ဆီးချိုရောဂါရှိသူများအတွက် စားသောက်မှုပုံစံ

ဆီးချိုရောဂါရှိသူများအတွက် စားသောက်မှုပုံစံ

ဆီးချိုရှိသူများအနေဖြင့် အစာမစားခြင်း၊ အလွန်အကျွံကိုယ်အလေးချိန်ချခြင်း၊ အလွန်အကျွံစားသုံးခြင်း မပြုလုပ်ပါနှင့်။ တစ်နေကုန် အားအင်ပြည့်၀ မျှတအောင် သင့်တင့်သောအစားအစာ၊ သင့်တင့်သော ပမာဏကိုအချိန်မှန်စားပါ။ ထမင်းစားများလျှင် ဆီးချို တက်နိုင်သလို အစာကိုအချိန်မှန်၊ ပုံမှန်မစားခြင်းကလည်း ဆီးချိုရောဂါကို ပိုဆိုးစေသော အကြောင်းရင်းဖြစ်သည်။  အစာစားချိန် လွန်သွားသည့်အခါ ဗိုက်ဆာဆာဖြင့် အလွန်အကျွံစားသောက်မိတတ်သည်။ အစာပုံမှန်မစားခြင်းကြောင့် ဆေးညှိရ ခက်ခဲပြီး ဆီးချို သွေးချိုပမာဏ အတက်အကျများစေသည်။ ထိုအခါ စွမ်းအင်မပြည့်ဝသည့်အတွက် နုန်းချည့်လာပြီး  အားယုတ်ခြင်းကို ခံစားရတတ်သည်။

ဆီးချိုသွေးချိုဝေဒနာရှင်များတွင် တွေ့ရလေ့ရှိသော ဝမ်းဗိုက်ဝေဒနာများမှာ ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း၊ အစာမကြေခြင်း၊ လေပွခြင်း၊ ဗိုက်ဖောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်ကြသည်။ ထိုပြဿနာများကို ရှောင်ရှား နိုင်ရန်အတွက် အောက်ဖော်ပြပါ အစာအုပ်စု ခြောက်မျိုးကို စားသုံးမှုရှောင်ကြဉ်ပါ။

  • ကာဗိုဟိုက်ဒရိတ် ပါဝင်မှုများသော ထမင်းဖြူ၊ ဂျုံ၊ ပြောင်း။
  • အချိုများသော သစ်သီးများ။
  • အချိုရည်အမျိုးမျိုး။
  • ဆီကြော်စာများ၊ နှစ်ပြန်ကြော်များ။
  • တိရစ္ဆာန်အဆီများ၊ အဆီအနှစ်များသော အစားအစာများ။
  • အချို၊ အငန်၊ အဆီများသော အသင့်စား အစားအစာများ။

စားသောက်မှုပုံစံ

ထမင်းကို လေး၊ ငါးဇွန်းခန့်သာစားပါ။ ဆန်လုံးညို သို့မဟုတ် ဆန်ကြမ်းစားနိုင်လျှင် ပိုကောင်းသည်။ အရွက်များများစားပါ။ မနက်စာကို အမျှင်ဓာတ်ကြွယ်ဝသော အစားအစာစားပါ။ အသားဓာတ် ပြည့်ဝအောင်စားပါ (ဥပမာ အသားငါးကျပ်သားခန့်)။ ကြက်ဥစားလျှင် အနှစ်ဖယ်၍ အကာစားပါ။ အဆီ လျှော့စားပါ။ ဟင်းအနှစ် လျှော့စားပါ။

  • ထမင်းစားသည့်အခါ ထမင်းစားပန်းကန်ကို လေးပုံပုံပါ။
  • တစ်ပုံတွင် ကစီဓာတ်ပါသော အစားအစာများ (ဥပမာ ထမင်း၊ ပေါင်မုန့်)။
  • နောက်တစ်ပုံတွင် အသားဓာတ်ပါသော အစားအစာများ (ဥပမာ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး)။
  • ကျန်နှစ်ပုံတွင် ဟင်းသီးဟင်းရွက်များထည့်၍ စားသောက်ပါ။

