ဘာစီလိုနာအသင်းက ငါးဦးမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဆီဗီလာအသင်း ခံစစ်ကစားသမား ခွန်ဒေးကို ခေါ်ယူရန်နီးစပ်နေ

ဘာစီလိုနာအသင်းက ငါးဦးမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဆီဗီလာအသင်း ခံစစ်ကစားသမား ခွန်ဒေးကို ခေါ်ယူရန်နီးစပ်နေ

ဘာစီလိုနာအသင်းက လက်ရှိတွင် အသင်းဘဏ္ဍာရေး အကျပ်အတည်းနှင့်  တွေ့ကြုံနေရသော်လည်း ငါးဦးမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ဆီဗီလာအသင်း  ခံစစ်ကစားသမား  ခွန်ဒေးကို ခေါ်ယူရန် နီးစပ်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီကတည်းက အသင်းဘဏ္ဍာရေး အကျပ်အတည်းနှင့် တွေ့ကြုံခဲ့ရပြီး  အသင်းအနေဖြင့်  ဒေဝါလီခံရမည့် အရေးနှင့်ပင် ရင်ဆိုင်ခဲ့ရသော်လည်း အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အသင်း အိမ်ကွင်း အမည်ကို ရောင်းချခဲ့သကဲ့သို့ အသင်းရုပ်သံ ထုတ်လွှင့်ခွင့် တစ်ဝက်ကို ရောင်းချခဲ့ပြီးနောက် အသင်းဝင်ငွေများ  ပြန်လည်ရရှိခဲ့သည့်အတွက်  လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင်   ကစားသမားသစ်ခေါ်ယူ အင်အားဖြည့်တင်းမှုများ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည်  လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအတွင်း အေစီမီလန်အသင်း ကွင်းလယ် ကစားသမား ကက်ဆီ၊ ချယ်လ်ဆီးအသင်း ခံစစ်ကစားသမား ခရစ္စတန်ဆန်၊ လိဒ်ယူနိုက်တက် အသင်း  တောင်ပံကစားသမား  ရာဖင်ဟာနှင့် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးတို့ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ခန့်အထိ အသုံးပြုကာ ခေါ်ယူခဲ့ပြီးနောက် လက်ရှိတွင် ငါးဦးမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ခွန်ဒေးကိုလည်း ခေါ်ယူရန် နီးစပ်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းက  အသင်း ခံစစ်ပိုင်းအတွက် ပီကေးကို အသုံးမပြုလိုတော့သောကြောင့် ၎င်း၏ နေရာ၌   ခွန်ဒေးနှင့် အစားထိုး လိုနေခြင်းဖြစ်သည်။

ခွန်ဒေးကို အစောပိုင်းက ချယ်လ်ဆီးအသင်းက ကမ်းလှမ်းခဲ့သော်လည်း  ခွန်ဒေးကိုယ်တိုင်က ချယ်လ်ဆီး အသင်းထက် ဘာစီလိုနာ အသင်းသို့သာ ပြောင်းရွှေ့ ကစားလိုနေသည့်အတွက်  ကစားသမားနှင့်ပင် သဘောတူညီမှု ရရှိထားပြီး    ဆီဗီလာအသင်းနှင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။