မြစ်တို့၏ သဘော

ယမန်နေ့မှအဆက်

''ညီမရယ်။ အစ်မမှားပါတယ်ကွယ်။ အစ်မ တောင်းပန်ပါတယ်ကွယ်။ အစ်မပြောတာဆိုတာတွေကို ခွင့်လွှတ်ပါ''ဒေါ်လှမြတ်မင်းသည် ဆန့်ကျင်ဘက် အနေအထားသို့ ချက်ချင်းလျှောကျသွားလေ၏။ သူသည် အထက်စီးမှပြောစဉ်က မတရားပြောခဲ့၊ မညှာမတာပြောခဲ့သလောက် ခယတောင်းပန်ရမယ့် အနေအထားသို့ရောက်ပြန်တော့လည်း မျက်ရည်စမ်းစမ်းနှင့် ဒူးတုပ်တောင်းပန်တော့မလို ဖြစ်နေလေ ၏။

''အစ်မကြီးရဲ့အရှက်၊ သားလေးရဲ့ ဂုဏ်သိက္ခာကို ညီမယောကျ်ား အသက်ပေး ကာကွယ်တာ ကျေးဇူး တင်လို့ မဆုံးပါဘူးကွယ်။ အစ်မပြောမိတာတွေ မကျေနပ်ရင် ပါးရိုက်ပါကွယ်'' ''အရီ့ကို ငရဲမပေး ပါနဲ့ရှင်'' ''သြော်...ညီမနာမည်က အရီတဲ့လား'' ''မခင်ရီပါတဲ့ မေမေ'' ''အစ်မ တောင်းပန်ပါတယ် ညီမရယ်။ ညီမရဲ့ ယောကျ်ားအပြစ်မကျအောင်လည်း အစ်မမှာ ရှိတဲ့ငွေကုန်ချင်ကုန်ပါစေ သုံးပါ့မယ်။ ဝန်ကြီးချုပ်ဆီ၊ သမ္မတ ကြီးဆီအထိ အစ်မတက်ပြောမယ်'' ''ကျေးဇူးတင်ပါတယ်ရှင်'' ''အိုအို ကျေးဇူးတင်ရမှာက အစ်မကပါ ညီမရယ်။

ညီမတို့ကျေးဇူးကို တစ်သက်မမေ့ပါဘူးအေ။ ငွေဆိုတာ ရှာလို့လွယ်တယ်အေ့၊ ဂုဏ်ဆိုတာ ဝယ်လို့မ လွယ်ဘူး'' ''ဟေ့ မိန်းကလေး ဘယ်ကဧည့်သည်တွေလဲဟ။ ဘယ့်နှယ် အိမ်ပေါ်မတက်ဘဲ အောက်မှာ မတ်တတ်ကြီး၊ ကောင်းပါ့မလား။ အိမ်ပေါ်ခေါ်ခဲ့ပါ။ ရေနွေးကလေး၊ ဆေးလိပ်ကလေး၊ ကွမ်းကလေး တည်လို့ ဧည့်ခံလို့ လုပ်မှပေါ့။ တယ်ခက်သကိုးဟ'' ဘိုးလွန်းဘော်သည် ဘယ်အချိန်က ဥယျာဉ်ထဲမှ ပြန်လာသည်မသိ။ အိမ်ပေါ်မှ လှမ်း၍ အော်လိုက်ခြင်းဖြစ်သည်။

''ဒါ ညီမအဖေလား'' ''မှန်ပါတယ်ရှင်'' ''အေးအေး၊ ရောက်တုန်းပေါက်တုန်း အသိအကျွမ်း ဖြစ်သွားရအောင် ခဏတစ်ဖြုတ် တက်ဦးမှပေါ့အေ။ လာအေ၊ ညီမက ရှေ့ကသွား'' ဒေါ်လှမြတ်မင်း သည် တကယ့်သဘောဖြူအူစင်းကြီး၊ ဖော်ရွေပွင့်လင်းသူကြီး၊ ရှေးရိုးအဘွားကြီး တစ်ယောက်သဖွယ် မခင်ရီ၏ရှေ့ကများပင် သူက ထွက်လာလေ၏။ ဒေါ်လှမြတ်မင်းနောက်မှ မခင်ရီ။ မခင်ရီ၏နောက်ဝယ် နောင်အေးနှင့်ပန်း။ လှေကားရင်းရောက်သည်တွင် ငှက်ပျောပင်အုပ်ကြားမှ မခင်ရီ့အမေ ဒေါ်ပြန့်ကြီး ထွက်လာသည်။

ခေါင်းပေါ်တွင် ထင်းစည်းနှင့်ဟင်းရွက်စည်း၊ ပန်းစည်း။ လက်ထဲတွင် ငှက်ပျောရွက်များ၊ ငှက်ပျောဖူး များနှင့်။ ''ဒါ ညီမအမေလား'' ''ဟုတ်ပါတယ်'' မခင်ရီက ပြန်ဖြေရင်း၊ ငှက်ပျောဖူးနှင့် ငှက်ပျော ရွက်များကိုပြေးယူ၍ နောင်အေးက ထင်းစည်းကို ကူချပေးသည်။ ''ညီမအမေက နာမည်ဘယ်သူတဲ့လဲ။ သိပါရစေကွယ်'' ''ဒေါ်ပြန့်ကြီးပါတဲ့ရှင်။ အမေရေ ဟောဒါ ဟိုသူငယ်နောင်အေးရဲ့ အမေလေ။ ဒေါ်လှမြတ်မင်းတဲ့'' ''သြော် ဟုတ်လား။ ကဲ ကဲ တက်ကြပါဦး၊ အေးအေးဆေးဆေးပေါ့''

