တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ဆုရရှိခဲ့သည့် ကျောင်းများမှ တာဝန်ရှိသူတို့၏ ဝမ်းသာပီတိ စကားသံများ

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ဆုရရှိခဲ့သည့် ကျောင်းများမှ တာဝန်ရှိသူတို့၏ ဝမ်းသာပီတိ စကားသံများ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူး  ၂ ဘာသာနှင့်အထက် အောင်မြင်ခဲ့သော စစ်သည်များ၊ ဂုဏ်ထူး ၅ ဘာသာ၊ ၆ ဘာသာဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ရရှိသော တပ်မတော် အခြေခံပညာ အထက်တန်းကျောင်းနှင့် တပ်မတော်ပညာရေးကျောင်းတို့မှ ကျောင်းအုပ်ကြီးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ဇေယျာသီရိခန်းမ၌ ခမ်းခမ်းနားနား ကျင်းပရာ အဆိုပါ အခမ်းအနားတွင် ဆုရရှိခဲ့ကြသူများ၏ ဝမ်းသာပီတိ ရင်တွင်း စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးကြီးတင်ဇော်လတ် (အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ - အတွင်းရေးမှူး)

  ဒီနေ့ကျင်းပတဲ့ အခမ်းအနားမှာ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်နဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ စစ်မှုထမ်းဆဲ၊     စစ်မှုထမ်းဟောင်း၊ စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းတွေရဲ့ သား၊ သမီးတွေထဲက ဂုဏ်ထူး ၆ ဘာသာရရှိသူ ၈၃ ဦး၊ ဂုဏ်ထူး ၅ ဘာသာရရှိသူ ၁၉၁ ဦး၊ ဂုဏ်ထူး ၂ ဘာသာရရှိသူ စစ်သည် ၆ ဦး၊ ဂုဏ်ထူး ၅ ဘာသာ၊ ၆ ဘာသာရရှိပြီး ထပ်မံ၍ ဘက်စုံထူးချွန် လူငယ်ဆုရရှိသူ ၁၈ ဦး၊ အောင်ချက် အကောင်းဆုံး ပထမ၊ ဒုတိယ၊  တတိယရရှိတဲ့ တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းတွေနဲ့ တပ်မတော်ပညာရေးကျောင်းတွေကိုလည်း ဆုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။   ဆုချီးမြှင့်မှု အနေနဲ့ ဂုဏ်ထူး ၆ ဘာသာရရှိသူတွေကို  ဂုဏ်ထူး ၁ ဘာသာကို ရွှေတစ်မတ်သားနှုန်းနဲ့ ရွှေ ၁ ဒသမ ၅ ကျပ်သားနှုန်းနဲ့ ငွေသားဆု အနေနဲ့ ၁ ဘာသာကို ကျပ် ၅၀၀၀၀ နှုန်းနဲ့ ငွေကျပ် ၃၀၀၀၀၀၊ ဂုဏ်ထူး ၅ ဘာသာ ရရှိသူတွေကို ဂုဏ်ထူး ၁ ဘာသာကို ရွှေ တစ်မတ်သားနှုန်းနဲ့ ရွှေ ၁ ဒသမ ၂၅ ကျပ်သားနှုန်းနဲ့ ငွေသားဆုအနေနဲ့ ၁ ဘာသာကိုငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ ငွေကျပ် ၂၅၀၀၀၀၊ ဂုဏ်ထူး ၂ ဘာသာရရှိတဲ့ စစ်သည်တွေကို ဂုဏ်ထူး ၁ ဘာသာကို ရွှေတစ်မတ်သားနှုန်းနဲ့ ရွှေငါးမူးသားနဲ့ ငွေသားဆုအနေနဲ့ ၁ ဘာသာကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ ငွေကျပ် ၁၀၀၀၀၀၊ ဘက်စုံထူးချွန် လူငယ်ဆု ရရှိသူတွေကို တစ်ဦးကို ရွှေသုံးမတ်သားနဲ့  ငွေကျပ် ၁၅၀၀၀၀၊ အောင်ချက် အကောင်းဆုံး (ပထမ၊ ဒုတိယ၊ တတိယ) ရရှိတဲ့ တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းတွေကို  ပထမဆု ငွေကျပ်သိန်း ၅၀၊ ဒုတိယဆုငွေကျပ် သိန်း ၃၀၊ တတိယဆု   ငွေကျပ်သိန်း ၂၀ နဲ့ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယရရှိတဲ့  တပ်မတော်ပညာရေး ကျောင်းတွေကို ပထမဆုငွေ ကျပ်သိန်း ၃၀၊ ဒုတိယဆုငွေကျပ်သိန်း ၂၀၊ တတိယဆု ငွေကျပ် ၁၀ သိန်းကို အသီးသီးချီးမြှင့် ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေမှာလည်း ဂုဏ်ထူး ၄ ဘာသာနှင့်အောက် ရရှိတဲ့ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းနဲ့  စစ်သည်အစားခန့် အရပ်သားဝန်ထမ်းတွေရဲ့  မိသားစုဝင် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဂုဏ်ထူး ၁ ဘာသာနဲ့အောင်မြင်တဲ့ စစ်သည်တွေနဲ့ ဘက်စုံထူးချွန်လူငယ်ဆု   ရရှိသူတွေ၊ နိုင်ငံတော်အဆင့်  ဆောင်းပါး၊ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီပြိုင်ပွဲတွေမှာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူတွေနဲ့ တက္ကသိုလ်ပညာသင်ဆု ရရှိသူတွေကိုလည်း ဆုချီးမြှင့်ပေးသွားမှာဖြစ်ပြီး   ဆုတွေကို စစ်ရေးချုပ်ရုံးက လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

