နှစ် ၄၀ အတွင်း အမြင့်ဆုံးသောငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတဲ့ ကနေဒါ

ကနေဒါနိုင်ငံဟာ အမေရိကန်နဲ့ဗြိတိန်နိုင်ငံတို့လိုပဲ နှစ်ပေါင်း ၄၀ အတွင်း  အမြင့်ဆုံးသော ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံစာရင်း ဝင်လာပါပြီ။

ပြီးခဲ့တဲ့ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုကိုတိုင်းတာတဲ့ စားသုံးသူဈေးနှုန်းများ အညွှန်းကိန်းဟာ ၈ ဒသမ ၁ ရာခိုင်နှုန်းအထိကိုမြင့်တက်သွားခဲ့တာပါ။

အဲဒီမတိုင်ခင်  မေလအတွက် စားသုံးသူဈေးနှုန်းများ အညွှန်းကိန်းက ၇ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိနေခဲ့တာ ဖြစ်တယ်လို့ ကနေဒါစာရင်းအင်းရုံးက ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုလိုမျိုးငွေကြေးဖောင်းပွမှုပမာဏဟာ ကနေဒါနိုင်ငံအတွက်တော့ ၁၉၈၃ ခုနှစ် ဇန်နဝါရီလကစလို့ နှစ်အလိုက် အမြင့်ဆုံးသောငွေကြေးဖောင်းပွမှုဖြစ်တာကိုတွေ့ရပါတယ်။

ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းက စက်သုံးဆီဈေးနှုန်း မြင့်မားလာခြင်းကြောင့် ဖြစ်ပါတယ်။

မြင့်တက်လာတဲ့ စက်သုံးဆီဈေးနှုန်းပမာဏက တစ်နှစ်ထက်တစ်နှစ်ကို ၅၄ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာတာဖြစ်တယ်လို့  ကနေဒါစာရင်းအင်းရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အလားတူကာလအတွင်း ငွေကြေးဖောင်းပွမှုက ၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိပေမယ့် ဒီနှစ်မှာတော့ နာရီအလိုက်ရရှိတဲ့လုပ်အားခဟာ  မြင့်တက်လာတဲ့ငွေကြေးဖောင်းပွမှုနဲ့မကာမိတော့ပါဘူး။

ကနေဒါနိုင်ငံဟာ နှစ်ပေါင်း ၄၀ အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးနဲ့ ရင်ဆိုင်ရတယ် ဆိုသော်ငြားလည်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့လောက်တော့ မဆိုးသေးပါဘူး။

ဇွန်လအတွင်း အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုက ၉ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဗြိတိန်နိုင်ငံက ၉ ဒသမ ၄ ရာခိုင်နှုန်းစီ အသီးသီးရှိပါတယ်။

ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့်  စက်သုံးဆီ ရရှိနိုင်မှုခက်ခဲခြင်း၊ သဘာဝဓာတ်ငွေ့တင်ပို့နေတဲ့ရုရှားကို အနောက်အုပ်စုက အရေးယူပိတ်ဆို့မှုများ ချထားတဲ့အတွက် ဓာတ်ငွေ့ရရှိမှုနည်းပါးခြင်းတို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီး နိုင်ငံများဟာ မြင့်မားလှတဲ့ငွေကြေးဖောင်းပွမှုနဲ့  ရင်ဆိုင်နေရတာဖြစ်ပါတယ်။                                    

Ref: RT