G7  က ရုရှားရေနံဈေးနှုန်းကို ပုံသေသတ်မှတ်မည့် အစီအစဉ် ရေနံဈေးကွက် ပျက်စေမည်ဟုဆို

G7  က ရုရှားရေနံဈေးနှုန်းကို ပုံသေသတ်မှတ်မည့် အစီအစဉ် ရေနံဈေးကွက် ပျက်စေမည်ဟုဆို

စက်မှုထိပ်သီး ခုနစ်နိုင်ငံအဖွဲ့ (G7)က ရုရှားနိုင်ငံမှ ထွက်ရှိသော ရေနံ၏ ဈေးနှုန်းကို အနေအထားတစ်ခုတွင် ပုံသေသတ်မှတ်ရန် စီစဉ်နေခြင်းသည် ရေနံဈေးကွက်ကို ပျက်စေမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဇူလိုင် ၁၄ ရက်တွင် ပြောသည်။

အဆိုပါအစီအစဉ်ကို  အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ယယ်လန်က တင်သွင်းခြင်း ဖြစ်ပြီး ရုရှားအပေါ်ပိုမိုဖိအား ပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော်    ထိုအစီအစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရခြင်း မရှိသေးပေ။

ဆက်လက်ပြီး   အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏  အရှေ့အလယ်ပိုင်း ခရီးစဉ် ၎င်းအနေဖြင့် ရေနံဈေးနှုန်းများကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက်     ဆော်ဒီအာရေဗျကို ရေနံထုတ်လုပ်မှု ပမာဏတိုးမြှင့်ပေးရန်    တောင်းဆိုနိုင်ဖွယ်ရှိကြောင်း မာရီယာဇာခါရိုဗာက ပြောသည်။

ရုရှားအနေဖြင့်   စွမ်းအင်ကဏ္ဍနှင့် ပတ်သက်လာလျှင်  ဆော်ဒီအာရေဗျနိုင်ငံနှင့် ရေရှည်ဆက်ဆံရေးကို အလွန်တန်ဖိုး ထားကြောင်း၊ ဈေးကွက်အတွင်း ရေနံဈေးနှုန်းများ မြင့်တက်နေရခြင်းမှာ အနောက်အုပ်စု၏ ရောသမမွှေ စွမ်းအင်မူဝါဒကြောင့်နှင့် ရုရှား၊ အီရန်နှင့် ဗင်နီဇွဲလားတို့ကဲ့သို့ ရေနံအများအပြား ထုတ်လုပ်တင်ပို့သည့် နိုင်ငံများအပေါ်   အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းတို့ကြောင့်ဖြစ်ကြောင်း  မာရီယာဇာခါရိုဗာက ဆက်ပြောသည်။

အလားတူ  အနောက်အုပ်စုအနေဖြင့် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ  ဆက်လက်ချမှတ် နေဦးမည်ဆိုပါက ကမ္ဘာ့ရေနံဈေးကွက်တွင် ကမ္ဘာပျက်သကဲ့သို့ ဖြစ်သွားစေမည်ဖြစ်ကြောင်း  ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးထားသည်။