ဗြိတိန်ရှိမိသားစု ၄ သန်းခွဲနီးပါး အဆိုးဆုံးသော ဘဏ္ဍာရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရ

ဗြိတိန်နိုင်ငံရှိ အိမ်ထောင်စုများအနေဖြင့် ကာလရှည်ကြာဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်ခံစားနေရလျက်ရှိရာ ပြီးခဲ့သည့် နှစ်အောက်တိုဘာလမှ ယခုအချိန်အထိ အဆိုပါအကျပ်အတည်းကို  ရင်ဆိုင်ရသူ ၆၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာပြီဖြစ်သည်။

ထို့ကြောင့် ဗြိတိန်ရှိမိသားစုများအနက် ၁၆ ရာခိုင်နှုန်းဖြစ်သော မိသားစု ၄ သန်းခွဲနီးပါးက အဆိုးဆုံးသောဘဏ္ဍာရေး အကျပ်အတည်းကို ရင်ဆိုင်နေရပြီး နောက်ထပ် ၂၀ ရာခိုင်နှုန်းမှာ ထိုအကျပ်အတည်းနှင့် မရင်ဆိုင်ရစေရန် လုံးပန်းနေရကြောင်း  ဘရစ္စတိုတက္ကသိုလ်မှ သုတေသန ပညာရှင်များက ခန့်မှန်းတွက်ချက်ထားသည်။

ယခုကဲ့သို့ဖြစ်ပေါ်မှုသည် မျိုးဆက်တစ်ခုအတွင်း အဆိုးဆုံးသော နေထိုင်မှု ကုန်ကျစရိတ် အကျပ်အတည်းနှင့် ရင်ဆိုင်ရသည်ကို ဖော်ပြနေခြင်း ဖြစ်သည်ဟု သုတေသီများက ပြောသည်။

ထို့ပြင် စွမ်းအင်သုံးစွဲမှု အတွက်ပေးရသည့် ကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုတို့မှာလည်း  ထပ်မံမြင့်တက် လာနိုင်သောကြောင့် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရသည့် မိသားစုအရေအတွက် ယခုထက်ပိုမို များပြားလာနိုင်သည်။

ယခုအချိန်သည်  မိသားစုအားလုံးအတွက် ခက်ခဲသောအချိန် ဖြစ်ကြောင်း၊ သို့သော် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို သိသိသာသာ ခံစားရသည့် ဝင်ငွေနည်းမိသားစုများအတွက် အခက်ခဲဆုံးအချိန် ဖြစ်ကြောင်း သုတေသီတစ်ဦးက ပြောသည်။

လစာနှုန်းထားများမြင့်တက်လာခြင်းမရှိသည့်အပြင် ငွေကြေးဖောင်းပွမှုနှင့်တန်းတူ မလိုက်နိုင်သောကြောင့် မိသားစုများ အနေဖြင့် ယခုထက်ပို၍ မနစ်မွန်းစေရေးအတွက် ပြည့်စုံကျယ်ပြန့်သည့် ရေရှည်စီမံကိန်းတစ်ခု အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်ဟု သိရသည်။

Ref: TST