ဗိုလ်မှူးရဲမြင့်အောင် (ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ- အမှတ်(၂)   အခြေခံပညာအထက်တန်းကျောင်း၊  မင်္ဂလာဒုံ၊ အောင်ဆန်းသူရိယလှသောင်းကျောင်း)

    ကျွန်တော်တာဝန်ယူ အုပ်ချုပ်တဲ့ကျောင်းက အစဉ်အလာကောင်းတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ   တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၂၈၄ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၂၂၀ ဦး အောင်မြင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောရမယ်ဆိုရင် ၇၇ ဒသမ ၄၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၆ ဘာသာဂုဏ်ထူးရှင် ၁၂ ဦး အပါအဝင် ဂုဏ်ထူးရသူ ၁၄၃ ဦး ရှိခဲ့ပါတယ်။ အဲဒါကြောင့် နိုင်ငံတစ်ဝန်းမှာရှိတဲ့ တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းတွေထဲမှာ အောင်ချက်အကောင်းဆုံး ပထမဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှာဆိုရင်လည်း တက္ကသိုလ်ဝင် စာမေးပွဲကို ၂၄၁ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၂၁၃ ဦး အောင်မြင်ခဲ့တဲ့အတွက် အောင်ချက် ၈၈ ဒသမ ၃၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၆ ဘာသာဂုဏ်ထူးရှင် ခြောက်ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄ ဦး၊  ၄ ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၄ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၆၈ ဦး၊ စုစုပေါင်း  ဂုဏ်ထူးရှင်    ၁၄၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း တပ်မတော်အခြေခံပညာ အထက်တန်းကျောင်းတွေထဲမှာ ပထမရရှိခဲ့တဲ့အပြင် မြန်မာတစ်နိုင်ငံလုံးမှာ  အောင်ချက်အကောင်းဆုံး ကျောင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ချီးမြှင့်တဲ့ ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားတွေမှာ  အောင်ချက် အကောင်းဆုံးပထမဆုကို ၂၀၁၂ ခုနှစ်ကနေ အခုနှစ်အထိ ၁၀ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုလို အောင်မြင်မှု ရရှိခဲ့တာကလည်း ကျောင်းသား၊ ကျောင်းသူတွေကို အစဉ်အဆက် သင်ကြားပို့ချပေးခဲ့တဲ့  ဆရာကြီး၊  ဆရာမကြီးတွေရဲ့ ကြိုးစားအားထုတ်မှု၊    ကျောင်းသား၊ ကျောင်းသူတွေရဲ့ အတန်းစဉ်ကြိုးစားခဲ့မှု၊ ဆရာ၊  ဆရာမတွေရဲ့ စေတနာအပြည့်အဝနဲ့ ပညာသင်ကြားပေးမှု၊ မိဘတွေရဲ့ ဝိုင်းဝန်းကြပ်မတ်မှု၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ရှိသူတွေရဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ဖြစ်ပါတယ်။ နောင်လာမယ့် ပညာသင်နှစ်တွေမှာလည်း အခုထက်ပိုပြီး အောင်မြင်မှုတွေ ရရှိဖို့အတွက် ကျွန်တော့်အနေနဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ပြောချင်ပါတယ်။

ဗိုလ်လောင်းနိုင်ဝေလင်းထွန်း (၅ ဘာသာဂုဏ်ထူးရှင်)

