(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရ စကားသံများ

(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရ စကားသံများ

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် နေ့မနား ညမအား ကြိုးစားဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးတို့၏ နိုင်ငံနှင့်လူမျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို ပြည်သူတစ်ရပ်လုံး၏ ရင်ထဲတွင် အမြဲအမှတ်တရ ရှိနေစေရန်နှင့် အားကျအတုယူနိုင်စေရန် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၏ အမှတ်တရ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဦးရဲမြင့်အောင် (သခင်မြ၏မိသားစုဝင်)

  အာဇာနည်နေ့က မိသားစုတွေရဲ့ လွမ်းဆွတ်ရတဲ့   နေ့လေးတစ်နေ့ဖြစ်ပါတယ်။

အရင်နှစ် အာဇာနည်နေ့တွေလိုပဲ ဒီနှစ်မှာလည်း မိုးတွေကအုံ့ပြီး ရွာတော့ မိသားစုအတွက် လွမ်းဆွတ်စရာလေးဖြစ်မိပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေ တိုင်းပြည်လွတ်လပ်ရေး ရအောင် ကိုယ်ကျိုးစွန့် လုပ်ဆောင်ပေးခဲ့တာကို    လူငယ်တွေအနေနဲ့  အမြဲအမှတ်ရနေစေချင်ပါတယ်။

ဦးသန့်ဇင်ချို(ဒီးဒုတ်ဦးဘချို၏မိသားစုဝင်)

  ဒီနေ့ကတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေက    တိုင်းပြည်လွတ်လပ်ရေး ရဖို့အတွက်    စွမ်းစွမ်းတမံဆောင်ရွက်ရင်း ကျဆုံးခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ    အာဇာနည်ခေါင်းဆောင်ကြီးတွေက တိုင်းပြည်လွတ်လပ်ရေးရအောင်  ကြိုးစားဆောင်ရွက်ကြရင်း မမျှော်လင့်ဘဲ ကျဆုံးခဲ့ကြတဲ့အတွက် ယူကျုံးမရဖြစ်မိပါတယ်။ ကျွန်တော် ဒီနေ့မှာ မိဘတွေထားခဲ့တဲ့ တာဝန်ကို ထမ်းရွက်ရင်း ကျွန်တော်ကိုယ်တိုင်လည်း အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့    အာဇာနည်အားလုံး အတွက် ဂုဏ်ယူရင်း လာရောက်ဂုဏ်ပြုတာ ဖြစ်ပါတယ်။ ယနေ့ခေတ် လူငယ်တွေအနေနဲ့ စိတ်ဓာတ်တွေကောင်းကြပြီး ကြိုးစားချင်စိတ် ရှိတာကိုလည်း တွေ့ရပါတယ်။ လူငယ်တွေအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အပေါ် အောက်မေ့သတိရပြီး ထူးချွန်ထက်မြက်အောင်  ကြိုးစားကြစေချင်ပါတယ်။

ဒေါ်နန်းစိုးစိုးခိုင်(မန်းဘခိုင်၏မိသားစုဝင်)

  အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။အဖိုးတွေ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးကို လက်ဆင့်ကမ်းထိန်းသိမ်းကြဖို့ လိုပါတယ်။

မျိုးဆက်သစ်လူငယ်တွေက ချစ်ချစ်ခင်ခင် နေကြဖို့လိုပါတယ်။ အဖိုးတွေ ရယူပေးခဲ့တဲ့ လွတ်လပ်ရေးအတွက် အမြဲကျေးဇူးတင်နေရမှာပါ။ ဆက်လက်ပြီးတော့ ထိန်းသိမ်းကြဖို့ ပြောချင်ပါတယ်။

ဦးလှကြည် (ဦးရာဇတ်၏မိသားစုဝင်)

  ကျွန်တော်တို့က  နှစ်စဉ်  အာဇာနည်နေ့တိုင်း  လာရောက်ပြီး  ဂါရဝပြုပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေက တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး ဘယ်လိုလုပ်ခဲ့တယ်၊ ခေါင်းဆောင်ကြီးတွေရဲ့ တစ်ဦးချင်းစီမှာ ဘယ်လိုအရည်အချင်းတွေရှိတယ်၊ သူတို့က တိုင်းပြည်အတွက် ဘယ်လိုလုပ်ဆောင်ခဲ့ကြတယ် ဆိုတာကို လူငယ်တွေအနေနဲ့ သိသင့်တယ်။ အဲဒါတွေကို အခြေခံပညာကျောင်းမှာ သင်ကြားပြသပေးတဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင်လည်း ကျောင်းသား၊ ကျောင်းသူတွေကို ပြောပြနိုင်ဖို့အတွက်  သိဖို့လိုပါတယ်။  ဒါမှသာ ဆရာ၊ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူတွေကို လက်ဆင့်ကမ်း သင်ကြားပြသပေးနိုင်မှာပါ။

