နိုင်ငံတကာအာကာသစခန်းအတွက် အမေရိကန်နှင့်ရုရှားတို့ ပြန်လည်ပူးပေါင်း

ဝါရှင်တန်၊ အာကာသ

နိုင်ငံတကာအာကာသစခန်းအတွက် အမေရိကန်နှင့်ရုရှားတို့ ပြန်လည်ပူးပေါင်း

အမေရိကန်နှင့်ရုရှားတို့အနေဖြင့် နိုင်ငံတကာအာကာသစခန်းအတွက် ပြန်လည်ပူးပေါင်းကြောင်းနှင့် အာကာသယာဉ် လွှတ်တင်မှု များကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အာကာသအေဂျင်စီ (NASA) က ဇူလိုင် ၁၅ ရက်တွင်ပြောသည်။

နိုင်ငံတကာအာကာသစခန်း၏လုပ်ငန်းများ ဘေးကင်းစိတ်ချစွာ ဆက်လက်လည်ပတ်နိုင်စေရေး၊ အာကာသယာဉ်မှူးများ၏ အသက်အန္တရာယ်ကို ကာကွယ်ရေးနှင့် အမေရိကန်အနေဖြင့် အာကာသအတွင်း ဆက်လက်တည်ရှိစေရေးတို့အတွက် ယခုကဲ့သို့    ရုရှားနှင့် ပြန်လည်လက်တွဲခြင်းဖြစ်ကြောင်း NASA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါပြန်လည်လက်တွဲမှုအစီအစဉ်အရ NASA မှ အာကာသယာဉ်မှူး ဖရန့်ရူဘီယိုက ရုရှားအာကာသယာဉ်မှူး နှစ်ဦးနှင့်အတူ ဆိုယုဒုံးပျံဖြင့် စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံတကာအာကာသစခန်းသို့သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်အစောပိုင်းတွင်လည်း နောက်ထပ်ခရီးစဉ်တစ်ခုအဖြစ် အာကာသယာဉ်မှူး လိုရယ်အိုဟာရားက ရုရှားအာကာ သယာဉ် ဖြင့် နိုင်ငံတကာ အာကာသစခန်းသို့သွားမည်ဖြစ်ကြောင်း NASA ၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ ရုရှားအာကာသယာဉ်မှူးများအနေဖြင့် အမေရိကန်၏ SpaceX ဒုံးပျများအသုံးပြုကာ နိုင်ငံတကာ အာကာသစခန်းသို့ သွားမည့်ခရီးစဉ် အစီအစဉ်များလည်း ပါဝင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ရုရှားက ယူကရိန်း နိုင်ငံအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲပြီးနောက် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ရုရှားကိုအထီးကျန်ဖြစ်စေရန်   အဘက်ဘက်က လုပ်ဆောင်ခဲ့သော်လည်း အာကာသအစီအစဉ်များနှင့်ပတ်သက်၍မူ အမေရိကန်အနေဖြင့် ရုရှားနှင့် ကင်းကွာ၍ မရကြောင်းကို ယခုကဲ့သို့ နှစ်နိုင်ငံ အာကာသအေဂျင်စီများ၏ ပြန်လည်လက်တွဲမှုက သက်သေပြနေကြောင်း သိရသည်။

Ref: Bangkok Post