နေထိုင်စားသောက်မှုစရိတ် မြင့်တက်လာတဲ့အတွက် ဝင်ငွေလျော့နည်းလာတဲ့ အမေရိကန် နိုင်ငံသားများ

အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာနဲ့အမျှ နေထိုင်စားသောက်မှုစရိတ်လည်း မြင့်တက် လာရတဲ့အတွက် လူလတ်တန်းစား အမေရိကန်နိုင်ငံသားလေးဦးမှာ သုံးဦးက ဝင်ငွေလျော့နည်းတယ်လို့ ခံစားလာရပါတယ်။

လူလတ်တန်းစား အမေရိကန်နိုင်ငံသား ၇၅ ရာခိုင်နှုန်းကျော်ဟာ အခုဆိုရင် တစ်နှစ်ကိုဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကနေ တစ်သိန်းကြားသာရရှိတော့ကြောင်းနဲ့ သူတို့ရဲ့ဝင်ငွေအများစုဟာလည်း နေထိုင်စားသောက်မှုစရိတ်နဲ့သာ ကုန်ဆုံးသွားရတယ်လို့ ဆိုလာပါတယ်။

အဲဒီအတွက် အမေရိကန်နိုင်ငံဟာ ဒီနှစ်အကုန်မှာပဲ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပညာရှင်များရဲ့သုတေသနမှာပါဝင်ဖြေဆိုသူ ၇၇ ရာခိုင်နှုန်းက ယုံကြည်ထားပါတယ်။

ဒါကြောင့်ပဲ အမေရိကန်နိုင်ငံသားအများစုဟာ နိုင်ငံအနေနဲ့ဖြစ်လာနိုင်တဲ့ စီးပွားရေးကျဆင်းမှု အခြေအနေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဆောင်ရွက်ချက်တချို့ကို လုပ်ဆောင်လာတာ တွေ့ရပါတယ်။

ဒီဆောင်ရွက်ချက်တွေထဲမှာ  ပြည်သူတွေအနေနဲ့အသုံးစရိတ်ချွေတာခြင်း၊  ငွေကုန်ကြေးကျများတဲ့ ဝယ်ယူမှုများကို ဆိုင်းငံ့ထားခြင်း၊ ပင်စင်မယူခင်အချိန်အထိ ရနိုင်သမျှအလုပ်လုပ်ရန် ပြင်ဆင်ခြင်းတို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံသား ၁၀ ရာခိုင်နှုန်းကျော်ကလည်း ၂၀၂၁ ခုနှစ်ထက်စာရင် သူတို့ရဲ့အကြွေးဝယ်ကတ်စနစ်တွေအပေါ် မှီခိုမှုက အခုအချိန်မှာပိုများလာတာကိုလည်း တွေ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုဟာ ၉ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်သွားတာပါ။

ဒီပမာဏဟာ  ၁၉၈၁ ခုနှစ်နောက်ပိုင်း စံချိန်တင်ငွေကြေးဖောင်းပွမှု ဖြစ်ပါတယ်။

စစ်တမ်းကောက်ယူသူတွေရဲ့လေ့လာတွေ့ရှိချက်အရတော့ အမေရိကန်နိုင်ငံသား ၅၄ ရာခိုင်နှုန်းက သူတို့ရဲ့ဝင်ငွေနဲ့ ပတ်သက်ပြီး အကောင်းမြင်စိတ်လေး ရှိကြပါသေးတယ်။

ဒါပေမဲ့လည်း ဒီပမာဏဟာ ပြီးခဲ့တဲ့ မတ်လကာလကထက် အကောင်းမြင်စိတ်ရှိသူ ၆ ရာခိုင်နှုန်းလျော့နည်း ကျဆင်းသွားတယ်ဆိုတာကိုတော့  လေ့လာသူတွေရဲ့ ထုတ်ပြန်ချက်မှာ မြင်တွေ့ရပါတယ်။     

Ref: RT