နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

နေ့စဉ်လူတို့ရဲ့ ပြုမူနေထိုင်စားသောက်ပုံအမှားကတစ်ဆင့် အသည်းရောဂါတွေရရှိလာတယ်။ လူသားတွေ အသက်ရှင်နေထိုင်ရေး အတွက် သဘာဝမဟုတ်တဲ့ ဓာတ်မြေသြဇာသုံးကာ သီးပင်စားပင်တွေစိုက်ပျိုးလာတယ်။ ပိုးမွှားအန္တရာယ်ကင်းဖို့ ပိုးသတ်ဆေးသုံး ကြတယ်။ ရရှိတဲ့ သီးပင်စားပင်တွေမှာ ဓာတ်ကြွင်းအန္တရာယ်ရှိနေတယ်။  လူတို့ပယောဂကြောင့်  မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး၊ ဘိန်း၊ ဆေးခြောက်၊ အရက်တို့က အသည်းရောဂါမျိုးစုံ ခံစားရရှိစေတယ်။ လူ့ပယောဂကြောင့် စားသောက်ကုန်တွေမှာ ဆိုးဆေးဓာတု ဆေးမှုန့်တွေရောနှောကာ လူသားတို့အသည်းကိုထိခိုက်စေတယ်၊ ဓာတုပိုးသတ်ဆေးတွေဓာတ်မြေသြဇာဆီကျခြင်း၊ အပင်အားဆေး၊ အသီးအားဆေး၊ အရွက်အားဆေးအထားခံဖို့ ဖော်မလင်စတဲ့ မသုံးသင့်တဲ့ဓာတုဆေးများ အသုံးပြုတဲ့လူတွေကြောင့်   အသည်းရောဂါ ဖြစ်လာကြတယ်။

ရောဂါလက္ခဏာတွေက ကိုယ်စိတ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ထွေပြားခြင်း၊ အော်ဂလီဆန်ခြင်းများ ဖြစ်လေ့ရှိတယ်။ ကပ်ပါးပိုး ကြောင့် အသည်းရောဂါများရနိုင်တယ်။

အမီးဘားဝမ်းကိုက်ပိုးကြောင့် ဝမ်းကိုက်ပိုးအသည်းကိုရောက်ရှိခြင်းဖြစ်စေနိုင်တယ်။ အမီးဘားက အသည်းမှာ ပြည်တည်နာ ဖြစ်တယ်။ လူနာရဲ့ အသည်းကကြီးလာပြီး ညာဘက်နံစောင်းအောင့်လာတယ်။ အဖျားတက်လာတယ်။ တက်လိုက်ကျလိုက်၊ တုန်ပြီး ဖျားလို့ ငှက်ဖျားနဲ့မှားတတ်တယ်။

ရောဂါပျောက်ကင်းအောင် ဆေးပတ်လည်အောင် မကုသပါက အသည်းထဲက ပြည်တည်နာပေါက်ပြီး အဆုတ်၊ နှလုံးစတဲ့  အခြား အင်္ဂါအစိတ်အပိုင်း ရောက်သွားလို့ အသက်အန္တရာယ်ဖြစ်စေတယ်။ ငှက်ဖျားပိုးကြောင့် အသည်းကြီးနိုင်တယ်။ ငှက်ဖျားပိုးက ခန္ဓာကိုယ်ထဲဝင်ရောက်တဲ့အခါ ပထမဆုံး တိုက်ခိုက်ခံရတဲ့အင်္ဂါက အသည်းဖြစ်တယ်။ ခန္ဓာ ကိုယ်ထဲဝင်ရောက်တဲ့ ဗက်တီးရီးယားက အသည်းဆဲလ်တွေဆီရောက်ရှိပြီး အသည်းရောင်ခြင်းဖြစ်တယ်။ သန်လုံးကောင်စတဲ့ သန်ကောင်ကပ်ပါးပိုးကြောင့် သည်းခြေပြွန် တစ်လျှောက် ပိတ်ဆို့ကျောက်တည်နိုင်တယ်။ အချို့ရောဂါရှင်တို့ဟာ လက်ပတိုစပိုင်ရိုးဆစ်ကြောင့် အသည်းရောင်အသားဝါဖြစ်ပြီး သွေးဆိပ်တက်ခြင်းဖြစ်ကာ အသက်ဆုံးရှုံးနိုင်တယ်။ ကြွက်ရဲ့ ကျင်ငယ်ရည်က တစ်ဆင့်လည်း ရောဂါရစေနိုင်တယ်။