    ၂၀၁၉ - ၂၀၂၂ ပညာသင်နှစ်မှာ ဝိပ္ပံဘာသာတွဲနဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ၅ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိမှာ တပ်မတော်နည်းပညာ တက္ကသိုလ်မှာ တက်ရောက်နေပါတယ်။ တပ်မတော်မှာ   တာဝန်ထမ်းဆောင်ဖို့ ကျွန်တော့်အနေနဲ့ ယခင်ကတည်းက ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။   ဒါကြောင့်လည်း အခုလို တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သင်တန်း တက်ရောက်လျက် ရှိပါတယ်။  တပ်မတော် အကြီးအကဲတွေ အနေနဲ့ အခုလိုမျိုးချီးမြှင့်မှုတွေကို အခမ်းအနားနဲ့   လုပ်ဆောင်ပေးတဲ့အတွက် ကျွန်တော်တို့လို  တာဝန်ထမ်းဆောင်ဆဲ စစ်သည်တွေရော၊  အရပ်သားတွေရော ဝမ်းသာဂုဏ်ယူနေမယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။

ဒုတိယတပ်ကြပ်ဝေဂျူး(၂ ဘာသာဂုဏ်ထူးရှင်)

    ကျွန်တော်  တာဝန်ထမ်းဆောင်တဲ့ မိခင်တပ်ရင်းကို ရောက်တော့ တပ်မှာရှိတဲ့ တပ်ရင်းမှူးနဲ့ အရာရှိတွေက တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေဖို့အတွက် တိုက်တွန်းခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ တပ်မတော်ပညာရေး သင်တန်းကျောင်းမှာ တက္ကသိုလ် ဝင်တန်းကို ပြန်လည် တက်ရောက်စေခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်လို ပညာရေး တစ်ပိုင်းတစ်စနဲ့ တပ်မတော်ထဲကို ဝင်ရောက်လာခဲ့တဲ့ သူငယ်ချင်းတွေ အများကြီး တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုဗစ်-၁၉ ရောဂါကြောင့် စာမေးပွဲ မဖြေလိုက်ရပါဘူး။  ဒါကြောင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ကို စာမေးပွဲဖြေဆိုဖို့အတွက် တပ်မတော်ပညာရေး သင်တန်းကျောင်းက  ပြန်လည်ခေါ်ယူ ခဲ့ပါတယ်။

စာမေးပွဲမှာ ရူပဗေဒနဲ့ သမိုင်းဘာသာတို့မှာ ဂုဏ်ထူးတွေ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့လို ပညာရေး တစ်ပိုင်းတစ်စနဲ့ တပ်မတော်ထဲကို ဝင်ရောက်လာခဲ့တဲ့ တပ်မတော်သားတွေရဲ့ပညာရေးအတွက် ပညာရေးသင်တန်းကျောင်းတွေ ဖွင့်လှစ်ပြီး စနစ်တကျစီစဉ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။

ကြိုးစားချင်တဲ့စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် ကြိုးစားခွင့် ရရှိမှာဖြစ်သလို အခြားစစ်သည်တွေ အတွက်လည်း ကြိုးစားချင်တဲ့ စိတ်တွေဖြစ်လာစေမှာဖြစ်ပါတယ်။

ပညာရေးသင်တန်းကျောင်းမှာ သင်တန်းတက်နေတဲ့ ကာလမှာဆိုရင် ကျွန်တော်တို့ရဲ့   ပညာရေးအတွက် စနစ်တကျ သင်ကြားပေးတဲ့အပြင် ကျန်းမာရေး၊ စားရေးသောက်ရေးနဲ့ တခြား လိုအပ်တာတွေကိုလည်း စနစ်တကျ စီမံကြပ်မတ်ပေးတဲ့အတွက် အခုလိုအောင်မြင်မှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အခုလိုမျိုး ဆုချီးမြှင့်ပေးတဲ့အတွက် တပ်မတော်သား တစ်ယောက်အနေနဲ့ အင်မတန် ဂုဏ်ယူမိပါတယ်။

မမေဆင်းသစ်(၆ ဘာသာဂုဏ်ထူးရှင်)

    သိပ္ပံတွဲကို    ၆ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ)မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းဆောင်ဆဲ  အရာရှိ၊ စစ်သည်တွေနဲ့  စစ်မှုထမ်းဟောင်းတွေ၊ စစ်သည်အစားခန့် အရပ်သားဝန်ထမ်းတွေရဲ့  သားသမီးတွေကို  အခုလိုမျိုး အခမ်းအနားနဲ့   ချီးမြှင့်ပေးတဲ့ အတွက် အရမ်းဝမ်းသာမိပါတယ်။ ကျွန်မတို့ကို   ကျောင်းစနေတဲ့ မူလတန်းကနေ အလယ်တန်း၊ အထက်တန်းအဆင့်အထိ တပ်မတော် အကြီးအကဲတွေနဲ့  တပ်မိ/တပ်ဖတွေ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့တွေက ပညာရေး မြှင့်တင်ဖို့အတွက်   ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေကို နှစ်စဉ်ထောက်ပံ့ ပေးတဲ့အပြင် အချိန်ပို စာဖတ်ဝိုင်းတွေနဲ့ တိုင်းစစ်ဌာနချုပ်တွေရဲ့ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ဘော်ဒါဆောင်တွေကိုလည်း ဖွင့်လှစ်ပြီး ကူညီထောက်ပံ့ ပေးလျက်ရှိပါတယ်။ တပ်မတော်အခြေခံ ပညာအထက်တန်းကျောင်းတွေနဲ့ တပ်မတော်ပညာရေး ကျောင်းတွေဖွင့်လှစ်ပြီး ဆရာ၊ ဆရာမတွေကလည်း စေတနာ၊  မေတ္တာ ပြည့်ပြည့်၀၀နဲ့ သင်ကြားပို့ချပေးလျက် ရှိပါတယ်။   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ဇနီးတို့ ကိုယ်တိုင် ဒီကနေ့ အခမ်းအနားကြီးကို တက်ရောက်ပြီး ကျွန်မတို့ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးတဲ့ အတွက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကိုယ်စား အထူးပဲ ကျေးဇူးတင်ဝမ်းသာမိပါတယ်။

