အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် ပြင်ဆင်နေသည့် စင်ကာပူ

အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒတို့၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် ပြင်ဆင်နေသည့် စင်ကာပူ

စင်ကာပူအစိုးရသည် အစွန်းရောက်ဝါဒဖြန့်မှုကို ချေမှုန်းနိုင်ရေးအတွက် ဦးစားပေးစဉ်းစား သုံးသပ်နေစဉ်အတောအတွင်း နိုင်ငံအတွင်း အကြမ်းဖက်ခြိမ်း ခြောက်မှုများ မြင့်တက်လာလျက်ရှိသည်။ စင်ကာပူနိုင်ငံသည်   ကမ္ဘာ့နိုင်ငံအများအပြား၌ ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့ကျလာ၍  နိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းများကို ပြန်လည်ဝင်ရောက်ခွင့်ပြုပြီးနောက် အကြမ်းဖက်ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း၍   စိုးရိမ်မကင်းမှုများ      မြင့်တက်လာခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံအတွက်  အဓိကစိုးရိမ်မကင်းဖြစ်စရာကိစ္စရပ်များတွင်  အွန်လိုင်းပေါ်၌ မိမိကိုယ်မိမိ အစွန်းရောက်အဖြစ် သတ်မှတ်ခံယူသူများနှင့် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့မှ အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့များပင် ဖြစ်ကြောင်း စင်ကာပူပြည်တွင်းလုံခြုံရေးဌာနမှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်ခဲ့သည့် နှစ်စဉ်ထုတ်ပြန်မြဲ အကြမ်းဖက်မှု အကဲဖြတ်စိစစ်ချက်တွင်    ဖော်ပြထားသည်။ အကြောင်းမှာ အဆိုပါ အကြမ်းဖက်အဖွဲ့နှင့် အစွန်းရောက်အကြမ်းဖက်သမားများသည် စင်ကာပူနိုင်ငံအတွင်း အကြမ်းဖက်မှုများ လုပ်ဆောင်လာစေရေးအတွက်   လှုံ့ဆော်နိုင်သောကြောင့်ပင် ဖြစ်သည်။

လတ်တလောတွင် စင်ကာပူနိုင်ငံအတွင်း   အကြမ်းဖက်တိုက်ခိုက်မှုများ  လုပ်ဆောင်ခြင်းမရှိဟု ထောက်လှမ်းရေး သတင်းများက ဖော်ပြထားသော်လည်း ၂၀၁၅ ခုနှစ်က နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်မှုက စင်ကာပူနိုင်ငံနှင့်  ပြည်သူများအား  အမှတ်ရစေခဲ့သည်ဟု ဆိုနိုင်သည်။    အဆိုပါ ဖြစ်စဉ်အတွင်း    စင်ကာပူအာဏာပိုင် အဖွဲ့က အစွန်းရောက်ဝါဒီ ၄၅ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။ ၎င်းတို့ထဲတွင် စင်ကာပူနိုင်ငံသား ၃၃ ဦးနှင့် နိုင်ငံခြားသား ၁၂ ဦးပါဝင်သည်။ 

စင်ကာပူအစိုးရက ၎င်းတို့အား ပြည်တွင်းလုံခြုံရေးဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အလားတူပင်  အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ပေးခဲ့သူ ၁၃ ဦးကိုလည်း စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

၎င်းင်းတို့ထဲတွင် စင်ကာပူနိုင်ငံသားသုံးဦးနှင့် နိုင်ငံခြားသား ၁၀ ဦးပါဝင်သည်။ အဆိုပါ ဖြစ်ရပ်များသည် အွန်လိုင်းအကြမ်းဖက်မှု ဝါဒဖြန့်ချိရေးနှင့်  အစွန်းရောက်များ၏ ခြိမ်းခြောက်မှုများကို   ထင်ရှားလာစေခဲ့သည်။   အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့အစည်းများမှ  ထွက်ပေါ်လာသည့်  ခြိမ်းခြောက်မှုများနှင့် ၎င်းတို့၏အကြမ်းဖက်မှု

