နိုင်ငံအနေဖြင့် နျူကလီးယားဗုံးကို ထုတ်လုပ်နိုင်စွမ်းရှိဟု အီရန်ပြော

နိုင်ငံအနေဖြင့် နျူကလီးယားဗုံးကို ထုတ်လုပ်နိုင်စွမ်းရှိဟု အီရန်ပြော

အီရန်နိုင်ငံအနေဖြင့် နည်းပညာအရ ကြည့်မည်ဆိုပါက နျူကလီးယားဗုံးကိုပင် ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း၊ သို့သော် ထိုသို့ထုတ်လုပ်ရေးအတွက် နိုင်ငံရေးအရဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ခြင်းမရှိသေးကြောင်း အီရန်ဥသျှောင်၏ ဝါရင့်အကြံပေး ကာမယ်ခါရာဇီကပြောသည်။

အီရန်နိုင်ငံသည် ရက်ပိုင်းအတွင်းမှာပင် ယူရေနီယံသန့်စင်မှုကို ၆၀ ရာခိုင်နှုန်းအထိ ရရှိအောင် စွမ်းဆောင်နိုင်ကြောင်းနှင့်  ၉၀ ရာခိုင်နှုန်းအထိ သန့်စင်မှုကို လွယ်လင့်တကူလုပ်ဆောင်နိုင်ကြောင်း ကာမယ်ခါရာဇီက ဇူလိုင် ၁၇ ရက်တွင်ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အီရန်အနေဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့် မရရှိစေရေးအတွက် နည်းလမ်းအကုန်သုံး လုပ်ဆောင်သွားမည်ဟု ကတိပြုပြီးနောက် အီရန်ဘက်မှ ယခုကဲ့သို့ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်မှုအထိ မည်သည့်အချိန်ကမျှ တိုးတက်လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း  နျူကလီးယားနှင့်ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လာသည်။

အထူးသဖြင့် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန်အစိုးရက ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်ပြီးနောက် အီရန်၏နျူကလီးယားနှင့် သက်ဆိုင်သော ဆောင်ရွက်မှုများကို မြှင့်တင် လုပ်ဆောင်လာခြင်းဖြစ်သည်။