ဒေါ်ပြန့်ကြီးက ဟင်းရွက်များ၊ ပန်းများကို ပန်းလက်ထဲပေးပစ်ခဲ့ကာ ခြေဆေးနေသည်။ မခင်ရီနှင့် ဒေါ်လှမြတ်မင်းက အိမ်ပေါ်သို့တက်ခဲ့ကြ၏။ မခင်ရီက ဦးလွန်းဘော်နှင့် ဒေါ်လှမြတ်မင်းအား မိတ် ဆက်ပေးသည်။ ''ကြွပါ ကြွပါ။ ကျုပ်တို့ကတော့ တောအနေ တောအစားမို့ ကုလားထိုင်မရှိဘူးဗျ။ သင်ဖြူးပဲ ခင်းပေးနိုင်တယ်'' ''သင်ဖြူးလည်း ကောင်းပါတယ်ရှင်'' မခင်ရီ၏ အမေကလည်း ရေနွေးကြမ်း ဆေးကွမ်းများ လာချရင်းဝင်ထိုင်သည်။

လူကြီးသူမများ ဆုံမိကြလျှင်၊ စားလို့သောက်လို့ကောင်းရဲ့လား၊ သွားဘယ်နှချောင်း ကျိုးပြီလဲ၊ မျက်စိ ကောင်းသေးလား၊ နားကော မသီဘူးလား စသည်၊ သွားဘယ်နှချောင်းကျန်သေးလဲ၊ ဘာဆေးမှီဝဲလဲ စသည်များနှင့် စတင်ကာ ရင်းနှီးကြမြဲ၊ စကားလက်ဆုံ ကျကြစမြဲပင်။ သည်နေ့တွင် မခင်ရီသည် မျက်စိနှစ်လုံးဖွင့် သည်မှစ၍ သောကမီးအိမ်တွင် နှလုံးသားကိုစိမ်ခဲ့ရသည်။ ငိုပြီးရင်းငို၍၊ ခံပြီးရင်းခံခဲ့ရ ပေမယ့် မမျှော်လင့်ဘဲ ထိုး၍ ဝန်ခံသော ဘွင်းဘွင်းရိုးရိုးကြီး ဒေါ်လှမြတ်မင်း၏ ခင်မင်မှုကိုရရှိပြန်သော အခါ စောစောက ဝေဒနာများကို မေ့သွားလေ၏။ သည်အခါဝယ် ကိုသန်းနိုင်တစ်ယောက်ကတော့ အချုပ်ခန်းထဲမှာ။

x x x x x

''ဦးသန်းနိုင်က ကျွန်တော်သတ်ပါတယ်လို့ လာပြီးဝန်ခံလို့ ကျွန်တော်တို့ ဝတ္တရားအရ ဖမ်းဆီးချုပ် နှောင်ထားလိုက်ရပေမယ့် ကျွန်တော်တို့ရဲ့တာဝန်က ဒီတွင်ပြီးစီးမသွားပါဘူး ဒေါ်ခင်ရီ။ သူဟာ သတ် တာတကယ် ဟုတ်ရဲ့လားဆိုတဲ့ အကြောင်းအရာ အခြေအနေနဲ့ အထောက်အထားတွေအပြင် လိုအပ်တဲ့ သက်သေတွေကိုလည်း စုံစမ်းစစ်ဆေးရပါသေးတယ်။ သူဟာတကယ်သတ်တာမှ ဟုတ်ရဲ့ လားဆိုတာကိုလည်း အစွမ်းကုန်ထောက်လှမ်းစုံစမ်းရတယ် ခင်ဗျာ။ ကျွန်တော်တို့ဟာ သူပြောတာကို အတည်မပြု လက်မခံသေးတဲ့အတွက် သူဟာ လူသတ်သမားမဟုတ်သေးပါဘူး ဒေါ်ခင်ရီ။ တရားရုံး တော်က အပြစ်ရှိတယ်လို့ မဆုံးဖြတ်သေးသမျှ ဦးသန်းနိုင်ဟာ လူသတ်သမား မဟုတ်သေးတဲ့အတွက် ဦးသန်းနိုင်မှာ လွတ်လမ်းတွေ အများကြီး ရှိနေပါတယ်ခင်ဗျာ။ ကျွန်တော်ပြောတာ ရှင်းပါရဲ့လား ဒေါ်ခင်ရီ'' မခင်ရီအားခေါ်ယူစစ်ဆေးရင်း ရှင်းပြသူမှာ မိမိကြီးသေမှုတွင် အရေးတကြီးဖြစ်လာသော ရဲမင်းကြီး ကိုယ်တိုင်ဖြစ်၏။ ဆင်ဖြူကျွန်း အောင်သိန်း