ဥရောပအနေနဲ့ ရုရှားဆီကနေ သဘာဝဓာတ်ငွေ့လုံးဝမရတော့ဘူးဆိုရင်ဖြင့် အားနည်းတဲ့နိုင်ငံတွေ အထူးသဖြင့် သူ့အပေါ်မှီခိုလုံးလုံးလျားလျားမှီခိုနေရတဲ့ နိုင်ငံတွေရဲ့ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)ဟာ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။
ဒါ့အပြင် အဲဒီလိုကျဆင်းမှုရဲ့ အကျိုးဆက်အဖြစ် ဥရောပရှိအားနည်းတဲ့ နိုင်ငံတွေဟာ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဇူလိုင် ၁၉ ရက်မှာ ရေးသားထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လက်ရှိ ရုရှားကနေ ဥရောပဆီကို သဘာဝဓာတ်ငွေ့ပေးပို့နေတဲ့ Nord Stream 1 ပိုက်လိုင်း နှစ်စဉ်ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းဟာ ဇူလိုင် ၂၁ ရက်မှာ ပြီးဆုံးမှာပါ။
ဒါပေမဲ့ အဲဒီပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့တွေမပေးပို့နိုင်လောက်တော့ဘူးဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်လာပြီး နောက်မှာ IMF ရဲ့သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကလည်း ဥရောပဘတ်ဂျက်ကော်မရှင်နာဖြစ်တဲ့ ဂျိုဟန်နက်ဟန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး The Wall Street Journal က ထုတ်ပြန်ထားတာ ရှိပါသေးတယ်။
အဲဒါကတော့ ရုရှားအနေနဲ့ Nord Stream 1 ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့ပေးပို့မှုကို ပြန်လည် စတင်နိုင်ခြေ မရှိတော့ဘူးလို့ ဥရောပကော်မရှင်က မျှော်လင့်ထားတယ်ဆိုတဲ့ အကြောင်းပါပဲ။
ဒါကြောင့် တကယ်လို့များ ရုရှားအနေနဲ့ Nord Stream 1 ပိုက်လိုင်းကနေ သဘာဝဓာတ်ငွေ့ပေးပို့မှုကို လုံးလုံးလျားလျား ရပ်တန့်လိုက်မယ်ဆိုပါက ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ အားလုံးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဥရောပကော်မရှင်ပြောရေး ဆိုခွင့်ရှိသူက ပြောထားပါတယ်။
Reuters သတင်းဌာနရဲ့ သတင်းအရင်းအမြစ်တွေကတော့ ရုရှားအနေနဲ့ အဲဒီပိုက်လိုင်းကနေ သဘာဝ ဓာတ်ငွေ့ပေးပို့မှုကို စီစဉ်ထားတဲ့အတိုင်း ပြန်လည်စတင်မှာ ဖြစ်ပေမယ့် ပို့လွှတ်နိုင်တဲ့ စွမ်းအားပြည့်ပမာဏ ထက်တော့ များစွာလျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း IMF ကတော့ ဥရောပအနေနဲ့ အကယ်၍များသဘာဝဓာတ်ငွေ့ ပြတ်တောက်သွားခဲ့ရင်ဆိုတဲ့ အခြေအနေအတွက် ပြည့်စုံကျယ်ပြန့်တဲ့ အစီအစဉ်မရှိကြောင်း၊ အဲဒီအတွက်ကြောင့် လောင်စာဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီး သူကနေမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။
အထူးသဖြင့် ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံတို့ဟာ ဥရောပမှာ သဘာဝ ဓာတ်ငွေ့ပြတ်တောက်မှု ဖြစ်သွားပြီဆိုရင် အဆိုးဆုံးသော အခြေအနေနဲ့ ရင်ဆိုင်ရမယ့် နိုင်ငံတွေ ဖြစ်တယ်လို့လည်း IMF ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။
ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသရှိ နိုင်ငံတွေဆိုရင် ပုံမှန်သုံးစွဲနေတဲ့ သဘာဝပမာဏရဲ့ ၄၀ ရာခိုင်နှုန်းအထိလျော့နည်းသုံးစွဲရမှာဖြစ်ပြီး GDP ကလည်း ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။
ဒါကြောင့် အဲဒီလိုအဆိုးဆုံးသော အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံတွေအနေနဲ့ တခြားသောနည်းနဲ့ လောင်စာတွေရရှိအောင် ဆောင်ရွက်တာမျိုး၊ တခြားသောလောင်စာအရင်းအမြစ်တွေကို ကြိုတင်ရှာဖွေထားတာ
မျိုး၊ စွမ်းအင်ချွေတာတာမျိုးအပြင် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘာဝဓာတ်ငွေ့မျှဝေရေး သဘော တူညီချက်တွေကို သက်တမ်းတိုးထားတာမျိုးတွေအထိ လုပ်ဆောင်ကြဖို့ IMF ကတိုက်တွန်းထားပါတယ်။
