ရုရှားထံမှ ဓာတ်ငွေ့မျှော်လင့်ချက်အသစ်ကြောင့် ဥရောပ၌ ဓာတ်ငွေ့ဈေးနှုန်း အနည်းငယ်ကျ

ဥရောပအနေဖြင့် ရုရှားထံမှ သဘာဝဓာတ်ငွေ့ရရှိနိုင်မည့် မျှော်လင့်ချက်အသစ်ကြောင့် ဇူလိုင် ၁၁ ရက်တွင် သဘာ၀ ဓာတ်ငွေ့ဈေးနှုန်းများ ၁၂ ရာခိုင်နှုန်း ကျဆင်းလာသည်။

ကနေဒါ အစိုးရက Nord Stream 1 သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြုပြင်ပြီးသော တာဘိုင်တစ်လုံးကို သက်ဆိုင်ရာလုပ်ငန်းသို့ ပို့ဆောင်ပေးမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် ဥရောပအနေဖြင့် ဓာတ်ငွေ့ရရှိနိုင်မည့် မျှော်လင့်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့အတွက် ဒေသအတွင်း ဖြစ်ပေါ်နေသော  စွမ်းအင်ထောက်ပံ့မှု နည်းပါးနိုင်သည့် စိုးရိမ်မှုများကို လျော့ပါးသွားစေပြီး သဘာဝဓာတ်ငွေ့ ၁၀၀၀ ကုဗမီတာလျှင် ၁၆၃၉ ဒသမ ၅ ဒေါ်လာဖြင့်  အရောင်းအဝယ် ဖြစ်လာသည်ကို တွေ့ရသည်။

ကနေဒါ အစိုးရသည် Nord Stream 1 သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည်ပတ်မှုအတွက် အရေးတကြီး လိုအပ်သော ပစ္စည်းဖြစ်သည့် တာဘိုင်ကို ပေးအပ်ခြင်း အားဖြင့် ရုရှားအပေါ်ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုကို လက်ရှောင်နေမည်ဟု ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း  အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက်  လိုအပ်နေသည့် ပြုပြင်ပြီးတာဘိုင်ကို မပေးအပ်နိုင်သည့်အတွက် ထိုပိုက်လိုင်းမှတစ်ဆင့် ဂျာမနီသို့ ပေးပို့နေသော သဘာဝဓာတ်ငွေ့ပမာဏကို ၄၀ ရာခိုင်နှုန်းအထ ိလျှော့ချလိုက်ရပြီးနောက် ဥရောပဒေသအတွင်း သဘာဝဓာတ်ငွေ့ဈေးနှုန်းမှာ မတ်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ 

Ref: RT