိခဲ့တဲ့ဟာတွေ ရှိပါတယ်။ တမူးမှာရှိနေတဲ့ တချို့သော စီးပွားရေး လုပ်ငန်းရှင်တွေက အကြမ်းဖက် PDF တွေကိုထောက်ပံ့နေလို့ ကျွန်တော်တို့ သတင်းထုတ်ပြန်ခဲ့ရတာတွေလည်း ရှိတယ်။ ဖမ်းဆီး မေးမြန်းခဲ့ရတဲ့  ဟာတွေလည်းရှိတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့  တစ်လပိုင်းကတမူးအကျဉ်းစခန်း  အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို တမူးက PDF အမည်ခံအကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ လက်နက်တွေပါသွားတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ခဲ့ဖူး တယ်။ ဒါ့အပြင် တချို့စီးပွားရေးအရ   ဆောင်ရွက်ကြတဲ့အခါ မကျေလည်မှုတွေရှိလို့ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိတယ်။

ယခုဖြစ်စဉ်ကတော့ ကျွန်တော်တို့အနေနဲ့ တမူးမှာရှိတဲ့ PDF အဖွဲ့တွေအနေနဲ့ အလစ်မှာ လုပ်ကြံသတ်ဖြတ်သွားတယ်လို့ပဲ ကျွန်တော်တို့ယူဆတယ်။   ဒါနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်လျက်ရှိပါတယ်။  ကျွန်တော်ထပ်မံပြီး  ဖြည့်စွက်ပြောလိုတာကတော့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံနဲ့က  ကြာရှည်ရင်းနှီးတဲ့  ချစ်ကြည်ရင်းနှီးမှုတွေရှိပြီး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်ရဲ့ စိုးရိမ်ပူပန်မှုကို လည်း ကျွန်တော်တို့သိရှိနားလည်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ သတ်ဖြတ်သွားတဲ့ တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို အလေးထားဆောင်ရွက် လျက်ရှိ တယ်။ မြန်မာနဲ့  အိန္ဒိယနယ်စပ်မတည်မငြိမ်ရေးဖြစ်လာစေရေး၊  နှစ်နိုင်ငံ  အစိုးရနှစ်ရပ်အကြား အထင်အမြင် လွဲမှားမှုဖြစ်ပေါ် စေရေးအတွက် တချို့သောမီဒီယာတွေ၊ တချို့သောလှုံ့ဆော်သူတွေ လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒါတွေကို တမူးမှာရှိတဲ့ ဒေသခံတွေကော အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ Moreh မှာရှိတဲ့  ဒေသခံတွေအားလုံးက နားလည်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ခိုင်မြဲ စွာဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့များနဲ့  လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြဖို့  မေတ္တာရပ်ခံလိုပါတယ်”။

(၅၀၀)