၂၀၂၂ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ၊ ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသား၊အမျိုးသမီး) အသင်းက တံခွန်စိုက်ဒိုင်းဆုများ ဆွတ်ခူး

၂၀၂၂ ခုနှစ် ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ၊ ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသား၊အမျိုးသမီး) အသင်းက တံခွန်စိုက်ဒိုင်းဆုများ ဆွတ်ခူး

နေပြည်တော်  ဇူလိုင်  ၁၈

မြန်မာ့အားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘော်လီဘော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝန်ကြီးဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍  ၂၀၂၂ ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊  ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် ဘော်လီဘော အားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစား ဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

(အမျိုးသမီး)ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့    ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး ဝန်ကြီးဌာန အသင်းက ၃ ပွဲ ၂ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့်   ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းက ၃ ပွဲ ၂ ပွဲဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲတွင်    အကောင်းဆုံး စပေးဘောဆုကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၀)   မကလျာဝင်းက လည်းကောင်း၊ အကောင်းဆုံး ပင့်ထောင်ဆုကို ပြည်ထဲရေး ဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၉) မနန္ဒာဝင်းပြည့်ကလည်းကောင်း၊ အကောင်းဆုံး ရိုက်ခုတ်ဆုကို ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၂)မဆုမွန်သဲက လည်းကောင်း၊ အကောင်းဆုံး ပိတ်ဆို့ဆုကို ပြည်ထဲရေး ဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇) မသူဇာအောင်က လည်းကောင်း၊ အကောင်းဆုံး ခုခံဆယ်မဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၅) မညိုလှိုင်မြင့်က လည်းကောင်း၊ အကောင်းဆုံး ဘော်လီဘော(အမျိုးသမီး) အားကစားသမားဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၇)မသက်ထားတို့ကို အကောင်းဆုံးဆုနှင့် ငွေသားဆု ကျပ်၁သိန်းစီအား လည်းကောင်း၊ (အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းအား  ငွေသားဆုကျပ် ၁၀ သိန်းကို  ကာကွယ်ရေးဝန်ကြီးဌာန   တပ်ထိန်းချုပ် ဗိုလ်ချုပ်သက်ထွန်းဦးက လည်းကောင်း၊ (အမျိုးသမီး)  ဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ် ၁၅ သိန်း ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းအား   တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ကျပ်သိန်း  ၂၀ ကို    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက  လည်းကောင်း၊  ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် အကောင်းဆုံး စပေးဘောဆုကို နယ်စပ်ရေးရာ ဝန်ကြီး ဌာနအသင်းမှ ကျောနံပါတ်(၇) မောင်ပြည့်စုံထွေးကလည်းကောင်း၊    အကောင်းဆုံး ပင့်ထောင်ဆုကို ပြည်ထဲရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၂) မောင်မင်းဟိန်းခန့်က လည်းကောင်း၊ အကောင်းဆုံး ရိုက်ခုတ်ဆုကို   ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၉)   မောင်လှိုင်ဝေကျော်က လည်းကောင်း၊   အကောင်းဆုံး ပိတ်ဆို့ဆုကို ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ ကျောနံပါတ်(၆)   မောင်ကျော်ဇေယျကလည်းကောင်း၊ အကောင်းဆုံး ခုခံဆယ်မဆုကို ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ် (၁၂) မောင်ခိုင်မင်းက လည်းကောင်း၊ အကောင်းဆုံး ဘော်လီဘော(အမျိုးသား)အားကစားသမားဆုကို ပြည်ထဲရေးဝန်ကြီး ဌာနအသင်းမှ ကျောနံပါတ်(၇)မောင်တိုးမင်းမောင်တို့ကို အကောင်းဆုံးဆုနှင့် ငွေသားဆုကျပ် ၁ သိန်းစီအား လည်းကောင်း၊ (အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအသင်းအား  ငွေသားကျပ် ၁၀ သိန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက လည်းကောင်း၊ ဆက်လက်၍   (အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင်    တတိယဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာန  အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်  ငွေသားဆုကျပ်၁၅ သိန်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ်ဖြိုးသန့်က လည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေး ဝန်ကြီးဌာန အသင်းအား    တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း ၂၀ ကို  ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က လည်းကောင်း၊(အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေး ဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆု တံဆိပ်၊ ငွေသားဆုကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ (အမျိုးသား)ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာန အသင်းအား  တစ်ဦးချင်းဆုတံဆိပ်၊   ငွေသားဆုကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုတို့ကို   နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က လည်းကောင်း  ဆုများ    အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။