ထမင်းစားသည့်အခါတိုင်း ဤပမာဏအတိုင်းသာ စားပါ။ ရေဆာလျှင် သို့မဟုတ် အာခြောက်လျှင် ရေသောက်ပါ။ ရေများများ သောက်ခြင်းခြင့် ခန္ဓာကိုယ်တွင်း များပြားစွာခိုအောင်းနေသော အချိုဓာတ်တွေကို ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးနိုင်ပါမည်။ တစ်နေ့ လျှင် ရေ ၂ လီတာခန့် သောက်ပါ။ အချိုရည် လုံးဝရှောင်ပါ။ 

သွေးတွင်းအချိုဓာတ်တက်နှုန်း (GI)

ဆီးချိုသွေးချိုရောဂါရှိသူများသည် သွေးတွင်းအချိုဓာတ်တက်နှုန်း(GI)ကို သိထားသင့်ပေသည်။ အစားအစာတစ်ခုခုကို စားလိုက် သောအခါ သွေးထဲတွင် သကြားဓာတ်မြင့်တက်နှုန်းကို  GI ဟုခေါ်သည်။ ပမာဏအားဖြင့် သုည မှ ၁၀၀ ကြားတွင်ရှိသည်။

  • GI ၅၅ နှင့်အောက်ရှိသော အစားအစာများကို သွေးတွင်းအချိုဓာတ် တက်နှုန်းနည်းသော အစားအစာဟုခေါ်သည်။ ၎င်းတို့ မှာ အုတ်ဂျုံ(ကွေကာအုပ်)၊ ဘာလီ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ မချိုသောသစ်သီးများ ဖြစ်ကြသည်။
  • GI ၅၅ မှ ၆၉ ကြားရှိသော အစားအစာများကို သွေးတွင်းအချိုဓာတ်တက်နှုန်း အသင့်အတင့်ရှိသော အစားအစာဟု ခေါ်သည်။ ၎င်းတို့မှာ ထမင်း၊ ပေါင်မုန့်၊ သစ်သီးဖျော်ရည်များ၊ အချိုဓာတ်ပါသော သစ်သီးများဖြစ်ကြသည်။
  • GI ၇၀ အထက်ရှိသော အစားအစာများကို သွေးတွင်းအချိုဓာတ်တက်နှုန်း များသော အစားအစာဟုခေါ်သည်။ ၎င်းတို့မှာ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ အာလူး၊ အချိုရည်များ၊ သကြားပါဝင်မှုများသော အစားအစာများ ဖြစ်ကြသည်။

ထို့ကြောင့် ဆီးချိုရောဂါရှိသူများသည် GI နှုန်းမြင့်သော အစားအစာများကို အထူးရှောင်ကြဉ်သင့်သည်။ စိတ်မထိန်းနိုင်၍ အနည်းငယ်မျှ စားကြည့်မည်ဆိုလျှင် GI နှုန်းနည်းသော အစားအစာတို့ကို တွဲဖက်စားသုံးကြပါရန် ကျွမ်းကျင်ပညာရှင်များက အကြံပြုထားသည်။

သင့်လျော်သော သစ်သီးများ

မာလကာသီးတွင် အချိုဓာတ်ပါဝင်မှု နည်းသည့်အပြင် အခြားကျန်းမာရေး အကျိုးကျေးဇူးများကြောင့် ဆီးချိုဝေဒနာသည်များ အတွက် သင့်လျော်သည်။ မာလကာသီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များဖြစ်ကြသည့် ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်၊ ကော့ပါး၊ အမျှင်ဓာတ် စသည်တို့ များပြားစွာပါဝင်သည်။ ရေဓာတ်ပြည့်ဝစွာ ပါဝင်သည်။ ကယ်လိုရီပါဝင်မှုနည်းသဖြင့် ကိုယ်အလေးချိန်ကျရန် အထောက်အကူပြုသည်။ သွေးတွင်းအချိုဓာတ်တက်နှုန်း (GI) နည်းသည့် အတွက် အချိုဓာတ်ကျစေသည်။ 

