ပလတ်စတစ်အမှုန်များကို စားနိုင်သည့် စက်ရုပ်ငါး တရုတ်တီထွင်

ပလတ်စတစ်အမှုန်များကို စားနိုင်သည့် စက်ရုပ်ငါး တရုတ်တီထွင်

တရုတ်သိပ္ပံပညာရှင်များက ပလတ်စတစ်အမှုန်များကိုစားနိုင်သည့်    စက်ရုပ်ငါးတစ်မျိုးကို တီထွင်လိုက်ကြောင်း သိရသည်။

ထိုစက်ရုပ်ငါးသည်   တစ်ချိန်ချိန်တွင် ပလတ်စတစ်များဖြင့်  ညစ်ညမ်းနေသည့် သမုဒ္ဒရာများကို သန့်ရှင်းရာ၌ ကူညီပေးနိုင်စေမည်ဖြစ်ကြောင်း နိုင်ငံအနောက်တောင်ပိုင်း ဆီချွမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောသည်။

ထိတွေ့ကိုင်တွယ်ရာတွင် နူးညံ့မှုရှိသည့်အပြင် အရွယ်အစားအားဖြင့် ၁ ဒသမ ၃ စင်တီမီတာသာ ရှိသည့်  အဆိုပါစက်ရုပ်ငါးများသည်  လက်ရှိတွင် ရေတိမ်ပိုင်းတွင် ပျော်ဝင်နေသော ပလတ်စတစ်အမှုန်များကို စုပ်ယူစားသုံးနေပြီ ဖြစ်သည်။

သို့သော် သိပ္ပံပညာရှင်များ၏ မျှော်မှန်းချက်မှာ  အဆိုပါစက်ရုပ် ငါးများကိုရေနက်ပိုင်းရှိ   ပလတ်စတစ်အမှုန်များကို ဖယ်ရှားရေးတွင် အသုံးပြုနိုင်စေရန်ဖြစ်သည်။

ထို့ပြင် အဏ္ဏဝါညစ်ညမ်းမှုနှင့် ပတ်သက်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာနိုင်ရေးအတွက် သတင်းအချက်အလက်များ စုဆောင်းရေးတွင် အသုံးပြုရန်လည်း  ရည်မှန်းထားသည်ဟု  သိပ္ပံပညာရှင်များက ပြောသည်။

အဆိုပါစက်ရုပ်ငါးများသည်  အလင်းရောင်ခြည်တစ်ခု၏ အကူအညီဖြင့်  အမြီးခတ်ခြင်းနှင့်   ခန္ဓာကိုယ် ခါယမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်ပြီး စက်ရုပ်ငါး တစ်ကောင်နှင့် တစ်ကောင်မတိုက်မိစေရန် သိပ္ပံပညာရှင်များက   ထိုအလင်းရောင်ကို အသုံးပြု ထိန်းချုပ်ခြင်းဖြစ်သည်။

အကယ်၍ အခြားသော အကောင်ကြီး ငါးအစစ်များ၏ ဝါးမျိုခြင်းကို ခံရပါကလည်း အစာအိမ်ထဲတွင် အလွယ်တကူ အစာကြေစေနိုင်ကာ ငါးအစစ်ကို ဘေးဥပဒ် မဖြစ်စေကြောင်း သိပ္ပံပညာရှင်များက ပြောသည်။