ဥရောပမှာရှိတဲ့ စွမ်းအင်အခြေခံ အဆောက်အအုံနဲ့ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှု အခြေအနေတို့ဟာ ရုရှားဆီကနေ သဘာ၀ ဓာတ်ငွေ့ပမာဏ ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းခြင်းရဲ့ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။
ဒီအတွက်ကြောင့် လောင်စာရရှိနိုင်တဲ့ တခြားသော အရင်းအမြစ်တွေကို ကြိုတင်ရှာဖွေချိတ်ဆက်ထားခြင်း အားဖြင့် ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု ၇၀ ရာခိုင်နှုန်းလျော့နည်း ကျဆင်းသွားနိုင်တဲ့ အခြေအနေအထိ ကြိုတင်မျှော်မှန်း ပြင်ဆင်ထားသင့်တယ်လို့ IMF ကဆိုပါတယ်။
ဒါ့အပြင် ဥရောပအနေနဲ့ရုရှားဆီကနေ သဘာဝဓာတ်ငွေ့လုံးလုံးလျားလျား မရရှိတော့ဘူးဆိုရင် ဒေသတစ်ခုလုံးဟာ လာမယ့်နှစ်အတွင်း စီးပွားရေးကျဆင်းမှု ၃ ရာခိုင်နှုန်းအထိ ခံစားရနိုင်ဖွယ်ရှိတယ်လို့လည်း IMF ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဆွီဒင်၊ ဒိန်းမတ်နဲ့ ဂရိတို့လိုမျိုးနိုင်ငံတွေကတော့ မဆိုစလောက်သောစီးပွားရေးကျဆင်းမှုမှသည် ကျဆင်းမှု လုံးဝမရှိတဲ့ အခြေအနေအထိ ရင်ဆိုင်ရနိုင်ပေမယ့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် သဘာဝ ဓာတ်ငွေ့အပေါ် လုံးလုံးလျားလျား မှီခိုနေရတဲ့ အီတလီလိုနိုင်ငံမျိုးကျတော့ စီးပွားရေးကျဆင်းမှု ၅ ရာခိုင်နှုန်းကျော်တဲ့အထိ ခံစားရနိုင်ပါတယ်။
သြစတြီးယားနဲ့ဂျာမနီတို့ကတော့ သူတို့အနေနဲ့ တခြားသောအရင်းအမြစ်တွေကနေ စွမ်းအင်ရရှိနိုင်မှုနဲ့ အိမ်ထောင်စုတွေအနေနဲ့ ဓာတ်ငွေ့သုံးစွဲမှုကိုလျှော့ချနိုင်မှုတို့အပေါ် မူတည်ပြီး သူတို့ရဲ့ စီးပွားရေးတိုးတက်မှု အပေါ် ရိုက်ခတ်မှုရှိမှာဖြစ်ပါတယ်။
ရုရှားနိုင်ငံက ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ယူကရိန်းနိုင်ငံအပေါ် အထူးစစ်ဆင်ရေးဆင်နွှဲချိန်မှစလို့ ဥရောပ သမဂ္ဂက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်တဲ့အနေနဲ့ အရေးယူပိတ်ဆို့မှု ခြောက်ကြိမ် ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ကိုယ့်ရှူးကိုယ်ပတ်တယ်လို့ဆိုမလားပဲ။ ဒေသတစ်ခုလုံးလိုအပ်တဲ့ သဘာဝဓာတ်ငွေ့ပမာဏ စုစုပေါင်းအနက် ၄၀ ရာခိုင်နှုန်းကို ရုရှားဆီကနေယူနေရတဲ့ ဥရောပသမဂ္ဂဟာ သူ့ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေအတွက် အလားတူပမာဏမျိုးရရှိနိုင်မယ့် တခြားလမ်းကြောင်းတွေကို အသဲအသန် ရှာဖွေလာရပါတယ်။
ဒီနေ့အချိန်အထိတော့ ရုရှားကပေးနေတဲ့ ပမာဏနဲ့အညီ ဥရောပဒေသကိုတင်ပို့ပေးနိုင်မယ့် တခြားလမ်းကြောင်းတွေ ကိုတော့ မရှာတွေ့သေးပါဘူး။
တကယ်တော့ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်တာ ဥရောပသမဂ္ဂပါ။ သူ့ရဲ့သဘာဝ ဓာတ်ငွေ့ထောက်ပံ့ရေးလမ်းကြောင်းကို ပိတ်ပစ်လိုက်သူဟာလည်း ဥရောပသမဂ္ဂပါပဲ။
ဒါပေမဲ့ အခုအချိန်မှာ သူ့ဒေသအတွင်း စွမ်းအင်ပြတ်လပ်မှုအတွက် ဥရောပသမဂ္ဂဟာ ရုရှားအစိုးရနဲ့ ဂတ်ဇပရွမ်စွမ်းအင်ကုမ္ပဏီကိုပဲ သွားပြီးစောင်းမြောင်း အပြစ်တင်နေပြန်ပါတယ်။
ရုရှားအနေနဲ့ကတော့ ဥရောပသမဂ္ဂက လိုအပ်တဲ့ သဘာဝဓာတ်ငွေ့ပမာဏကို အလုံအလောက်ပေးပို့ဖို့ အသင့်ပါပဲ။ သို့သော်လည်း ဥရောပသမဂ္ဂအနေနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့တော့လိုတာပေါ့။
ဒါကြောင့်ပြောရမယ်ဆိုရင် ဥရောပသမဂ္ဂသည် အမေရိကန်အလိုကျ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီး အကျိုးဆက်အနေနဲ့ ရရှိလာတဲ့ သဘာဝဓာတ်ငွေ့လုံးလုံးလျားလျား ပြတ်တောက်မှုနဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် သူတို့ကိုယ်တိုင်မမျှော်မှန်းထားတဲ့ ဒုက္ခတွေကိုသာ ရင်ဆိုင်ခံစားသွားရဖို့ ရှိနေပါတယ်။
Ref: RT