ရှက်တာဒိုးနက်စ် အသင်းက ကစားသမားများကို စာချုပ်ဖျက်သိမ်းခွင့် ပေးမှုအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဆိုမှုများ ပြုလုပ်

ယူကရိန်းထိပ်သီးကလပ်အသင်းဖြစ်သည့် ရှက်တာ ဒိုးနက်စ်အသင်းက  ကစားသမားများကို  တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းခွင့် ပေးခဲ့ပြီး အသင်းဘဏ္ဍာငွေ  လျော့နည်းခဲ့ရသည့်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ကို နိုင်ငံတကာအဆင့်မြင့်အားကစားခုံရုံး (CAS)  ထံတိုင်ကြား၍  တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလမှစတင်ကာ ယူကရိန်းနိုင်ငံအတွင်း လိဂ်ပွဲစဉ်များကိုရပ်ဆိုင်းခဲ့ရပြီး ယူကရိန်းဒေသတွင်းကလပ် အသင်းများမှ နိုင်ငံခြားသားကစားသမားများကလည်း သက်ဆိုင်ရာကလပ်အသင်းများ၌ မကစားလိုတော့ သည့်အတွက်  စာချုပ်ဖျက်သိမ်းခွင့်ပေးရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ထံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က  ယူကရိန်းဒေသတွင်းရှိ ကလပ်အသင်းများမှ ကစားသမားများအတွက် သီးသန့် အပြောင်းအရွှေ့ကာလတစ်ခု သတ်မှတ်ပေးခဲ့သည့်အပြင်  ယူကရိန်းဒေသတွင်း ကလပ်အသင်းများမှ နိုင်ငံခြားသား ကစားသမားများအနေဖြင့် သက်ဆိုင်ရာ ကလပ်အသင်းများ၌ ဆက်လက်ကစားလိုခြင်း မရှိပါက   စာချုပ်ရပ်စဲခွင့်ရှိကြောင်း စည်းမျဉ်းသတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စည်းမျဉ်းသစ်ကြောင့် ယူကရိန်းဒေသတွင်း ကလပ်အသင်းများမှ    နိုင်ငံခြားသားကစားသမား များအနေဖြင့် စာချုပ်များကို တစ်ဖက်သတ် အသီးသီး ဖျက်သိမ်းခဲ့ ကြသကဲ့သို့ ရှက်တာဒိုးနက်စ်အသင်းမှ အဓိက ကစားသမားများလည်း အသင်းနှင့် တစ်ဖက်သတ်စာချုပ် ဖျက်သိမ်းခဲ့ကြသည်။

ရှက်တာဒိုးနက်စ်အသင်းသည် အသင်းမှ အဓိကနိုင်ငံခြားသား ကစားသမား ၁၄ ဦးခန့်အထိ စာချုပ်ဖျက်သိမ်း ခံခဲ့ရသည့်အတွက် ကစားသမားများကို မရောင်းချရဘဲ လက်လွှတ်ခဲ့ရသဖြင့် အသင်းဝင်ငွေ ယူရို သန်း ၅၀ ခန့် ဆုံးရှုံးခဲ့ရသောကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို CAS ထံ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။           

  Ref;Goal.com