အမေရိကန်စစ်ရေယာဉ်တစ်စင်းက တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းအနီးသို့ ထပ်မံဝင်ရောက်

ပေကျင်း၊ စစ်ရေး

အမေရိကန်စစ်ရေယာဉ်တစ်စင်းက တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းအနီးသို့ ထပ်မံဝင်ရောက်

အမေရိကန်စစ်ရေယာဉ်တစ်စင်းက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားကျွန်းအနီး ရေပိုင်နက်သို့ ဇူလိုင် ၁၆ ရက် တွင် ထပ်မံဝင်ရောက်ခုတ်မောင်းခဲ့ကြောင်း အမေရိကန်ရေတပ်က ထုတ်ပြန်သည်။

ယခုကဲ့သို့ဝင်ရောက်မှုသည် အမေရိကန်၏လွတ်လပ်စွာ ရေကြောင်းသွားလာမှုလုပ်ငန်းအရ သီတင်းပတ်တစ်ပတ်အတွင်း ဒုတိယ မြောက် ဝင်ရောက်ခုတ်မောင်းမှုဖြစ်သည်။ ပထမအကြိမ် ဝင်ရောက်ခုတ်မောင်းမှုမှာ ဇူလိုင် ၁၃ ရက်တွင်ဖြစ်ပြီး ထိုအခေါက်နှင့် ယခုအခေါက်တွင် ဝင်ရောက်ခုတ်မောင်းသည့် စစ်ရေယာဉ်မှာ USS Benfold အမည်ရှိ ဖျက်သင်္ဘောတစ်စင်းတည်းပင် ဖြစ်သည်။

USS Benfold သည် ဇူလိုင် ၁၃ ရက်တွင် ပိုင်နက်အငြင်းပွား ပါရာဆဲကျွန်းစုအနီးသို့ ဝင်ရောက်ခုတ်မောင်းစဉ် တရုတ် ရေတပ်က ထိုသင်္ဘောကိုမောင်းထုတ်ခဲ့သည်ဟု တရုတ်စစ်ဘက်ကထုတ်ပြန်ထားသည်။

ဇူလိုင် ၁၆ ရက်တွင် USS Benfold သည် နိုင်ငံတကာဥပဒေများနှင့်အညီ စပရတ်လေကျွန်းစု အနီးရှိရေပြင်သို့ ဝင်ရောက်ခုတ်မောင်း ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံကမူ အမှန်တကယ် လွတ်လပ်စွာ ရေကြောင်းသွားလာမှု သို့မဟုတ် လေယာဉ်ဖြတ်ကျော်ပျံသန်းမှုများကို ဟန့်တားနှောင့်ယှက်ခြင်းမပြုသော်လည်း အမေရိကန်၏ လုပ်ရပ်မှာ တမင်တကာရန်စခြင်းဖြစ်ကြောင်း တရုတ်စစ်ဘက်က ထုတ်ပြန်ထားသည်ဟု သိရသည်။        

Ref: TST