တောင်ကိုရီးယားက ကုမ္ပဏီများ၊ အလုပ်သမားများနဲ့ စတော့ရောင်းဝယ်သူများကို အခွန်ကောက်မှုလျှော့ချမည်

တောင်ကိုရီးယားအစိုးရက ပုဂ္ဂလိကကဏ္ဍဦးဆောင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူ ဖြစ်စေဖို့ ကုမ္ပဏီများ၊ အလုပ်သမားများနဲ့ စတော့ရောင်းဝယ်သူများအပေါ် အခွန်ကောက် ခံနေမှုကို လျှော့ချဖို့ပြင်ဆင်နေပါတယ်။

ဒီအတွက် ကုမ္ပဏီလုပ်ငန်းအခွန်ကို လက်ရှိကောက်ခံနေတဲ့ ၂၅ ရာခိုင်နှုန်းမှသည် ၂၂ ရာခိုင်နှုန်းအထိ လည်းကောင်း၊ လခစားအလုပ်သမား အများအပြားကိုလည်း ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းသာပေးရတဲ့ ဝင်ငွေနည်းအခွန်ထမ်းပြည်သူစာရင်းထဲ ထည့်သွင်းခြင်းဖြင့် လည်းကောင်း အခွန်ကောက်ခံမှု လျှော့ချဖို့ ပြင်ဆင်နေတယ်လို့ တောင်ကိုရီးယားအစိုးရက ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီနှစ်အတွင်း ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့ စတော့ဈေးကွက်ပြန်လည်ဦးမော့စေဖို့အတွက် စတော့ရောင်းဝယ်မှုလုပ်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကို သူတို့ရရှိတဲ့အမြတ်ငွေအပေါ်  အခွန်ကောက်ခံမှု ကင်းလွတ်ခွင့်ပေးဦးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ စတော့တစ်ခုတန်ဖိုး ဝမ် ၁၀ ဘီလီယံကျော်ရှိတဲ့ ကုမ္ပဏီကြီးတွေမှာ စတော့ကစားနေသူတွေကိုတော့ ကင်းလွတ်ခွင့်ပေးမှာမဟုတ်ပါဘူး။

အခုလိုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်က အခွန်အကောက်ဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီဖြစ်စေဖို့၊ ဈေးကွက်များနဲ့ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေဖို့ ဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ငွေကြေးဖောင်းပွမှုများကြောင့်    ဒီနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှေးကွေးနိုင်တာကို ကုစားမယ့်အနေနဲ့ အာရှဒေသရဲ့ စတုတ္ထစီးပွားရေးအင်အားကြီး နိုင်ငံက အခုလိုမျိုးအစီအမံတွေကို လုပ်ဆောင်လာတာပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ ဇွန်လအတွင်း ပို့ကုန်တင်ပို့ရမှုပမာဏဟာ ပြီးခဲ့တဲ့ ၁၉ လအတွင်း အနည်းဆုံးနှုန်းထား ဖြစ်ပြီး ဇန်နဝါရီလကနေ  ဇွန်လအတွင်း ကုန်သွယ်ရေးလိုငွေပြမှုကလည်း   စံချိန်တင်ခဲ့ပါတယ်။

အလားတူ  သွင်းကုန်တင်သွင်းမှုဈေးနှုန်းများ မြင့်တက်လာတာကြောင့် နိုင်ငံ့စီးပွားရေး ထက်ဝက်ခန့်ကို လည်ပတ်နေတဲ့ ပုဂ္ဂလိကစားသုံးမှုအပေါ် ကြီးစွာသော သက်ရောက်မှုတွေ  ဖြစ်ပေါ်လာစေပါတယ်။

Ref: CNA