လက်ပတိုစပိုင်ရိုးဆစ်ဟာ ခွေး၊ ဝက်၊ ကြက်၊ ငှက်တို့ရဲ့ သွေးနဲ့ကျင်ငယ်ရည်တွေမှာ ပါဝင်နိုင်သေးတယ်။ အကြောင်းအမျိုးမျိုးနဲ့   သွေးထဲရောက်ရှိခဲ့ရင် အပူချိန်မြင့်မားခြင်း၊ ချမ်းတုန်ခြင်း၊ ဆီးနှင့်အရေပြားဝါခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက သွေးယိုစိမ့်ခြင်း တို့ဖြစ်တတ်တယ်။ အထင်ရှားဆုံးက ရောဂါသည်ရဲ့ မျက်လုံးအိမ်အဖြူမှာပါ သွေးခြည်ဥလာခြင်းဖြစ်တယ်။ ခန္ဓာကိုယ်ကြွက်သား တွေအထိ မခံနိုင်အောင် နာကျင်ပြီး  အသည်းရောင်ခြင်း၊  နှလုံးရောင်ခြင်း၊ အစာအိမ်အူလမ်းကြောင်း ရောင်ခြင်းဖြစ်စေတယ်။ ထိရောက်သေချာစွာ မကုသပါက သေဆုံးနိုင်တယ်။

သည်းခြေကျောက်ဟာ သွေးအတွင်း ကိုလက်စထရောမြင့်မားရာက သည်းခြေပြွန်မှာ အဆီအခဲပိတ်ဆို့ခြင်း၊ သန်ကောင်ပိတ်ဆို့ခြင်း၊ သည်းခြေရည် မထွက်နိုင်ဘဲ ပိတ်ဆို့ခြင်းတို့ကြောင့်ဖြစ်စေတယ်။ ဝေဒနာလုံးဝမပြဘဲ သေတဲ့အထိရှိနေနိုင်တယ်။ ဝေဒနာလက္ခဏာ လုံးဝမပြဘဲ ရှိနေတတ်တယ်။ မခံမရပ်နိုင် ညာဘက်နံစောင်းအပေါ်နားက အောင့်ခြင်း၊ အသားဝါခြင်း၊ ဆီးဝါခြင်း၊ အဖျားကြီး ခြင်းတို့မှာ သည်းခြေကျောက်ရဲ့ လက္ခဏာဖြစ်တယ်။ ဆေးသောက်ပါက ခဏသာသက်သာပြီး ပြန်ဖြစ်တယ်။ ရုတ်တရက် သည်းခြေ အိတ်ရောင်ခြင်းသည် သည်းခြေပြွန်ပိတ်ခြင်းကြောင့် ဖြစ်လာရတယ်။

နာတာရှည်သည်းခြေအိတ်ရောင်ခြင်းမှာ အစာစားပြီးပါက ဝမ်းဗိုက်ညာဘက်အထက်ပိုင်းမခံမရပ်နိုင်အောင် နာကျင်လာတယ်၊ သည်းခြေကျောက်ရဲ့ဆိုးကျိုးက သည်းခြေအိတ်ပြည်တည်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ သည်းခြေအိတ်နှင့် အူသိမ် သို့မဟုတ် အူမကြီးကြား လမ်းကြောင်းလွှဲဖြစ်ပေါ်ခြင်း အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ သည်းခြေအိတ်ကင်ဆာဖြစ်ခြင်းတို့ ဖြစ်တယ်။ အသက်ကြီး သူ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အဝလွန်သူများ ရုတ်တရက် ကိုယ်အလေးချိန်လျှော့ချသူများ၊ သည်းခြေကျောက် တည်ခြင်းမျိုးရိုးရှိသူများ၊  သည်းခြေရည်စီးဆင်းမှု မကောင်းခြင်း ဥပမာ- အစာအာဟာရကို သွေးကြောမှရရှိသူတွေမှာ ရောဂါဖြစ်နိုင် တယ်။

