ရုရှားစစ်သင်္ဘောများက အမေရိကန်ထောက်ပံ့ထားသော ခဲယမ်းတိုက်များကို ဖျက်ဆီးလိုက်နိုင်

ရုရှားစစ်သင်္ဘောများက ယူကရိန်းနိုင်ငံအလယ်ပိုင်းရှိ အမေရိကန်ထောက်ပံ့ထားသော ခဲယမ်းတိုက်များကို ဖျက်ဆီးလိုက်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။

ရုရှားစစ်သင်္ဘောများသည် နီပရိုပက်ထရို့စကာဒေသရှိ ခဲယမ်းတိုက်များကို Kali br  ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်နိုင်ခြင်း ဖြစ်သည်။

ဖျက်ဆီး ခံလိုက်ရသော ခဲယမ်းတိုက်များတွင် အမေရိကန်က   ပေးပို့ထားသည့် HIMARS  အတွဲလိုက် ဒုံးပစ်လောင်ချာ များ၊ M772 ဟောင်ဝစ်ဇာများနှင့် 2S7 ယာဉ်တင်အမြောက်ကြီးများအတွက် အသုံးပြုရသည့် ခဲယမ်းများကို သိမ်းဆည်းထားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါကိုနာရှန်ကော့က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

ထို့ပြင် ရုရှားစစ်လေယာဉ်များကလည်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကော့မြို့ရှိ မျိုးချစ်တပ်ရင်းများနှင့် ပြည်ပကြေးစား စစ်သည်များ၏ အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ရာ ရန်သူ ၂၅၀ သေဆုံးပြီး စစ်သုံးယာဉ် ၂၅ စင်းအထိပျက်စီးကြောင်း  ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

အမေရိကန်က  ယူကရိန်းနိုင်ငံသို့ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ နောက်ထပ်လေးစင်းပေးပို့သွားမည်ဟု ယခုလအတွင်းကတိပြုထားပြီး  ထိုလက်နက်များသည် တိုက်ပွဲရလဒ်ကိုပြောင်းလဲစေမည် ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောထားသည်။

ရုရှားစစ်ဘက်ကမူ ပြီးခဲ့သည့်သီတင်းပတ်ကလည်း အမေရိကန်တို့ပေးပို့ထားသော အဆိုပါ အတွဲလိုက် ဒုံးပစ်လောင်ချာနှစ်စင်းနှင့် ခဲယမ်းတိုက်နှစ်ခုကို ဖျက်ဆီးလိုက်နိုင်သည်ဟု  သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

Ref: RT