လိမ္မော်သီးတွင် သကြားဓာတ်၊ အမျှင်ဓာတ်နှင့် အသားဓာတ်တို့အပြင် ဗီတာမင်အေနှင့် ဗီတာမင်စီ ပြည့်ဝစွာ ပါဝင်နေသည်။ ဆီးချိုရောဂါရှိသူများအနေဖြင့် အချိုဓာတ်များလွန်းသော အဝါရောင်အသီး၊ ပျားလိမ္မော်တို့ထက် ချဉ်ဖြုံးဖြုံးအစိမ်းရောင် အသီးကို စားသင့်သည်။ လိမ္မော်သီးကို တစ်နေ့လျှင် တစ်လုံးခန့်နှုန်းဖြင့် အသင့်အတင့်ပမာဏစားသုံးနိုင်သည်။ သင့်လျော်သော ပမာဏ စားသုံးပါက ဆီးချိုထိန်းရာမှာ အထောက်အကူပြုသည်။

အရေးကြီးသော ဗီတာမင်များ

ဆီးချိုရောဂါသည်များအတွက် အောက်ဖော်ပြပါ ဗီတာမင်ဓာတ်ခြောက်မျိုးကို လိုအပ်သည်။

  • ဗီတာမင်ဘီဝမ်း (Vitamin B-1) လိုအပ်သည်။ ဆီးချိုရှိသူတွေမှာ ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်းကြောင့် အာရုံကြော အားနည်း ခြင်းကို ဖြစ်ပေါ်စေသည်။
  • ဗီတာမင်ဘီတွဲ (Vitamin B-12) လိုအပ်သည်။ အာရုံကြောအားနည်းခြင်းအတွက် ဗီတာမင်ဘီတွဲ လိုအပ်သလို Metformin ဆေးကို ကြာမြင့်စွာ သောက်သုံးရသူတွေမှာ ဗီတာမင်ဘီတွဲ  ချို့တဲ့နိုင်ပါသည်။ (Metformin သည် ဆီးချိုသွေးချိုကျ သောက်ဆေးဖြစ်သည်။ အမျိုးအစား-၂ ဆီးချိုရောဂါရှိသူများကို Metformin ဆေး ပေးလေ့ရှိပြီး အစားရှောင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် တွဲဖက်ကုသရသည်။ ၎င်းဆေးကို အစာစားပြီးနောက် သောက်ရသည်။ ဆေးကိုကြိတ် ခြေသောက်ခြင်းမပြုလုပ်ဘဲ ဆေးလုံးလိုက်သာ သောက်သင့်သည်။ ယင်းဆေးကြောင့် ကျောက်ကပ်ပျက်စီးခြင်း မဖြစ်စေ နိုင်ပေ။ သို့သော် ဆီးချိုသွေးချိုကြောင့် ကျောက်ကပ်ပျက်စီးသူများကို Metformin ဆေးမပေးသင့်ပေ။ ထို့ကြောင့် ဆေးမပေးခင် ကျောက်ကပ်အခြေအနေကို သေချာစစ်ဆေးသင့်သည်။ ဆေးထိုး၍ ကွန်ပျူတာ ဓာတ်မှန်ရိုက်မည့် သူများ တွင် Metformin ဆေးခေတ္တရပ်ထားရပါမည်)
  • မဂ္ဂနီစီယမ် (Magnesium) လိုအပ်သည်။ မဂ္ဂနီစီယမ်ချို့တဲ့ခြင်းက အင်ဆူလင်မတိုးခြင်းနှင့်ဆက်စပ်နေသည်။
  • ဗီတာမင်ဒီ (Vitamin D) လိုအပ်သည်။ ဆီးချိုရှိသူများတွင် ဗီတာမင်ဒီချို့တဲ့မှု အဖြစ်များပြီး ၎င်းဓာတ်ချို့တဲ့ခြင်းက ဆီးချို သွေးချိုကြောင့်ဖြစ်ပေါ်လာတတ်သော နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုဆိုးရွားစေသည်။
  • ဗီတာမင်အီး (Vitamin E) လိုအပ်သည်။ သွေးတွင်း အဆိပ်အတောက်ပြေစေသလို သွေးချိုဓာတ်ကိုလည်း ကောင်းစွာ ထိန်းညှိပေးသည်။
  • ဗီတာမင်စီ (Vitamin C) လိုအပ်သည်။ အင်ဆူလင်၏အာနိသင်ကို ပိုမိုထိရောက်စေကာ သွေးချိုဓာတ်ကို လျှော့ချပေး နိုင်သည့်အတွက် သုံးလပျမ်းမျှသွေးချိုဓာတ် (HbA1C)ကို ပုံမှန်ဖြစ်စေသည်။ (သွေးတွင်း သကြားဓာတ် ခေါ် သွေးချို ဓာတ်ကို တိုင်းတာသောအခါ အတက်အကျမြန်ဆန်ပြီးပြောင်းလဲမှုများရှိနိုင်သည်။ ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစား အစာများကို ၂၄ နာရီအတွင်း မစားထားလျှင် သွေးချိုဓာတ်က အလွန်ကျနေမည်ဖြစ်သည်။ ထို့ကြောင့် သွေးချိုထိန်းနိုင်ခြင်း ရှိ၊ မရှိ သိလိုသောအခါ သုံးလဆီးချိုညွှန်းကိန်း ခေါ်  HbA1C ကို တိုင်းတာရသည်။ သုံးလဆီးချိုညွှန်းကိန်း ဟုဆိုသည့် အတိုင်း သုံးလအတွင်းပြောင်းလဲ မှုမရှိသဖြင့် သုံးလတာအတွင်း ဆီးချိုသွေးချို အခြေအနေကို  သေချာစွာသိနိုင်သည်။ ထို့ကြောင့် ဆီးချိုရှိသူများအနေဖြင့် HbA1C ကို  သုံးလတစ်ကြိမ်ပုံမှန်စစ်ဆေးသင့်ပါသည်)

အချုပ်အားဖြင့်ဆိုသော် ပညာရှင်များ၏ သုံးသပ်ချက်များအရ လက်ရှိကာလ ကမ္ဘာတစ်ဝန်း သုည ဒသမ ၅၄ စက္ကန့်တိုင်းတွင် ဆီးချိုသွေးချိုဝေဒနာရှင် ၉၈၃၀၀၀၀၀၀ ဦးနှုန်း ပေါ်ထွက်လျက်ရှိကြောင်း ကြောက်ခမန်းလိလိ သိရသည်။ ဆီးချိုရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့တတ်သည့် ရောဂါမျိုးမဟုတ်သော်လည်း နာတာရှည်ရောဂါ ဖြစ်သဖြင့် ကုသရန်ခက်ခဲသည့် ရောဂါဖြစ်သည်။ ထိုရောဂါက သွေးတိုး၊ နှလုံး၊ လေငန်းရောဂါတို့ဖြင့် ဆက်နွှယ်နေသည့်အတွက် လူ့ဘဝသက်တမ်းကို စိန်ခေါ် နေသော ရောဂါဖြစ်သဖြင့် Precautionis better than Cure ဟု ဆိုသည့်အတိုင်း မိမိတို့ခန္ဓာတွင် ဆီးချိုရောဂါများ မဖြစ်အောင် အထူးသတိပြုကြိုတင် ကာကွယ်ထားဖို့လိုပါကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါသည်။  ။

ပေါက်ပေါက်