ဦးအောင်ကိုကို  (ရဲဘော်ကိုထွေး၏မိသားစုဝင်)

  ဒီနေ့ အာဇာနည်နေ့က (၇၅)နှစ်ပြည့်ခဲ့ပြီ။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ထိပါးမှုကို ပြန်ပြီးတော့ ကာကွယ်တွန်းလှန် နိုင်ဖို့ဆိုရင် နိုင်ငံသားအားလုံးက တိုင်းချစ်ပြည်ချစ်စိတ် ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို တိုင်းချစ်ပြည်ချစ်စိတ်ရှိမှသာ လိုအပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဆိုတာ ရမယ်။ တိုင်းချစ်ပြည်ချစ်စိတ်ကို အခြေခံပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ရမယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာရင် ကိုယ်ကျရာနေရာကနေ တတ်နိုင်တဲ့စွမ်းအားနဲ့  ခုခံတွန်းလှန်သွားကြဖို့  ပြောချင်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေကို မှာချင်တာက အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးထဲမှာ  ဗိုလ်ချုပ်အောင်ဆန်းက လူငယ်ပေမယ့်  တစ်နိုင်ငံလုံးမှာရှိတဲ့  သူ့ထက် အသက်ကြီးတဲ့သူတွေ၊ ဝါရင့်တဲ့သူတွေကို ဦးဆောင်သွားခဲ့တာ ဗိုလ်ချုပ်အနေနဲ့ ငယ်စဉ်ကတည်းက ကြိုးစားအားထုတ်မှုကြောင့်  ဦးဆောင်နိုင်တာပဲဖြစ်ပါတယ်။

အလားတူပဲ ရဲဘော်ကိုထွေးကလည်း အသက်ငယ်ပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်ဖြစ်တဲ့  သစ္စာရှိတယ်၊  အနစ်နာခံတယ်၊ ကိုယ်ကျိုးစွန့်တယ်၊ တာဝန်ကျေပွန်အောင် ထမ်းဆောင်တယ်။ အဲဒီအချက်တွေကြောင့် အာဇာနည်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါကြောင့်  လူငယ်တွေအနေနဲ့ အမြင်မှန်မှန် အတွေးမှန်မှန်နဲ့ နိုင်ငံတိုးတက်အောင်  လုပ်ဆောင်ကြဖို့  ပြောကြားလိုပါတယ်။

ဒေါက်တာမင်းမြင့် (အတွင်းဝန် ဦးအုန်းမောင်၏မိသားစုဝင်)

  ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ အာဇာနည်ကြီးတွေက လွတ်လပ်ရေးကို သက်စွန့်ရယူပေးခဲ့တယ်။ အာဇာနည်ဆိုတဲ့ အဓိပ္ပာယ်ကတော့ အရမ်းကျယ်ပြန့်တယ်၊ သိမ်မွေ့တယ်၊ နက်နဲတယ်။ နိုင်ငံတကာမှာလည်း အာဇာနည်ဆိုတာရှိပါတယ်။    သို့သော်လည်း  ဆရာပြောချင်တာက  ဗိုလ်ချုပ်အောင်ဆန်းက    အာဇာနည်ကိုးဦးထဲမှာထူးချွန်ပြောင်မြောက်တဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပြင် အာဇာနည်ခေါင်းဆောင်ကြီး ရှစ်ဦးကလည်း ထူးချွန် ပြောင်မြောက်ကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူး။

အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံရောက်အောင် ပြီးဆုံးအောင် ဆောင်ရွက် သွားသင့်ပါတယ်။

ဒါမှသာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အားလုံးတိုးတက်မှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အတုယူသင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကလက်ရုံးရည်၊ နှလုံးရည် ပြည့်စုံရုံတင်မကဘူး၊ တည်ကြည်တယ်၊ ဖြောင့်မတ်တယ်၊ စိတ်ဓာတ်မြင့်မြတ်တယ်။ ဒီလိုစံနမူနာကောင်းတွေကို လူငယ်တွေအနေနဲ့ အတုယူကြိုးစားလိုက်နာ ဆောင်ရွက်ကြပါလို့ ပြောချင်တယ်။

သတင်းအဖွဲ့(ရန်ကုန်)