မထက်နန္ဒာလင်း( ၅ ဘာသာဂုဏ်ထူးရှင်)

    တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲနဲ့ ဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး ၅ ဘာသာ ဂုဏ်ထူးနဲ့ ဖြေဆိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုဂုဏ်ပြု ချီးမြှင့်ပေးတဲ့ အတွက် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်။ ကိုယ်ကိုယ်တိုင် တစ်နှစ် ပတ်လုံး ကြိုးစားမှုရဲ့ အသီးအပွင့်ကို စားရတဲ့အတွက် ရလဒ်ကိုလည်းပီတိဖြစ်မိပါတယ်။ ကျောင်းတက်နေစဉ် ကာလအတွင်းမှာ မိဘတွေက အကောင်းဆုံးသော ဆရာဝန်၊ အကောင်းဆုံးသော ဂိုက်ဆရာ၊ ဆရာမတွေလို့ ပြောလို့ရပါတယ်။ တစ်ရက်စာ သင်ခန်းစာတွေ၊ တစ်ပတ်စာတွေကို မိဘတွေက နေ့စဉ် အပတ်စဉ် အတူတူပြန်လည် လေ့ကျင့်ပေးပါတယ်။  ဒီအကျိုးရလဒ်ကြောင့်ပဲ ၂၀၂၀ ပြည့်နှစ်မှာ လူရည်ချွန်ဆုရရှိခဲ့ပါတယ်။   အနာဂတ်မှာ  ကလေးအထူးကု ဆရာဝန်ဖြစ်ချင်ပါတယ်။

မောင်ဇင်မိုးမြင့် (၅ ဘာသာဂုဏ်ထူးရှင်)

    ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲကို သိပ္ပံဘာသာတွဲနဲ့ ဝင်ရောက်ဖြေဆိုခဲ့ပြီး ဂုဏ်ထူး ၅ ဘာသာ ရရှိခဲ့ပါတယ်။    ကျွန်တော်အခုလို အောင်မြင်ဖို့အတွက် ကျွန်တော့်ရဲ့မိဘနှစ်ပါးက အဓိက ကူညီပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် တပ်မတော်အကြီးအကဲတွေ အနေနဲ့  ကျွန်တော်တို့လို စစ်မှုထမ်းဆဲ အရာရှိ၊ စစ်သည်တွေရဲ့ သား၊ သမီးတွေအပြင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေရဲ့ သား၊ သမီးတွေကိုလည်း ပညာရေးမြှင့်တင်ဖို့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက် ပေးတဲ့အပြင် စည်းကမ်းတကျ ကြပ်မတ်ပြီး ကူညီပံ့ပိုးပေးခဲ့တဲ့ အတွက်လည်း အခုလိုထူးထူးချွန်ချွန် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အောင်မြင်ချင်တဲ့စိတ် အပြည့်နဲ့ ကြိုးစားခဲ့တဲ့အတွက် အခုလို အောင်မြင်ခဲ့တာလို့လည်း ပြောလို့ရပါတယ်။ တပ်မတော်အကြီးအကဲတွေကိုယ်တိုင် အခုလို ဆုချီးမြှင့်ပေးတဲ့အတွက် အင်မတန် ဝမ်းသာပီတိဖြစ်မိပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီးနဲ့တကွ တာဝန်ရှိသူတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကျွန်တော့်အနေနဲ့ အခုလက်ရှိ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ ပညာသင်ယူနေပါတယ်။ အနာဂတ်မှာ နိုင်ငံတော် အတွက်အားထားရတဲ့      ဆရာဝန် တစ်ယောက်ဖြစ်ချင်ပါတယ်။ ရည်မှန်းချက်အတိုင်း ဖြစ်အောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်။  ။     

    ပြည့်ဖြိုး(မြဝတီ)