အသည်းရောင်စေတဲ့ရောဂါပိုးမွှားတွေမှာ အသည်းရောင်ဗိုင်းရပ် အေဘီစီ၊ ဒီအီးနဲ့ ဆိုင်တိုမက်ကလိုဗိုင်းရပ်၊ ဟားပီးဗိုင်းရပ်အဝါဖျား ဗိုင်းရပ်တို့ဖြစ်တယ်။ အသည်းရောင်ဗိုင်းရပ်အနေနဲ့ အီးအက်ဖ်တို့ဟာ ရေနှင့်အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တယ်၊ အပြင်းအထန် အသားဝါ၊ ဆီးဝါ၊ ဖျားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အလိုအလျောက်ပျောက်နိုင်တယ်။ အသည်းရောင် ဘီစီဒီနဲ့ဂျီတို့ဟာ ရောဂါရှိသူနဲ့ လိင်တူလိင်ကွဲဆက်ဆံခြင်း၊ ရောဂါရှိသူရဲ့သွေးသွင်းမိခြင်း၊ ရောဂါရှိသူရဲ့ သွားပွတ်တံ၊ လက်သည်းညှပ် မုတ်ဆိတ်ရိတ်ဓား၊  ရောဂါကုသပေးတဲ့ဆရာဝန်၊ သူနာပြုတွေမှာ အပ်စူးတာကတစ်ဆင့် ကူးစက်နိုင်တယ်။

အသည်းရောင်ဆိုင်းရပ်မှာ ကာကွယ်ဆေးရှိတယ်။ ကလေးကာကွယ်ဆေး ငါးမျိုးထိုးခြင်း။ (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်၊  ဦးနှောက်အမြှေးရောင်)  ဆေးငါးမျိုးပါ  ကာကွယ်ဆေးကို နှစ်လ၊ လေးလနဲ့ ခြောက်လအရွယ်မှာ ထိုးပေးလေ့ ရှိတယ်။  လူကြီးတွေ အသည်းရောင်ဘီကာကွယ် ဆေးကို တစ်လတစ်ကြိမ်၊ သုံးလဆက် သုံးကြိမ်ထိုးသင့်တယ်။ ပထမအကြိမ်ထိုးပြီး ငါးနှစ်မှာ အသည်းရောင် ဘီကာကွယ်ဆေးထိုးခြင်းက ဘဝတစ်သက်တာ အသည်းရောင်ကာကွယ်ပြီးဖြစ်တယ်။

အသည်းရောင်စီမှာ ကုသဆေးရရှိနေပါပြီ။ ဆေးဝါးအတွက် ငွေကုန်ကျမှုများပြားလှတယ်။ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ အသည်းဝါစီနဲ့ အခြားရောဂါ ဥပမာ- HIVသို့မဟုတ် အသည်းရောင် ဘီကူးစက်သူတွေမှာ အသည်းရောင်စီ ကူးစက်ခံရသူများကို ဦးစားပေးကုသစစ်ဆေးပေးနေပါတယ်။ အသည်းရောင်ခြင်းအမျိုးမျိုးထဲမှ လူကြောင့်ဖြစ်တဲ့ အသည်းရောင် ခြင်းမှာ (အဓိက) အရက်သောက်ခြင်း

ကြောင့်ဖြစ်တယ်။ ဒေသသုံး ချက်အရက်တွေမှာ ယူရီးယားဓာတ်မြေသြဇာ၊ ပလတ်စတစ်၊ အင်းရင်း၊ ဆာလဖျူရစ်အက်စစ်စတဲ့   သောက်သုံးရန်လုံးဝမဖြစ်သင့်တဲ့ ဓာတ်ပစ္စည်းတွေနဲ့ ချက်လုပ်ထားလို့ ရေရှည်သောက်သုံးသူများ အသည်းရောင်ရောဂါ မြန်မြန် ဖြစ်စေပါတယ်။ တစ်ဆက်တည်း သောက်သုံးသွားပါက ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်ပျက်စီးစေခြင်း၊ အသည်းပျက်စီးစေခြင်း၊ အစာအိမ် အူလမ်းကြောင်း ပျက်စီးစေခြင်း၊ နှလုံးနှင့်သွေးကြောစနစ်ပျက်စီးစေခြင်း၊  ဦးနှောက်နှင့်အာရုံကြောစနစ်ပျက်စီးစေခြင်း စတဲ့ဆိုးကျိုး များသာ ခံစားရပြီး အရွယ် မတိုင်ခင် အသည်းကြွပ်ဆတ်ရောဂါ၊ အသည်းကင်ဆာရောဂါတို့နှင့် ကွယ်လွန်သွားကြရပါတယ်။ ထို့ကြောင့် အသည်းရောဂါကို အဓိကဖြစ်စေသောအရက်ကို တတ်နိုင်သမျှရှောင်ကြဉ်ကြစေလိုကြောင်း ရေးသားလိုက်ရပါတယ်။   ။

(ဒေါက်တာလွင်သန့်)