ဆိုင်ရာသဘောထားများသည် ဆက်လက်တည်ရှိနေပြီး ၎င်းတို့အား ထောက်ခံနေသူများကလည်း ဝါဒဖြန့်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း   ပြည်တွင်းလုံခြုံရေးဌာနမှ ထုတ်ပြန်သည့်  အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံသူများက စင်ကာပူနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်ရေးအတွက်လည်း   ရန်ပုံငွေ ရှာဖွေပေးလျက်ရှိသည်။    ထို့ကြောင့် အွန်လိုင်းပေါ်ရှိ  အစွန်းရောက် သဘောတရားရေးရာ   အယူအဆများသည် စင်ကာပူနိုင်ငံအတွင်း အစွန်းရောက်ခြိမ်းခြောက်မှုကို  ပိုမိုမြင့်တက် လာစေခဲ့သည်။ သို့သော် စင်ကာပူအာဏာပိုင် အဖွဲ့အနေဖြင့် နိုင်ငံအတွင်း အစွန်းရောက်ဝါဒခြိမ်းခြောက်မှုကို သည်းခံနိုင်မည့်အလားအလာမရှိပေ။

နိုင်ငံတကာကိုကြည့်မည်ဆိုပါက  IS စစ်သွေးကြွအဖွဲ့သည် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး ယင်းအဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့၌ အခိုင်အမာ ခြေကုပ်စခန်းများကို  ပြီးခဲ့သည့်လေးနှစ်အတွင်းက  လက်လွှတ် ဆုံးရှုံးခဲ့ရသော်လည်း  အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကို ရပ်ဆိုင်းခြင်း မရှိသေးပေ။ ထို့ပြင်   မကြာသေးမီက အီဂျစ်၊ ဆီးရီးယားနှင့် အစ္စရေးနိုင်ငံတို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း   ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါ အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့သည် အမေရိကန်တပ်များ၏ စီးနင်းတိုက်ခိုက်မှုကြောင့်   အဖွဲ့ခေါင်းဆောင် အဘူအီဘရာဟင်အယ်လ်ဟာရှီမီအယ်လ် ကူရေရှီကို ဆုံးရှုံးခဲ့ပြီး တစ်လအကြာတွင် ခေါင်းဆောင်သစ်တစ်ဦးအား ရွေးချယ်တင်မြှောက်ခဲ့သည်။ ထိုသို့  ခေါင်းဆောင်သစ်တစ်ဦး ထပ်မံရွေးချယ်တင်မြှောက်ခဲ့သည့် စစ်သွေးကြွအဖွဲ့၏ လုပ်ဆောင်ချက်သည် တစ်နည်းအားဖြင့်   ၎င်းတို့၏ဒူပေနာပေ ခံနိုင်မှုကို ပြသနေခြင်းဖြစ်သည်။

အရှေ့တောင်အာရှဒေသမှ လူ ၁၀၀၀ ကျော်သည် ၂၀၁၀ ပြည့်နှစ်အတွင်းက စစ်ပွဲများ ဖြစ်ပွားနေသည့်  ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့သို့ သွားရောက်၍  အကြမ်းဖက် အဖွဲ့များနှင့် ပူးပေါင်းခဲ့ကြသည်။ ထို့ကြောင့်  ဆီးရီးယားနှင့်  အီရတ်နိုင်ငံတို့သို့သွားရောက်၍    အကြမ်းဖက်အဖွဲ့အစည်းများနှင့်    ပူးပေါင်းခဲ့သူများသည် အရှေ့တောင်အာရှဒေသအတွက်  လုံခြုံရေးအရ   ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တည်ရှိလာသည်။

စင်ကာပူ   ပြည်တွင်းလုံခြုံရေးဌာန၏ ထုတ်ပြန်ချက်သည် အစွန်းရောက်ဝါဒ ပေါ်ထွက်လာခြင်းနှင့် ဒေသတွင်း အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ဂျီးမားအစ္စလာမီးယား အဖွဲ့အနေဖြင့် တခြားအကြမ်းဖက်ကွန်ရက်    အဖွဲ့ကြီးတစ်ခုဖြစ်သည့် အယ်လ်ကိုင်ဒါအဖွဲ့နှင့်    ဆက်ဆံရေးပြန်လည်ထူထောင်လာနိုင်ကြောင်းကို ပေါ်လွင်ထင်ရှား စေခဲ့သည်ဟု ဆိုနိုင်သည်။ အချုပ်အားဖြင့် ဆိုရပါမူ စင်ကာပူအစိုးရအနေဖြင့် အကြမ်းဖက်မှုတန်ပြန်ရေး စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းအားဖြင့်    နိုင်ငံလုံခြုံမှုရှိစေရန်နှင့် ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။     ။

Ref: Indianexpress,ST